ယားယံမှုကို ကုတ်ခြစ်ပေးခြင်း
ကမ္ဘာမြေကြီးအားတစ်ခုခု ပြန်လည်ပေးဆပ်ခြင်း
( ၁ )
ယားယံမှုကို ကုတ်ခြစ်ပေးခြင်း။
စွန့်ဦးတီထွင် လုပ်ငန်းရှင်လည်းဖြစ် mental floss မဂ္ဂဇင်းကို ပူးတွဲတည်ထောင်သူလည်း ဖြစ်သည့် Mangesh Hattikudur အတွက်မူ အိန္ဒိယသို့ ခရီးတစ်ခေါက် ရောက်ရှိခဲ့မှုသည် မျှော်လင့်မထားသော အရာတစ်ခုကို တွေ့ကြုံခဲ့ရသည်။ မိမိ၏ ကမ္ဘာကြီးကို ပြန်လည်ပေးဆပ်ရန် တွေးဆနည်းသစ်တစ်ခု သိရှိလာခဲ့ရခြင်း ဖြစ်သည်။
Mangesh Hattikudur ရေးသားသည်။
Mangesh Hattikudur သည် ထူးချွန်ဆုရမဂ္ဂဇင်း တစ်စောင်ဖြစ်သော mental floss ကို ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်သည်။ သူ၏ ဆောင်းပါးများကို Newsweek ၊India Today ၊ CNN.com ၊ Washington Post ၊ Entertainment Weekly စာစောင်တို့တွင် ဖေါ်ပြခဲ့ရသည်။ သူသည် Inc မဂ္ဂဇင်းမှ ဖေါ်ပြသော အသက် (၃၀) အောက် အမေရိကန် စွန့်ဦးတီထွင် လုပ်ငန်းရှင် အယောက် (၃၀) စာရင်းတွင် ပါဝင်ခဲ့သည်။ မဂ္ဂဇင်းတွင် သူ ပါဝင်ရေးသားသော ဆောင်းပါးများ အပြင် Hattikudur သည် mental floss အား စာအုပ် (၇) အုပ် ထုတ်ဝေ နိုင်စေခဲ့ပြီး Law School in a Box ဟူသည့် ကတ်ထူပြားဖြင့် ကစားရသော ဂိမ်းကို တီထွင်ပေးခဲ့သည်။ သူသည် ယ္ခုလက်ရှိ အချိန်တွင် ကုပ္မဏီ အမှတ်တံဆိပ် အတွက် mental floss.com website ကို တည်းဖြတ်ပေးလျှက် သူ၏ အချိန်အများစုကို အသုံးချလျှက် ရှိသည်။
အတိတ်
ကျွန်တော် (၃) တန်းအရွယ် ရှိစဉ်အချိန်က ကျွန်တော့် သူငယ်ချင်းများသည် အိန္ဒိယနိုင်ငံနှင့် ပတ်သက်ပြီး သိရန်ရှိသမျှ အားလုံးကို သိပြီးခဲ့ကြသည်။ ကျွန်တော်တို့ ကစားကွင်းတွင် ဤအကြောင်းများကို သူတို့ ပြောပြသည်။ သူတို့အထဲမှ အများအပြားသည် ပြီးခဲ့သော နွေရာသီအားလပ်ရက်ကို သူတို့အိမ်ရှိ တီဗွီရှေ့တွင်ထိုင်၍ ကုန်ဆုံးခဲ့ကြသူများ ဖြစ်သည်။ ကျွန်တော်ကို စိတ်ပျက်စေခဲ့သည်မှာ ၎င်းနှစ်တွင် Christian Children Fund အဖွဲ့အစည်းကြီးက ၎င်းတို့၏ အဖြူ၊ အမဲ တီဗွီကြော်ငြာကို ထုတ်လွှင့်ပြသခဲ့ခြင်း ဖြစ်သည်။ ယင်းကြော်ငြာ၏ ရည်ရွယ်ချက်မှာ ကောင်းပါသည်။ အမေရိကန်များအား ၎င်းတို့၏ ကြွယ်ဝချမ်းသာမှုများကို မျှဝေပေးရန် တွန်းအားပေးခြင်း ဖြစ်သည်။ တစ်နေ့လျှင် ငွေအကြွေ အနည်းငယ်မျှဖြင့် သင်သည် အိန္ဒိယ ကလေးငယ်များ ၊ မိဘမဲ့ ကလေးများ၏ ဘဝများကို အသိသာကြီး ပြောင်းလဲ ပေးနိုင်ကြောင်း မိန်းကလေးတစ်ဦးက ရုပ်သံတွင် ရှင်းလင်းပြောပြနေသည်။ သူတို့အား အစားအသောက်များနှင့် ကျောင်းစာအုပ်များ ဝယ်ယူနိုင်ရန် လုံလောက်သော ငွေပေးနိုင်မည်ဟု သူမက ပြောသည်။ ဤသို့သော အကြင်နာတရား ပြည့်ဝသည့် အချက်အလက်ကို မည်သူငြင်းဆို နိုင်မည်နည်း။
ပြဿနာမှာ ထိုကြော်ငြာချည်းသက်သက် မဟုတ်ပေ။ ကျွန်တော် (၃) တန်းအရွယ်က သူငယ်ချင်းအားလုံးသည် အိန္ဒိယဆိုသည်မှာ ဤသို့ချည်း ဖြစ်သည်ဟု ယုံကြည်လာခြင်းသာ ဖြစ်သည်။ အိန္ဒိယသည် ရောဂါဘယ ဖြစ်ပွားသော နိုင်ငံဖြစ်သည်။ ဆင်းရဲသော နိုင်ငံဖြစ်သည်။ အိန္ဒိယ နိုင်ငံဆိုသည်မှာ မည်သူမျှ သောက်သုံးရန် ရေသန့် မရှာဖွေနိုင်သော ၊ မစုတ် မပြဲ မညစ်ပေ သည့် အဝတ်အစားများ ရှာဖွေမတွေ့နိုင်သော နိုင်ငံဖြစ်သည်ဟု ယုံကြည်လာကြခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ရုပ်မြင်သံကြား စက်ပေါ်တွင်ဖြင့် ပိန်လှီသော ၊ မွဲတေသော အများတကာထံမှ အကူအညီ တောင်းခံနေရသော နိုင်ငံတစ်နိုင်ငံ ဖြစ်နေသည်။ ၎င်းမှာ ငြင်းဆို၍ မရနိုင်ပေ။
အသက် (၈) နှစ်အရွယ်တွင် မည်သူမျှ အများသူငှါ ဆက်ဆံရေး အလုပ်ကို လိုချင်ကြမည် မဟုတ်။ သို့သော် အသက် (၈) နှစ် အရွယ်မှာပင် ကျွန်တော်သည် အိန္ဒိယသို့ အများသူငှါ ကောင်းကျိုး လုပ်ဆောင်ရေး ခရီးအဖြစ် ပထမဆုံး သွားရောက်ခဲ့ရသည်။ အိန္ဒိယလူမျိုး တစ်ဦးဖြစ်ရသည်မှာ ဂုဏ်ယူစရာဖြစ်သည်။ ထိုသို့ဆိုလျှင် အိန္ဒိယသို့ (၃) ခေါက်တိုင် သွားရောက်ခဲ့ရသော ကျွန်တော်၏ တာဝန်မှာ ကျွန်တော့်သူငယ်ချင်းများ၏ အယူအဆကို ပြောင်းလဲပစ်ရန် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ကျွန်တော် ရောက်ခဲ့ဖူးသော နေရာတိုင်းတွင် အိန္ဒိယနိုင်ငံသည် အံ့သြဖွယ်အကောင်းဆုံး နိုင်ငံတစ်ခု ဖြစ်သည်။ ကျွန်တော်သည် ထိုအချက်ကို လူတိုင်းသိစေလိုသည်။ အိန္ဒိယနိုင်ငံသည် စိတ်လှုပ်ရှားဖွယ် ကောင်းသည်ဟု ကျွန်တော်က ဆိုချင်သည်။ ထို့နောက် ကျွန်တော်၏ သူငယ်ချင်း Jeremy ကို တစ်ချိန်က ကျွန်တော့် အဖိုးသည် အိန္ဒိယတွင် ကျားရိုင်း တစ်ကောင်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ရကြောင်း ကျား အရေခွံကြီးကို သူ၏ ဧည့်ခန်းတွင် ချိတ်ထားကြောင်း ပြောပြချင်သည်။
အိန္ဒိယ နိုင်ငံသည် ချမ်းသာပါသည်ဟု ကျွန်ုပ်က Zoe ကို ပြောသည်။ ထို့နောက် ကျွန်ုပ်သည် တနင်္လာ နေ့တိုင်းလူများ နေအိမ်သို့လာရောက်ပြီး မီးပူတိုက်ပေးသော အကူအလုပ်သမားများ အကြောင်းပြောပြသည်။ အိမ်အစေခံများ အကြောင်းနှင့် သူမ တောင်းခံသော အခါတိုင်း ပူတင်းများ၊ ကြက်ဥပေါင်မုန့် များကို ကျွမ်းကျင်စွာ ပြုလုပ်ပေးနိုင်မည့် Aayah အကြောင်းလည်း ပြောပြလိုက်သည်။
အိန္ဒိယ နိုင်ငံသည် ထူးခြားဆန်းပြားသည်ဟု ကျွန်ုပ်သည် နားထောင်မည့် လူတိုင်းကို အော်ပြောလိုက်သည်။ ထို့နောက် ကျွန်တော်သည် အိန္ဒိယနိုင်ငံ ရွာများ၌ ဈေးသို့ကားဖြင့် ဘာကြောင့် သွားရန် မလိုအပ်ကြောင်း အကယ်၍ သွားမည် ဆိုပါကလည်း လန်ချားများ ၊ ဆိုက္ကားများ ၊ လှည်းများရှိ၍ သင့်အတွက် ကား မလိုနိုင်ကြောင်း ပြောပြမည် ။ ၎င်းတို့မှာ အမေရိကန် ပြည်ထောင်စုတွင် ကျွန်တော်တို့ မတွေ့ဖူးသော စိတ်ဝင်စားဖွယ်ရာ ယာဉ်များဖြစ်ကြောင်း ပြောပြမည်။
တစ်ပတ်ကြာပြီး နောက်တွင် သူငယ်ချင်းအားလုံးသည် အိန္ဒိယသို့ ပြောင်းရွှေ့နေထိုင် လိုလာကြသည်။ အမှန်မှာ ကျွန်ုပ်သည် အများသိအောင် ပြောပြသော အရာများ၌ ရွေးချယ်၍သာ ပြောပြခဲ့ခြင်း ဖြစ်သည် ။ ကျွန်ုပ် ချန်လှပ်ထားခဲ့သော အရာများလည်း ရှိပါသည်။ ကျွန်တော် လိမ်ပြောခဲ့သည်တော့ မဟုတ်ပေ။ သို့သော် ကျွန်တော်သည် လုံးလုံး ရိုးသားခဲ့သည် မဟုတ်ပေ။ တစ်စုံတစ်ရာသော အရာများကို ဖြေရှင်းချက် မထုတ်ထားပေ ။ ဥပမာ သင် ရေကို မသောက်ခင် ဘာကြောင့် ကျိုချက်ရသည် ။ သင်သည် အိမ်စေ၏ ကလေးများနှင့် တနေကုန် ကစားကာ လမ်းမ တစ်လျှောက်လက်ချင်း ချိတ်ပြေးလွှားမည် ။ သို့သော် အိမ်သို့ ပြန်ရောက်သောအခါ ဘာကြောင့် တစ်ဦးက သံမန်တလင်း ပေါ်ထိုင်နေရသည်။ တစ်ဦးက ကွပ်ပျစ် ပေါ်ထိုင်ရသည် စသည်ဖြင့် ဖြစ်သည် ။
အမှန်မှာ ကျွန်တော်သည် ယင်းမတူညီ ကွဲပြားချက်များကို အဓိပ္ပါယ်ဖေါ်ရင်း နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ခြင်း ဖြစ်သည် ။ အိန္ဒိယ နိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုဖြစ်သည်ကို ကျွန်တော်သိသည် ။ ထို့ပြင် ဆင်းရဲမွဲတေမှု ၊ ရောဂါဘယနှင့် အကျင့်ပျက် ချစားမှုများလည်း ပေါများကြောင်း သိသည်။ လူတန်းစား ကွာဟမှုနှင့် ဇာတ်နိမ့် ဇာတ်မြင့် အတားအဆီးများ ရှိကြောင်းလည်း သိသည် ။ သို့သော်လည်း ကျွန်ုပ်သည် လူတို့ကို အကောင်းဘက်သို့ ညီမျှစွာ မြင်ပေးစေလိုခြင်း ဖြစ်သည် ။ ဤနိုင်ငံမှာ ဂန္ဒီ ၊ နေရူး နှင့် ကြီးကျယ်သော သင်ချာပညာရှင်တို့ ၏ နိုင်ငံဖြစ်သည်။ ၎င်းသည် လှပသော ဗိသုကာပညာများ ၊ ချစ်စဖွယ်ရှုခင်းများ ၊ သွားရည်ယိုစရာ စားဖွယ်များရှိသော နိုင်ငံဖြစ်သည် ။ ကျွန်တော်သည် အတန်းတွင်း ဆွေးနွေးမှုများတွင် အိန္ဒိယအကြောင်း ပါဝင်ပါက တိုးတိတ်စွာပင် ကာကွယ်ပေးတတ်သည် ။ သို့သော် ကျွန်တော်သည် အလွန်ခါးသီး မုန်းတီးလာမိသည်။ ကျွန်တော် အသက် အနည်းငယ် ပိုကြီးလာသောအခါ ကျွန်တော့် သူငယ်ချင်းများက တီဗီဖန်သားပြင်ပေါ်တွင် သူတို့ တွေ့ရသော အဆိုးဆုံး အရာများနှင့် ပတ်သက်၍သာ စိတ်ပျက်ရှုံ့ချ ကြသည်ကို ကျွန်တော် မုန်းခဲ့သည်။ အရှေ့တိုင်းသို့ သွားရောက်ပါက သင့်ကိုယ်သင် ရှာဖွေတွေ့ရှိ မည်ဆိုသော ရှေးခေတ်ဒဏ္ဍာရီ စကားကိုလည်း ကျွန်ုပ် အယုံအကြည်မရှိပါ ။ တရုတ်နိုင်ငံ ၊ တိဘက် နှင့် နီပေါတို့ကို နှစ်ပတ်ခန့် သွားရောက်ကာ အားလပ်ရက် ခရီးထွက်ပါက သင်၏ စိုးရိမ်သောကများမှ လွတ်မြောက်ရာ ရောက်မည်။ ဘဝပြောင်းလဲစေမည့် အမြင်ကို