နမ့်ဟူးရွာသို့ အလည်တစ်ခေါက်
နမ့်ဟူးရွာဆိုတာ ကျွန်တော်တို့ လားရှိုးမြို့ရဲ့
အရှေ့တောင်ဘက် ယိမ်းယိမ်းမှာတည်ရှိပြီး
လားရှိုးမြို့နဲ့ ၁၂ မိုင်ကွာဝေးပါတယ်။ အဲ့ဒီရွာထဲမှာ
အများဆုံးက ကချင်လူမျိုးတွေနေထိုင်ကြပြီး
မီးသွေးနဲ့ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပါတယ်။
ရောက်ဖြစ်တဲ့အချိန်က ၂၀၁၄ ခရစ္စမတ်နေ့မှာပါ။
ရွာမှာနေတဲ့ ကျောင်းနေဘက်သူငယ်ချင်းတစ်ယောက်က
သူတို့ရွာရဲ့ ပွဲကို Video ရိုက်ပေးဖို့အကူညီတောင်းလာတာနဲ့
ရောက်ဖြစ်သွားခြင်းဖြစ်ပါတယ်။ ရောက်တဲ့နေ့မှာပဲ နမ့်ဟူးရွာရဲ့
အောက်ဘက် ၂ ရွာခြားက လားဟူလူမျိုးတွေနဲ့ ရန်ဖြစ်လိုက်ရပါတယ်။
ပြသနာက ရည်းစားလုတာပေါ့ဗျာ။ အဲ့အကြောင်းတော့ မပြောတော့ပု။
အဲ့တာနဲ့ ရွာမှာ ၂ ညလောက်နေပြီး ၃ ရက်မြှောက် မနက်ပိုင်းမှာ
သူတို့တွေ မီးသွေးဖိုသွားမယ်ဆိုလို့ စိတ်ဝင်စားတာနဲ့လိုက်သွားဖြစ်တယ်။
အဝင်လမ်းက သိပ်မဆိုးပေမဲ့ အတွင်းပိုင်းကတော့ တကယ့်လမ်းဆိုးဗျာ။
ဆိုင်ကယ်ဘီ ၂ခုစာလောက်ပဲရှိတဲ့လမ်းကို မမှောက်အောင် ထိန်းပြီး မောင်းရတာ။
လမ်းကြမ်းပေမဲ့ ကျွန်တော် တအားသဘောကျတာ တောင်ကျရေ။
တောင်ကျရေတွေ့တိုင်း ဆိုင်ကယ်ရပ်ပြီး ရေသွားသောက်လိုက်ရမှ
ရေတွေကလဲ ချိုစိမ့်နေတာ သောက်လိုက်တဲ့ချိန် စိတ်ထဲဘယ်လိုကြီးလဲမသိဘူး
ခံစားရတာ တစ်မျိုးလေးဖြစ်သွားတယ်။ ဒါမဲ့ပါးစပ်ကနေ အဲ့ခံစားမှုကို ပြောလို့မထွက်ဘူး။
ဒီလိုနဲ့ တောတွေတောင်တွေ ဖြတ်ပြီး ရှုခင်းလေးတွေရိုက်ရင်း နာရီဝက်လောက်နေတော့
သူငယ်ချင်းရဲ့ မီးသွေးဖိုကိုရောက်လာခဲ့ပါတယ်။ မီးသွေးဖိုကို ကျွန်တော်အစက
မီးသွေးလုပ်တဲ့စက်တွေ ဘာတွေရှိမယ် ထင်ခဲ့တာ။ ဒါမဲ့အဲ့လိုမဟုတ်ဘူး
လုံးဝတောတောင်ကြီးထဲမှာ ကျင်းတူးပြီး လုပ်ရတာဗျ။ တော်တော်လေးအံ့သြသွားတယ်။
သူငယ်ချင်းကိုမေးတော့ အဲ့တောင်ကို သူ ၁၀ သိန်းနဲ့ဝယ်ထားတာတဲ့။
