စာပေနှင့်လောက
စာပေနှင့်လောက
လောကတွင်လူတော်တော်များများသည်သူများပြောသမျှကိုလွယ်လွယ်နှင့်ယုံကြည်ကြသူများကများကြသည်ဟုထင်ပါသည်။ကိစ္စတစ်ခုကိုကိုယ်ပိုင်ဉာဏ်ဖြင့်စဉ်းစားအဖြေရှာပြီးဖြစ်နိုင်၏၊မဖြစ်နိုင်၏ကိုမဆုံးဖြတ်ဘဲသူများပြောသမျှယုံပြီးလိုက်လုပ်ကြသူများကထုနဲ့ထေးပင်။တစ်ချို့သောကိစ္စရပ်များဆိုလျှင်မဖြစ်နိုင်မှန်းသိပါလျှက်နှင့်၊တရားနည်းလမ်းမကျမှန်းကိုသိသိကြီးနှင့်ပင်လျှင်အများထုံးစံအတိုင်းပေါ့ကွာ။အများမိုးခါးရေသောက်ရင်သောက်ရမှာပဲဟုလွန်စွာလွဲမှားသောအယူဝါဒကိုတရားသေကိုင်ထားလေ့ရှိကြသည့်အတွက်အမှန်တရားနှင့်ဝေးရင်းဝေးရင်းဆင်ခြင်တုန်တရားကင်းမဲ့လာကြလေတော့သည်။စဉ်းစားဉာဏ်မသုံးဘဲသူများပြောတာယုံ၊ပြောတာလုပ်ပြီးကြာလာတော့အကြံတုံးဉာဏ်တုံးများဖြစ်လာကြတော့သည်။ရိုး ရာမှ အ၊အ ရာမှ န သောအဖြစ်သို့အလိုလိုရောက်ရှိလာကြတော့သည်။အဓိကအကြောင်းအရာမှာဦးနှောက်အာဟာရချို့တဲ့မှုကြောင့်ဟုထင်ပါသည်။ဦးနှောက်သည်အစားအသောက်မှရသောအာဟာရအပြင်စာပေနှင့်ပြင်ပအတွေ့အကြုံတို့မှရရှိသောတွေးခေါ်မှုများဖြစ်ပေါ်လာစေရန်လှုံ့ဆော်မှုလိုအပ်ပေမည်။စာပေနှင့်အဆက်အသွယ်ပျက်တောက်နေသောသို့မဟုတ်လုံးဝအဆက်အသွယ်မရှိသောပတ်ဝန်းကျင်တစ်ခုဖြစ်တည်လာခြင်းသည်
လူ့လောကအတွက်အလွန်အန္တရာယ်များသောဖြစ်ရပ်တစ်ခုလည်းဖြစ်သည်။ထိုသို့သောပတ်ဝန်းကျင်တွင်ကျင်လည်နေရသောသူတို့သည်မြင်သမျှအမှန်၊ကြားသမျှအမှန်ဟုယူဆကာတစ်ဦးတစ်ယောက်ကပြောသမျှခိုင်းသမျှကိုမှားမှန်းမသိ၊မှန်မှန်းမသိအားတက်သရောလိုက်ပြီးလုပ်ကြပေတော့မည်။ဦးဆောင်ဦးရွက်လမ်းပြဆောင်သူကမှန်ကန်သော၊အကျိုးရှိစေမည်ဖြစ်သောကိစ္စကိုဝါဒလွှင့်ပြီးလုပ်စေခဲ့လျှင်အကြောင်းမဟုတ်ပေ။မဟုတ်မတရားသည့်ဘက်တွင်အသုံးချခံခဲ့ရလျှင်မှန်းဆ၍မရသောပျက်စီးဆုံးရှုံးမှုကိုခံစားရမည်မှာပြုလုပ်သူ၎င်းတို့ကိုယ်တိုင်ပင်ဖြစ်သည်ကိုမသိရှာကြပေ။