ရရှိ ရန်မှာ ဗီဇာလျှောက်လွှာ နှင့် လေယာဉ်လက်မှတ် တစ်ခုဖြင့် ရရှိနိုင်မည်ဟူသော အများသူငှာ ပြောဆိုမှုများကိုလည်း အယုံအကြည် မရှိပါ။ အမှန်မှာမူ ကျွန်ုပ်တို့ အမေရိကန် ပြည်ထောင်စုတွင်လည်း ဆင်းရဲသားများ ရှိသည် မဟုတ်ပါလော။ အမေရိကန် ပြည်ထောင်စု၏ အဓိက မြို့ကြီးများတိုင်းတွင် အိုးမဲ့ အိမ်မဲ့ များ ရှိသည် မဟုတ်ပါလော ။ ထို လူများကို သူတို့ ဘာကြောင့် အမေရိကန် ပြည်ထောင်စုတွင် မမြင်နိုင်ကြသနည်း ။ ကျွန်ုပ်အတွက်မူ ဤနိုင်ငံတွင်လည်း အကျင့်ပျက်ချစားမှု ၊ မူးယစ်ဆေးဝါး ၊ လူတန်းစားကွာဟမှု မကင်းစင်ပါ ။ ၎င်းတို့ကို ပိုမိုကောင်းမွန်စွာ ကွယ်ဝှက် ထားနိုင်ခြင်းသာ ဖြစ်သည် ။ ကျွန်ုပ်၏ ခါးသီးမှုများကို ဖော်ထုတ်ပြသခြင်း မပြုဖြစ်ရန် ကျွန်ုပ် ဆုံးဖြတ်ထားသည် ။ ကျွန်တော် တစ်ခါမျှလည်း ဒေါသဖြစ် ပေါက်ကွဲမှုမျိုး မဖြစ်ခဲ့ပါ ။ သို့သော် ကျွန်တော့် စိတ်တွင်ဒေါသ ဖြစ်နေသည် ။ နောင်လာမည့် နှစ်များတွင် ကျွန်တော်သည် ဤဆောင်းပါးဖြင့် လူများကို အာရှသို့ ခရီးထွက်ဖြစ်ရန် တိုက်တွန်းနေမိမည်ဟု ကျွန်တော် ဘယ်လိုသိနိုင်ပါမည်နည်း ။ ဤသို့သော ခရီးမျိုးကသာလျှင် ကျွန်တော့်ကို လွတ်မြောက်စေခဲ့ခြင်း ဖြစ်သည် ။
ပစ္စုပ္ပန်
ကျွန်တော်သည် ယ္ခုအသက် (၂၉) နှစ် ရှိပါပြီ ။ အသက် (၃၀) ပြည့်ရန် အနည်းငယ်သာ လိုတော့သည် ။ ကျွန်တော့် ဘဝတစ်လျှောက်တွင် ထိပ်ဆုံးရောက်ခဲ့သည်များ ရှိသလို အောက်ဆုံး ကျခဲ့သည်များလည်း ရှိခဲ့သည်။ ကျွန်ုပ် အသက် (၂၇) နှစ် အရွယ်တွင်မူ ကျရှုံးမှုများသာ ဆက်တိုက် ဖြစ်ခဲ့သည် ။ ကျွန်ုပ်၏ သူငယ်ချင်းများ အားလုံး ရှေ့နေ နှင့် ဆေးပညာကျောင်းများမှ ဘွဲ့ရပြီး အိမ်ထောင်များကျကာ ကလေးများရ၍ ဘဝကို ရှေ့ဆက်နေကြချိန်တွင် ကျွန်တော့် ဘဝမှာ ကျွန်တော့်ကို လှောင်ပြောင်သရော်နေဆဲ ဖြစ်သည် ။ ကျွန်တော့်အား လက်တစ်ဖက်ဖြင့် ချုပ်ထားကာ ကျန်တစ်ဖက် ဖြင့် ထိုးနှက်နေသည့် အလားပင် ။ ကျွန်ုပ်သည် ရည်းစားနှင့် ကွဲခဲ့ရသည် ။ ကျွန်ုပ်၏ အချစ်ဆုံး ဦးလေးဖြစ်သူ ဆုံးသွားခဲ့သည် ။ အထက်တန်းကျောင်းမှ ကျွန်ုပ်၏ အကောင်းဆုံး သူငယ်ချင်းသည် ပြင်းထန်သော မူးယစ်ဆေးဝါး ပြဿနာနှင့် ကြုံတွေ့နေရသည် ။ ကျွန်ုပ်သည် အကြွေးခေါင်ခိုက် နေခဲ့သည် ။ ကျွန်တော်၏ (၁၁) လ အရွယ် ခွေးပေါက်လေးကို အိမ်နီးချင်း၏ ကားက ဝင်တိုက်သွားခဲ့သည် ။ တစ်နေ့ထက် တစ်နေ့ ပိုပို ဆိုးရွားလာခဲ့သည် ။ သင်တို့ ထိုကဲ့သို့သော အချိန်မျိုး ကြုံတွေ့ခဲ့ရဖူးမည် မထင်မိပါ။ ကျွန်ုပ် အသက် (၂၇) နှစ် ပြည့်ပြီး နောက် (၃) လ ဆိုသည့် အစိတ်အပိုင်းသည် ကျွန်ုပ်ကို ဟာလာဟင်းလင်း ဖြစ်နေသော လူသား တစ်ယောက်အဖြစ် ကျန်ရစ်ခဲ့စေသည် ။ အသဲများ ကွဲအက်ခဲ့ကာ ဘာမျှမရှိတော့သည် လူသား တစ်ယောက်အဖြစ်ပင် ။
သို့သော် ကျွန်ုပ် စိတ်အားတင်း နိုင်ခဲ့သည်မှာ ကျွန်ုပ်၏ အမှတ်တရလေးများကြောင့် ဖြစ်သည် ။ ကောလိပ်ကျောင်း တက်နေစဉ်တုန်းက ကျွန်ုပ်သည် မတော်တဆ ဆိုသလိုပင် အိန္ဒိယ နိုင်ငံမြောက်ပိုင်း ၊ နီပေါနိုင်ငံ နှင့် တိဘက် တို့တွင် ကျောင်းသွားတက်ခဲ့ရသည် ။ အစတွင်မူ ကျွန်ုပ်သည် ထိုသို့သွားရောက် ပညာသင်ရန် ဆန္ဒမရှိခဲ့ပါ ။ သို့သော် ကျွန်ုပ်၏ သူငယ်ချင်း တစ်ယောက်က အဆွယ်ကောင်းသဖြင့် ကျွန်ုပ်သည် ဟိမဝန္တာတောင် ခြေတစ်လျှောက်တွင် လှည့်လည်သွားရောက်ပြီး စိတ်လှုပ်ရှားဖွယ်ရာများကို ရှာဖွေလျှင် ကောင်းမည်ဟု အတွေး ပေါ်ခဲ့သည် ။
ကျွန်ုပ်၏ ခရီးသည် အံသြဖွယ်ရာများနှင့် ပြည့်လွှမ်းနေခဲ့သည် ။ နိုင်ငံခြားတွင် ပညာသင်ရန် သွားရာက်သော ကျွန်ုပ်ကို အဖေါ်ပြု လိုက်ပါပေးသော ကျွန်တော့် မိသားစုသည်လည်း ယခင်ကထက်ပင် ကျွန်တော့်ကို ပို၍ ဂရုစိုက်ခဲ့ကြသည် ။ ကျွန်ုပ်၏ အမေသည် ကျွန်တော့်အား ထူထဲသော သိုးမွှေးခြေအိတ် တစ်ခုကို ထိုးပေးခဲ့ပြီး ကျွန်တော့်ကို ဟင်းသီးဟင်းရွက် ဟင်းလျာများ ကျွေးမွေးပြီး ဝဖီးလာစေခဲ့သည်။ ကျွန်တော့် အဖေမှာမူ အသားကြိုက်သူဖြစ်ရာ တိုးတိုးတိတ်တိတ် ပင် အသားများ စားခဲ့သည် ။ အိန္ဒိယ မျိုးနွယ်စုများနှင့် အတူအရက်များ သောက်ခဲ့ရပြီး ဒလိုင်းလားမား