အဲ့ချိန်အဲ့နားလေး ၁ သိန်းဖိုးလောက်ဝယ်ပြီး အေးအေးဆေးဆေးနေလိုက်မယ်လို့
စိတ်ကူးဝင်လာပါသေးတယ်။
အဲ့တာနဲ့ လေတွေပစ်နေရင်း အလုပ်စတော့မယ်ဆိုတော့ အဲ့ဒီနေ့က မီးသွေးထုတ်ရမဲ့နေ့ဖြစ်နေတာနဲ့
ကျွန်တော်လဲ တစ်ချက်ခုတ် ၂ ချက်ပြတ်တာပေါ့ဗျာ။ မီးသွေးစလုပ်တာနဲ့ မီးသွေးဖြစ်သွားတာ
တစ်နေ့ထဲ မြင်ရတာပေါ့။ မီးသွေးထုတ်တဲ့ချိန် ဖို ၂ ဖိုကို ၂ ဖွဲ့ခွဲပြီးထုတ်ပါတယ်။ ကျွန်တော်က
တောလမ်းမကျွမ်းတာနဲ့ သူတို့နားဖို့ လုပ်ထားတဲ့ တဲအိမ်နဲ့ အနီးဆုံးဖိုမှာပဲ ထိုင်ကြည့်နေပါတယ်။
ဖိုနားရဲ့ အဝနားမှာ ကျောက်ခဲလေးတွေစီပြီး ပိတ်ထားပါတယ်။ ဖိုရဲ့ ဘယ်ဘက်မှာက
မီးမငြိမ်းသွားအောင် လေဝင်ပေါက်လေး လုပ်ထားပါတယ်။ သူငယ်ချင်းက ဖိုနားသွားတော့
ကျွန်တော်လဲ လိုက်သွားတာ အပူချိန်တော်တော်များတယ်ဗျာ။ ဖိုနဲ့ ၃ ပေအကွာလောက်မှာကို
အပူတော်တော်ဟပ်နေတာ။ အဲ့တာကို သူက လက်နဲ့ပဲ ဖိုကိုပိတ်ထားတဲ့ ကျောက်ခဲတွေကိုဖယ်ထုတ်တာ
အဲ့နားကို သူမပူဘူးလားမသိဘူးလို့ စိတ်ထဲတွေးနေတုန်း ကျောက်ခဲတွေလဲ ဖယ်ပြီးရော
ဆရာသမားက ဖိုထဲကို ခုန်ချသွားတာမြင်တော့ တော်တော်လေး အံသြသွားတယ်။
အဲ့ချိန် မအောင့်နိုင်တော့ဘူး "ဟ မင်းမပူဘူးလား အသားတွေကျက်ကုန်ဦးမယ်" ဆိုတော့
"ရတယ် ဘာမှမဖြစ်ဘူး လုပ်နေကြပဲ" တဲ့။ ပြောနေရင်းနဲ့ အထဲကနေ မီးသွေးချောင်းတွေ
လက်ဗလာနဲ့ကိုင်ပြီး တစ်ချောင်းပြီးတစ်ချောင်း အပြင်ကို ပစ်ထုတ်နေပြီး နောက်တစ်ယောက်က
အဲ့ဒီ မီးသွေးအရှည်ကြီးတွေကို အပိုင်းလိုက်ပိုင်းနေတာပေါ့။ မီးသွေးတွေ ထုတ်ပြီး အပိုင်းပိုင်းပြီးတော့
ကျွန်တော့်ကို မီးသွေးတွေ လိုက်ခေါက်ပြပြီး ဘယ်မီးသွေးက အရှို့ခံတယ်၊
ဘယ်မီးသွေးက မီးဆွဲလွယ်တယ်ဆိုပြီး ရှင်းပြရင် ဆာလာအိတ်တွေထဲထည့်နေကြပါတယ်။
မီးသွေးတွေထည့်ပြီးတော့ ကျွန်တော်တို့တွေ နေ့လည်စာစားပါတယ်။ ထမင်းက ဦးလေးကြီးတစ်ယောက်ချက်ပြီး