ထိုသို့သောပတ်ဝန်းကျင်သည်အဓိကရုန်းဖန်တီးရန်အတွက်လည်းလွန်စွာလွယ်ကူသဖြင့်လူယုတ်မာတို့၏စားကျက်လည်းဖြစ်သည်။အဓိကဖြေရှင်းနိုင်မည့်နည်းလမ်းမှာဗဟုသုတဆိုင်ရာစာပေများလူအများကြားတွင်ပျံ့ပွားအောင်နည်းမျိုးစုံဖြင့်လုပ်ဆောင်ပေးရန်လိုအပ်သည်။
လူတို့သည်မိမိကျင်လည်ရာပတ်ဝန်းကျင်တွင်လျှောက်လှမ်းကြရင်းမှားသည်လည်းရှိကြ၏၊မှန်သည်လည်းရှိကြ၏၊တစ်ချို့အောင်မြင်သွားကြသည်၊တစ်ချို့ဘဝပျက်သွားကြသည်ကိုတွေ့ဖူးကြပါလိမ့်မည်။မိမိမဖြတ်သန်းရသေးသောအရွယ်၊မကျင်လည်ဖူးသောပတ်ဝန်းကျင်ကိုကြိုတင်သိရှိထားလျှင်အမှန်တကယ်လျှောက်လှမ်းသောအခါတွင်အမှားအယွင်းနည်းနိုင်ပါသည်။ဘယ်နေရာကချောက်၊ဘယ်နေရာကကုန်းဆိုတာကိုသိပြီးသားသူအဖို့ခလုတ်တိုက်နိုင်ခြေနည်းသကဲ့သို့ဖြစ်သည်။ထိုသို့ကြိုတင်သိရှိနိုင်ဖို့ရန်အတွက်ဘဝနှင့်ပတ်သက်သောတန်ဖိုးရှိစာကောင်းပေမွန်များကိုဖတ်ရှုရန်လွန်စွာအရေးကြီးလှသည်။စာကိုဖတ်ရှုရာ၌နှေးနိုင်သမျှနှေးလျှင်ကောင်းပါလိမ့်မည်။ဖော်ပြပါအကြောင်းအရာကိုဖတ်ရှုရင်းမိမိနားလည်သလားဆိုသည်ကိုဆန်းစစ်ရင်းသဘောပေါက်မှရှေ့ဆက်သင့်သည်။အချို့သောသူများကမိမိဘယ်နှစ်အုပ်ဖတ်ပြီးကြောင်းလူအများကိုကြွားရုံလောက်သာဖတ်ရှုလေ့ရှိကြသည်။ကြာလာလျှင်မေ့ပျောက်သွားကြတော့သည်။စာဖတ်သည်ဆိုရာ၌ဖတ်ပြီးသွားသည်နှင့်မပြီးပေ။မိမိဖတ်ရှုထားသောအကြောင်းအရာတို့ကိုတကယ့်လက်တွေ့ဘဝတွင်လိုအပ်လျှင်လိုအပ်သလိုပြန်လည်ထုတ်နှုတ်ပြီးအသုံးချနိုင်ဖို့လွန်စွာအရေးကြီးသည်။
စာအုပ်စာပေလူ့မိတ်ဆွေဆိုတာကိုကြားဖူးကြပါလိမ့်မယ်။မိတ်ဆွေဆိုတာကိုယ့်ရဲ့ကောင်းကျိုးကိုလိုလားတဲ့သူတွေအကုန်အကြုံးဝင်ပါတယ်။ဆိုးကျိုးပေးမယ့်သူဆိုရင်တော့အဲဒီလူဟာမိတ်ဆွေစာရင်းမှာမပါတော့ပါဘူး။ရန်သူဖြစ်သွားပါပြီ။ယနေ့ခေတ်တွင်လောကကိုကောင်းကျိုးမပေးဘဲဆိုးကျိုးဖက်ကိုသာဦးတည်သည့်အရည်မရအဖတ်မရစာပေများမြောက်များစွာပေါ်ထွက်လာသည်ကိုတော့အားလုံးသိကြမည်ထင်ပါသည်။ထို့ကြောင့်စာအုပ်စာပေလူ့မိတ်ဆွေဆိုပေမယ့်လူ့ရန်သူစာပေဆိုတာရှိလာပြီဆိုတာကိုလည်းသဘောပေါက်ထားရပါမည်။ထိုသို့ဆိုလျှင်စာမဖတ်ရတော့ဘူးလားဆိုတော့မဟုတ်ပါ။ဖတ်ရပါမည်။အရင်ကထက်ပို၍ပင်ဖတ်ရပါမည်။လောကကိုအကျိုးပြုမည့်စာကောင်းပေမွန်များကိုရွေးချယ်ဖတ်ရှုဖို့တော့အလွန်အရေးကြီးပါသည်။
သုတ၊ရသစာပေအစုံကိုဖတ်ရှုသင့်သည်။ဘာမှမဟုတ်သောစာပေများကိုဖတ်ရှုနေလျှင်လည်းအချိန်သာကုန်သွားမည်။ဘဝအတွက်လည်းအနည်းငယ်မျှပင်အထောက်အကူပြုမည်မဟုတ်ပေ။
ဘဝနှင့်ပတ်သက်သောအကြောင်းအရာတို့ကိုစာဖတ်ခြင်းဖြင့်ရရှိနိုင်သည်ဆိုသော်လည်းအလုံးစုံပြီးပြည့်စုံအောင်ကားရနိုင်ကြမည်မဟုတ်ပေ။ပညာရပ်တစ်ခုသည်သင်ယူရာတွင်ထမင်းစားရေသောက်လောက်ပဲသင်ယူလို့ရပါသည်။စာအုပ်စာပေဖတ်ရှု၍ဖြစ်စေ၊ကိုယ်တိုင်ကိုယ်ကျအနီးကပ်သင်ယူ၍ဖြစ်စေပညာရပ်တစ်ခု၏အခြေခံသဘောတရားကိုသာသင်ယူလို့ရပါသည်။ကျွမ်းကျင်အဆင့်သို့ရောက်ရန်မှာစာထဲတွင်မပါသောမိမိကိုယ်တိုင်၏ကြိုးစားအားထုတ်မှုပင်ဖြစ်ပါသည်။ဤအရာကိုကားမည်သည့်ဆရာမှ၊မည်သည့်စာအုပ်မှစွမ်းနိုင်မည်မဟုတ်ပါ။
ဥပမာပြရလျှင်လူတစ်ယောက်ဂစ်တာတီးသင်သည်ဆိုပါဆို့်။တစ်ချို့ကဆရာနှင့်လက်တွေ့သင်သည်။တစ်ချို့ကvideoသင်ခင်းစာတို့၊စာအုပ်တို့ဖတ်ပြီးသင်ကြသည်။သူတို့နှစ်ဦးစလုံးအခြေခံအဆင့်လောက်တော့တီးတတ်ခေါက်တတ်သွားကြသည်။ဆရာကလည်းထိုထက်ပို၍သင်မပေးနိုင်ပါ။ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်ဖို့အတွက်ကျတော့မိမိသင်ယူထားသောအရာကိုအခြေခံပြီးကိုယ့်ရဲ့ကိုယ်ပိုင်လေ့ကျင့်နိုင်မှု၊ကိုယ်ပိုင်အတွေးအခေါ်ကွန်းမြူးနိုင်မှုတို့ကအဆုံးအဖြတ်ပေးသွားကြပါတယ်။စာတွေ့နှင့်လက်တွေ့ဘဝကိုအချိုးညီညီပေါင်းစပ်ယူနိုင်အောင်ကြိုးစားမှသာအောင်မြင်မှုရရှိနိုင်ပါလိမ့်မည်။ဆိုလိုချင်သည်မှာစာအုပ်ထဲတွင်အားလုံးမရှိပါ။မိမိအရည်အချင်းနှင့်လည်းပေါင်းစပ်ဖို့လိုအပ်ပါသည်။တကယ့်အပြင်လောက၌ဆောင်ရွက်ရာတွင်စာအုပ်ထဲမပါသည့်အရာများရှိသလိုစာအုပ်ထဲကအတိုင်းလုပ်၍မရသောအရာများလည်းရှိသည်ကိုသတိပြုရမည်။စာအုပ်ထဲမှစာကိုအသိဉာဏ်သို့ပြောင်း၍လိုအပ်သလိုအသုံးချနိုင်အောင်ကြိုးစားရမည်။စာဖတ်များသောသူငယ်ချင်းတစ်ယောက်အခြားသူများနှင့်စကားပြောလျှင်စာအုပ်ကြီးထဲကအတိုင်းပြောကြသည်ကိုတွေ့ဖူးကြပါလိမ့်မည်။ထိုသို့ပြောနေခြင်းမှာနားထောင်ရသူပင်ကြာလာလျှင်စိတ်ထဲတစ်မျိုးကြီးဖြစ်လာတတ်ပါသည်။မိမိဖတ်ရှုထားသောစာကိုကြက်တူရွေးစာပြန်သလိုကြီးဖြစ်နေပါသည်။
အချုပ်အားဖြင့်ဆိုရလျှင်လောကကြီးသာယာဝပြောရန်အတွက်လူတိုင်းအခြေခံတွေးတောဆင်ခြင်နိုင်မှုရှိရမည်။ထိုသို့သောအသိစိတ်ဓာတ်ကိုရရှိရန်အတွက်ဦးနှောက်ကိုအားဖြစ်စေမည့်စာကောင်းပေမွန်များကိုတတ်နိုင်သမျှရှာဖွေဖတ်ရှုပြီးတစ်ဆင့်ပြန်လည်းအသုံးချနိုင်ကြရန်ကြိုးစားကြရမည်။မသုံးဘဲထားသောဓား၊မသွေးဘဲထားသောဓားတုံးသလိုအကြံတုံးဉာဏ်တုံးများမဖြစ်ရလေအောင်စာကောင်းပေမွန်များဖြင့်မိမိတို့၏ဦးနှောက်ကိုအမြဲတမ်းသွေးပေးနေဖို့တော့အရေးကြီးလှပါသည်။
လွတ်လပ်စွာကွဲလွဲနိုင်ပါသည်။မိမိ၏အယူအဆအရေးအသားသာဖြစ်ပါကြောင်း။
အားလုံးကျန်းမာချမ်းသာကြပါစေ
Ye Thiha Kyaw
@yethihakyaw
Msc No.093
11.1.2018,Thu
good post
စာအုပ်ဆိုင်တွေ နည်းသွားပြီ။
ဟုတ်တယ်bro
ဟုတ်ပါတယ် စာပေဟာ အသိဥာဏ်ကို တိုးတက်စေပါတယ်
မှန်ပါတယ်Bro
စာပေလောက
ဟုတ်
Good bro!
Thanks
စာဖတ်ခြင်းကအကောင်းဆုံးအဖော်မွန်ပါ
မှန်ပါတယ်
Nice post bro.
Thanks Bro.
စာဖတ်သူနည်းသွားတာစိတ်မကောင်းစရာပါ facebook ကစာလောက်ကိုပဲဖတ်နေတတ်ကြတာ ပုံလေးတွေကြားညှပ်ထည့်ပေးသင့်ပါတယ်
ဟုတ် ကိုစိုး။
စာဖတ်ခြင်းကစိတ်ခွန်အားကိုအများကြီးဖြစ်စေပါတယ်။
ဟုတ်တပေါ့။
စာအုပ်စာပေ လူ့မိတ်ဆွေ
မှန်ပါတယ်။
ရှိသမျှစာအုပ်တွေအကုန်
ရောင်း😁