က်ား
ကျားများသည် ယေဘုယျအားဖြင့် ၁၁ ပေခန့် ရှည်လျား၍ အလေးချိန်အားဖြင့် ၃၃၀ ကီလိုဂရမ် (၆၆၀ ပေါင်) ခန့်ရှိကြသည်။ ကျားတစ်ကောင်၏ အစွယ်သည် ယေဘုယျအားဖြင့် ၄ လက်မခန့် ရှည်သည်။ အချို့ကျားများသည် ၎င်းထက်ပင် ပို၍ ရှည်လျားကြသည်။ တောတွင်း သဘာဝပတ်ဝန်းကျင်တွင် အသက်အားဖြင့် ၁၀ နှစ်မှ ၁၅ နှစ်ခန့်ထိ နေထိုင်နိုင်ကြသည်။ ၎င်းကို ချုပ်လှောင်မွေးမြူထားပါက အသက် ၂၀ ထိ ရှည်နိုင်ကြသည်ကိုတွေ့ရသည်။ ခြင်္သေ့သည် အာဖရိကတိုက်များတွင် စိုးမိုးနေသည်ကို တွေ့ရသကဲ့သို့ ကျားသည်လည်း အာရှတိုက်တစ်ခွင်တွင် သားကောင်များပေါ်၌ မင်းမူလျက်ရှိသည်ကို တွေ့ရသည်။ အကယ်စင်စစ်ကျားမှာ ကျားဆရာကြောင်ဟုသော ဆိုရိုးစကားအတိုင်း ကြောင်မျိုးရင်း တွင်ပါဝင်သည်။ အိမ်တွင်လက်သတ်မွေးထားသော ကြောင်နှင့်နိုင်းစာကြည့်ပါက အရွယ်အစားကြီးမားခြင်းမှလွဲ၍ ခြားနားမှုများစွာ မရှိလှသည်ကို တွေ့ရသည်။
ကျာကျားသည် လူကို အလိုအလျောက် ရန်ပြုခဲသည်။ လူကို သတ်ဖြတ်စားသောက်ရန် အပတ်တကုတ် ကြိုးပမ်းအားထုတ်လေ့မရှိပေ။ သို့ရာတွင် လူ၏အသားကို တစ်ကြိမ်တစ်ခါမျှ မြိုးမြိုးမြက်မြက် စားလိုက်ရဖူးသော ကျားသည် လူကိုပင်လိုက်လံ သတ်ဖြတ်စားသောက်တတ်သည်။ ယခင်က စားခဲ့ဖူးသော အခြားအသားအားလုံးကို ပစ်ပယ်၍၊ လူ၏ အသားကိုသာ တန်းတန်းစွဲ တပ်မက်၍ နေသော ကျားမှာ အမှန်ပင် ကြောက်စရာကောင်းပေသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ရှိ တောထူထပ်သောနေရာများတွင် ကျားကို အလွန်တရာကြောက်ရွံ့ကြသည်။ အထူးသဖြင့် အိန္ဒိယတိုင်းရင်းသားများသည် ကျားကို လွန်စွာကြောက်ရွံ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရပ်ဒေသများတွင် တစ်နှစ်တစ်နှစ်လျှင် ကျားကြောင့် လူတစ်ထောင်မျှ သေဆုံးကြရသောကြောင့်ဖြစ်သည်။ အသက်အရွယ်ငယ်သေးသော ကျားပျိုများသည် သန်စွမ်းရဲရင့်ကြသဖြင့် ကျားအိုများထက် ပို၍ကြောက်စရာကောင်းသည်။ကျားသည် တောက်ပြောင်လှပသော အသွေးအမွေး၊ အချိုးအစားကျနပြေပြစ်သော ကိုယ်လုံးကိုယ်ထည်၊ ဖျတ်လတ်ပေါ့ပါးသော ကိုယ်ဟန်တို့ကြောင့်၊ ကြောင်မျိုးဝင် တိရိစ္ဆာန်အပေါင်းတို့တွင် အလှပဆုံးနှင့် အချိုးအကျဆုံးဖြစ်သည်။ အာရှတိုက်တစ်ခွင်လုံးတွင် ကျားအမျိုးမျိုး ရှိသည့်အနက် ဘင်္ဂလားကျားမျိုးမှာ လူသိအများဆုံးဖြစ်သည်။ အခြားအတော်အသင့် လူသိများသော ကျားမျိုးတို့မှာ မန်ချူးရီးယားကျား၊ ကော်ကေးရှားကျားနှင့် ပသျှူးကျားမျိုးတို့ ဖြစ်သည်။ လူသိအများဆုံး ဘင်္ဂလားကျား၏အသွေးအမွေးမှာ အခြားကျားများနှင့် မတူ၊ နီဝါဝါအရောင် ရှိပြီးလျှင် တစ်ကိုယ်လုံးတွင် အနက်ရောင် အစင်းကြီးများဖြင့် လှပစွာရှိသည်။ ကျားကို သဘာဝက ဤကဲ့သို့ မြေကြီးနှင့် ခွဲမရအောင် ရောင်စုံခြယ်၍ ပေးထားသောကြောင့် တောချုံ ပိတ်ပေါင်းများအကြား သို့မဟုတ် မြက်ရှည်တောကြီးများ၏ အလယ်တွင် ရှိနေလျှင်၊ ကျားမှန်း ရုတ်တရက် ခွဲခြားသိရှိနိုင်ရန် ခဲယဉ်းသည်။
ဆင်ဖြင့် ကျားဖမ်းပုံ
ကြောင်မျိုးတွင် ပါဝင်သော တိရစ္ဆာန်များမှာရေနှင့် များစွာမနီးစပ်ကြချေ။ သို့သော် ကျားမှာ ဤသို့မဟုတ်ဘဲ တစ်မျိုးတစ်ဖုံ ထူး နေသည်ကို တွေ့ရသည်။ ကျားသည် ရေကူး ကျင်လည်၏။ ထိုမျှသာမက အလွန့်အလွန်အခက်အခဲ အကျဉ်းအကျပ်နှင့်တွေ့သည့်အခါများတွင် သစ်ပင်ကိုပင် တက်နိုင်သေးသည်။ ကြောင်ကဲ့သို့ ညည့်အချိန်တွင် ပို၍ မျက်စိစူးသဖြင့် နေ့အချိန်တွင် သားကောင်လိုက်လေ့ မရှိဘဲ ညအခါမှသာ လှည့်လည်ကျက်စားလေ့ရှိသည်။ အစာရှာထွက်သည့်အခါတွင် အမဲကောင်ကို မှောင်ခိုပုန်းလျိုး၍ အုပ်ဖမ်းသတ်ဖြတ်စားသောက်တတ်သည်။ သားကောင်လိုက်ရာတွင် အလွန်ပင် ရဲစွမ်းသတ္တိရှိ၍ မည်သည့် သတ္တဝါမျိုးကိုမဆို အယဉ် အရိုင်းမရွေး တွေ့မရှောင် ကိုက်သတ်လေ့ရှိသည်။
သို့သော် ကျားကို ပစ်ခတ်ဖမ်းယူရန်မှာ ထင်သလောက်မလွယ်ကူချေ။ အဘယ့်ကြောင့်ဆိုသော် ကျားသည် အကောင်ပင်ကြီးသော်ငြားလည်း အလွန်ပေါ့ပါးဖျတ်လတ်သောကြောင့် ဖြစ်သည်။ ကျားမှာ အစာကို ရှာဖွေရာ၌သော် လည်းကောင်း၊ အစာရှာဖွေရာတွင် တွေ့ရသော အန္တရာယ်များကို ရှောင်ကွင်းရာ၌သော်လည်းကောင်း၊ အံ့ဩဖွယ်ကောင်းလောက်အောင် ပါးနပ်လျင်မြန်ရုံသာမက၊ ရဲလည်း ရဲရင့်ပေသည်။ ကျားမှာ သူဇာတိတောရိုင်းဒေသနယ်တွင်ဖြစ်မူ အသွေးအသားကို လိုချင်မက်မောသော သတ္တဝါဖြစ်သည်။ လွတ်လွတ်လပ်လပ် မနေရဘဲ ချုပ်နှောင်ခံနေရသောအခါ ကျားသည် မည်သူ့ကိုမဆို သစ္စာဖောက်ဖျက်လျက် အသက်ကို ရန်မူရန် အခွင့်အရေးကို အမြဲတမ်း ရှာဖွေနေတတ်သည်။ ထို့ကြောင့် တိရစ္ဆာန်ရုံများသို့ အလည်အပတ်သွားသည့်အခါတွင် ကျားကို သွားမစဘဲ စည်းကမ်းသေဝပ်စွာ ကြည့်ရှုရန် သတိပြုရမည်။