ဟင်းတွေက ကျွန်တော်တို့လူငယ်တွေချက်ပါတယ်။ ကျွန်တော်ကတော့ လ္ဘက်သုတ်တာပေါ့ :P ။
ထမင်းစားရင်း သူတို့ပြောပြတာ ရွာမှာ ဝက်တစ်ကောင်သတ်ရင် သူတို့ရွာနဲ့ အောက်ကရွာပေါင်းပြီး စားတာတောင် မကုန်ချင်ဘူးတဲ့။
ရွာက လူနည်းတာကြောင့်လဲ ဖြစ်မယ်ထင်ပါတယ်။ ရွာအစနဲ့ အဆုံးကိုမှ ၁ မိုင်လောက်ပဲရှိတာ။
အဲ့လိုနဲ့ထမင်းစားပြီး ရေနွေးကြမ်းသောက်ရင်း စကားနာရီးဝက်လောက်ပြောပြီး သစ်တောရှင်လင်းရေး စတာပေါ့။
သူတို့ သစ်ပင်ခုတ်တာကြည့်ပြီး စိတ်ထဲမှာ " ဒါတော့ ငါလုပ်နိုင်မှာပါ" ဆိုပြီး ဓားသွားယူလာပြီး ခုတ်ကူတာပေါ့။
ခုတ်ရမဲ့ အပင်မေးကြည့်တော့ သိပ်မကြီးတာနဲ့ ရုပ်တည်နဲ့စခုတ်တာပေါ့။ ဒီက ခုတ်တာ ၁ လက်မတောင် မပြတ်သေးဘူး
ဆရာသမားက တစ်ပင်ပြီးသွားပြီ။ အဲ့တာနဲ့ ခုမှစလုပ်တာ အဲ့လောက်တော့ရှိမှာပေါ့ ဆိုပြီး
ကိုယ့်ဟာကို အားပေးရင် ဆက်ခုတ်နေတာ သူတို့ ၅ ပင်လောက်ပြီးမှ ကျွန်တော့်အပင် တစ်ဝက်ကျော်ပြီးတယ်။
အဲ့ချိန် ဒီအပင် ဘယ်ဘက်ကို ပြုတ်ကျမလဲ ထိုင်စဉ်းစားနေရတယ်။ ဟုတ်တယ်လေဗျာ ကျွန်တော့်ဘက်ကျလာရင်
ဘယ်နှယ့်လုပ်မတုံး အပင်ကိုသွားမေးလဲ သူကဖြေတတ်မှာမဟုတ်ဘူး အဲ့ဒီတော့ သူငယ်ချင်းကိုသွားမေးတော့
ထားလိုက်တဲ့ သူတို့ ခုတ်မယ်ဆိုပြီး ၂ ချက်လောက်ခုတ်တာနဲ့ အပင်က ပြတ်သွားတယ်။
ခုတ်ပြီးသား အပင်တွေကို ကျန်တဲ့သူက တစ်လှံလောက်စီ ပြန်ပိုင်းတဲ့သူက ပိုင်း
ဖိုထဲသယ်တဲ့သူက သယ်နဲ့ ကျွန်တော်လဲ ထိုင်ကြည့်နေရတာအားနာလာပြီး ပိုင်းတာမရရင် သယ်ကူမယ်ဆိုပြီး
ခါးကုန်းတာ ပြန်မတည့်လာတော့ဘူး လေးလိုက်တဲ့သစ်ပင်ဗျာ။ အဲ့တာနဲ့ မထူးဘူး ဆိုပြီး
သစ်လုံးကို ဘေးက အခက်တွေခုတ်ပြီး လှိမ့်လာလိုက်တယ်။ ပထမ တစ်လုံးတော့ ချောချောမွေ့မွေ့ဖိုထဲရောက်လာတယ်။
ဒုတိယတစ်လုံးအလှည့်ကျတော့ အရှိန်မထိန်းနိုင်ပဲ ချောင်းထဲ ပြုတ်ကျသွားတယ်။ အဲ့မှာ အကုန်လုံး လုပ်လက်စနဲ့
ပြေးလာတော့ ဘာလားပေါ့။ အကုန်ချောင်းကို ငုံ့ကြည့်ပြီး စကားတစ်ခွန်းပြောလိုက်တာ ကျွန်တော် တော်တော်လေးလန့်သွားတယ်။
ဘာပြောလဲဆိုတော့ "တော်သေးတယ် တောင်ယာက ရေချိုးတဲ့အုပ်စု မလာသေးဘူးတဲ့" ။
အဲ့တာနဲ့ ငြိမ်နေတာပဲကောင်းပါတယ် ဆိုပြီး မီးသွေးဖိုမှာပဲ ငုတ်တုတ်ထိုင်ကြည့်နေလိုက်တယ်။
သစ်လုံးတွေ ထည့်ပြီးတော့ အင်ဂျင်ဝိုင်တွေလောင်းပြီး မီးစမွေးကြတယ်။ မီးမွေးပြီးတော့ မီးတောက်လာတဲ့ချိန်
ကျောက်ခဲလေးတွေ သေချာပြန်ပိတ်ကြပါတယ်။ ကျွန်တော်လဲ ဘယ်လောက်ကြထားရလဲမေးတော့
ဒီတိုင်း တစ်ပတ်တိတိပစ်ထားရင် မီးသွေးဖြစ်ပြီဆိုတာသိရတယ်။ အဲ့ဖိုထဲမှာ တစ်ပတ်တိတိ မီးမငြိမ်းတဲ့အပြင်
ပြာမဖြစ်သွားတာ ဘာကြောင့်လဲဆိုတာ ခုထိစဉ်းစားလို့မရသေးဘူး။ သူငယ်ချင်းတွေကိုမေးတော့ သူတို့လဲမသိကြဘူးတဲ့။
အဲ့တာနဲ့ လက်စသတ်ပြီး အိမ်ပြန်မယ်လုပ်တော့ သူငယ်ချင်းတွေက ကျွန်တော့်အိမ်အတွက်ဆိုပြီး
ဆိုင်ကယ်ပေါ် မီးသွေး ၅ အိတ်တင်လာပေးတယ်။ အစပိုင်းတော့ ပျော်တာပေါ့ဗျာ။ ကျေးဇူးတင်စကားပြောရင်း
သူငယ်ချင်းအိမ်မှာ ကျွန်တော်ပစ္စည်းတွေယူပြီး လားရှိုးကို ပြန်လာတာပေါ့။ လမ်းမှာဆီဖြည့်မယ်ဆိုပြီး
ဆီဆိုင်ဝင်တဲ့ချိန် ခေါင်းစကြီးတာပဲ။ မီးသွေးအိတ်တွေ အကုန်ပြန်ချပြီး ဆိုင်ကယ်ဆီထည့်ရတာ။
ဆိုင်က ဆိုင်ရှင်အစ်မကလဲ အသိဖြစ်နေတယ်။ ကျွန်တော့်မှာ ရှက်လွန်းပြီး မျက်နှာတွေကိုနီလို့ဗျာ။
ဒီလိုနဲ့ အိမ်ရောက်တော့ ထပ်တစ်ခါမျက်နှာထပ်ပူရပြန်ရော။ အဖေ၊ အမေ၊ ညီမလေး တစ်ယောက်မှအိမ်မှာမရှိဘူး။
အိမ်ရှေ့မှာ တစ်ယောက်ထဲ မီးသွေး ၅ အိတ်နဲ့ တစ်ကိုယ်လုံး မဲတူးတူးနဲ့ ထိုင်စောင့်နေရတာ။
အိမ်ရှေ့က အန်တီကလဲ ရွဲ့ပြီး မီးသွေးတစ်အိတ်ဝယ်သွားသေးတယ်။ ဒီမှာက ၈၀၀၀ လောက်ရောင်းတာမသိဘူး
ကျွန်တော်က သူတို့ ဖိုကဈေးအတိုင်း ၃၅၀၀ နဲ့ရောင်းပေးလိုက်ရတယ်။ တစ်ပတ်လောက်နေတော့
အန်တီက မီးသွေးလိုချင်သေးလို့တဲ့ သုံးရတာအဆင်ပြေတယ်ဆိုပြီး လာမေးတော့
သူငယ်ချင်းရွာကိုညွှန်ပေးလိုက်တယ် အဲ့ချိန်က လားရှိုးအရောက်ပို့ကို တစ်အိတ် ၄၀၀၀ ဒီမှာပြန်ရောင်းတော့
တစ်အိတ်ကို ၈၀၀၀ နဲ့ သူတို့ ၂ နှစ်လောက်ရောင်းဖြစ်လိုက်သေးတယ်။ ပြီးတော့ အိမ်ငှားကနေ
မြို့ပြင်မှာ ကိုယ်ပိုင်အိမ်နဲ့ ဖြစ်သွားရော။ ရွာက လုပ်အား အချိန်စိုက်တဲ့သူငယ်ချင်းတွေကတော့
ခုထိ မီးသွေးဖုတ်တုံး သူတို့ဆီက ယူရောင်းတဲ့သူက အလကားနေ ၂ ဆ မြတ်ပြီး အဆင်ပြေသွားရော။
ဒါမဲ့ ဘာပြောပြော ဗဟုသုတရတဲ့ အတွေ့အကြုံတစ်ခုပေါ့ဗျာ။
Written By Kyaw Kyaw Naing
ဂြိုလ်သားဒေဘယ်ရောက်တွားရဲ
ဂြိုလ်သားဒေ ဘောလုံးပွဲကြည့်နေတာ ဆရာ 😁😁
ဗီဒိုလည်းရိုက်တယ်လား အကူအညီတောင်းရမယ်
ချိုဆိမ့်ကြိုက်တယ် မီးသွေား တော့မရာင်းနဲ့မီးစွဲအောင်လုပ် ဟျောင့် မပါရင်ကောင်းမယ်ထင်တယ်နော်
ဟုတ် အစ်ကိုစိုး
ပြန်ပြင်ပြီးသွားပြီ ခင်ဗျ
ထောက်ပြတဲ့အတွက်ကျေးဇူးပါ
ဗီဒီယိုရိုက်တာက သူငယ်ချင်းအကူညီတောင်းလို့
ရိုက်ဖြစ်တာပါ အစ်ကို
မရဘူး မရဘူး
အဲ့ ... ရည်းစား လုတဲ့ အကြောင်းပဲ ဖတ်ချင်တာ။
😜😜😜
သူတို့လုတာမရပဲနဲ့
ညပိုင်း ပွဲပြီးတဲ့ချိန် အောက်ရွာမှာ
ရန်ဖြစ်တဲ့သူသွားရှာတဲ့ချိန်
ကောင်မလေးကချမ်းလို့ဆိုပြီး
ကျွန်တော်ရဲ့အနွေးထည်ပေးဝတ်လိုက်တာ
ကျွန်တော်နဲ့ ဖြစ်သွားတာပါဂျာ
အစက သူငယ်ချင်းနဲ့အဆင်ပြေနေတာ 😁😁
ဗဟုသုတရစရာ အတွေ့အကြုံတွေကို ဝေမျှပေးလို့ ဖတ်ရတဲ့သူလည်း အကျိုးရှိပါတယ်။
ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျ။
ကြိုးစားဆဲပါ 😁😁
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကြိုးစားဆဲပါ 😁😁။
Nice bro
Thanks, bro
This post recieved an upvote from minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond
ကိုမရောက်ဖူးတဲ့နေရာဆိုတော့ စိတ်ဝင်စားလို့နေ…
အဲ့ဘက်မှာ ပျော်စရာကောင်းတယ်ဗျ
ရွာကလူတွေလဲ အရမ်းဖော်ရွေတာ
ဒါမဲ့ မူးယစ်ဆေးတော့ အတော်ပေါတယ်