ဘုန်းတော်ကြီးနှင့်လည်း အင်တာဗျူး ခွင့်ရခဲ့သည် ။ တိဘက်လူမျိုး များနှင့်အတူ မဆလာခတ်ထားသော အာလူးဟင်းများ စားခဲ့ပြီး ၎င်းတို့က သူတို့၏ နေအိမ်သို့ ဖိတ်ကာ သူတို့၏ ရိုးရာသီချင်းများကို သီဆိုရန် သင်ကြားပေးခဲ့သည် ။ ကျွန်တော်သည် ကောင်းကင်ယံ မြေမြုပ် သဂြိုဟ်ခြင်း ပွဲတော်ကိုလည်း စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ရသည် ။ ၎င်းမှာ တောင်ထိပ်တွင် ထားသော လူသေအလောင်းများကို လင်းတများက မိနစ်ပိုင်းအတွင်း ကုန်အောင်စားသောက် ပစ်ခြင်းကို ကြည့်ရှုရသော ၎င်းတို့ အထွက်အမြတ်ထားသည့် အသုဘ ဈာပန အခမ်းအနား ဖြစ်သည် ။ ယဉ်ကျေးမှု တော်လှန်ရေးကြီးကို အသက်သွင်းရာတွင် ဖြစ်ပွားခဲ့ရသော ကြောက်မက်ဖွယ် ပုံပြင်ဇာတ်လမ်းများကိုလည်း ကြားသိခဲ့ရသည် ။ ရေခဲတမျှ အေးခဲနေသော မြစ်ပြင်ကြီးကို ကိုယ်လုံးတီး ဖြတ်ကူးကာ ခြေသလုံးအိမ်တိုင် လူမျိုးစုများကို ခြေရာခံခဲ့သည် ။ ကျွန်တော်သည် စွန့်စားခန်းများ များစွာ ရရှိခဲ့သည် ။
သို့သော် ကျွန်တော့် စိတ်ထဲတွင် စွဲကျန်ရစ်သော အမှတ်ရစရာမှာ ကျွန်တော် ရှာဖွေခဲ့သော အရာမဟုတ်ပေ ။ ကျွန်တော် အိန္ဒိယ နိုင်ငံတွင် ရှိစဉ်က မေ့မရနိုင်သော အဖြစ်အပျက် တစ်ခုကို ကြုံတွေ့ခဲ့ရသည် ။ ကျွန်တော်သည် လူစည်ကားသော လမ်းမကြီး တစ်လျှောက် သူငယ်ချင်း တစ်ယောက်နှင့် စကားပြောရင်း လမ်းလျှောက် လာခဲ့သည် ။ ထိုအချိန်တွင် ကျွန်တော့် မျက်လုံးထောင့် တစ်နေရာတွင် တစ်စုံတစ်ခု တွေ့ရှိလိုက်သည် ။ လမ်းဘေးတွင် ခွေးခြေထိုင်ခုံ ဖြင့် ထိုင်နေသော အနာကြီး ရောဂါသည် အမျိုးသားက ၎င်း ဘေးရှိ အနာကြီး ရောဂါသည် အမျိုးသမီးကို သူ၏ ကျောကုန်းကို ကုတ်ပေးရန် ခိုင်းစေနေခြင်း ဖြစ်သည် ။ ၎င်းတို့ နှစ်ဦးစလုံး တွင် လက်များမရှိပေ ။ အနာကြီး ရောဂါသည် အမျိုးသမီးသည် ရှေ့သို့အနည်းငယ် တိုးလိုက်ပြီး သူမ၏ လက်ချောင်းများ မပါရှိသော လက်ဖြင့် အနာကြီး ရောဂါသည် အမျိုးသား၏ ပိန်လှီနေသော ကျောပြင်ကို ပွတ်ပေးနေသည် ။ သို့သော် သူမ ကုတ်ပေးနေခြင်းသည် မထိရောက်လုနီးပါးပင် ဖြစ်သည် ။ အနာကြီး ရောဂါသည် အမျိုးသားသည် လက်သည်းများဖြင့်သာ ပေးနိုင်သော စိတ်ကျေနပ်မှုမျိုးကို မျှော်လင့်ချက်မဲ့စွာ တောင့်တလျှက်ရှိသည် ။ လူစည်ကားသော ထို လမ်းမကြီးပေါ်တွင် လူများသည် သွားလာလှုပ်ရှား လျှက်သာရှိသည် ။ ကျွန်တော်လည်း အပါအဝင် ဖြစ်သည် ။ ထို့ကြောင့် ကျွန်တော် လည်း ဆက်လက် စကားပြောရင်း လမ်းလျှောက်လာစဉ်တွင် ဘေးမှ ကျွန်တော့် သူငယ်ချင်း ပျောက်သွားသည်ကို သတိမူမိလိုက်သည် ။ ထို့နောက် စက္ကန့်ခန့် အကြာတွင်မူ သူမသည် အနာကြီး ရောဂါသည် အမျိုးသား၏ ကျောပြင်ကို သွားကုတ်ပေးနေသည် ကို တွေ့ခဲ့ရသည် ။ နောက်ထပ် တစ်မိနစ်ခန့်ကြာအောင် သူမသည် အသေးငယ်ဆုံးသော လူသားဆန်သည့် အပြုအမူကို ပြုနေသည်။ မည်သူမျှ မထိချင်မတို့ချင်သည့် လူတစ်ယောက်၏ ကျောပြင်ကို ကုတ်ပေးနေခြင်း ဖြစ်သည် ။ ထိုအနာကြီး ရောဂါသည် အမျိုးသား၏ မျက်နှာပေါ်တွင် အလှပဆုံးသော အပြုံး တစ်ခုကို တွေ့လိုက်ရသည် ။ ထိုအချိန်တွင် ကျွန်တော့် သူငယ်ချင်းသည် အမေရိကန်လူမျိုး တစ်ဦးလည်း မဟုတ်ပေ ။ အိန္ဒိယလူမျိုး တစ်ဦး လည်း မဟုတ်ပေ ။ သူမသည် တစ်ခြားလူသား တစ်ယောက်၏ ကျောပြင်ကို ကုတ်ပေးနေသည့် တစ်ကိုယ်ကောင်း မဆန်တတ်သည့် လူသားတစ်ဦးသာ ဖြစ်သည် ။
ထိုသို့သော လူမျိုးသည် ကျွန်တော် ဖြစ်နိုင်ပါမည်လော ။ သို့သော် ကျွန်တော် အသက် (၂၀) ကျော် အရွယ်များတွင် ကမ္ဘာကြီးပေါ်၌ ကွဲပြားခြားနားမှု တစ်ခုမျှ ဖြစ်ပေါ်လာစေရန် ကျွန်တော် လုပ်ဆောင်ခဲ့ခြင်း မရှိပေ ။ ကျွန်တော်သည် ပြီးခဲ့သော ဆယ်စုနှစ် တစ်ခုလုံးကို တစ်ကိုယ်ကောင်း ဆန်စွာ ကုန်ဆုံးစေခဲ့သည် ။ ကျွန်တော်သည် ပညာသင်ကြားခဲ့သည် ၊ ခရီးသွားခဲ့သည် ၊ အသက်မွေး ဝမ်းကျောင်း အိပ်မက် နောက်ကို တကောက်ကောက် လိုက်နေခဲ့သည် ။ ကျောင်းတုန်းက အကြွေးများ ဆပ်ခဲ့သည် ။ ကျွန်တော် ၎င်းထက် ပိုမို မလုပ်ဆောင်နိုင်ခဲ့၍ စိတ်အနှောင့်အယှက် ဖြစ်မိသည် ။ ကျွန်တော် လုပ်အားပေးအလုပ်များ လုံလောက်စွာ မလုပ်ဆောင်ခဲ့ပေ ။ အလှူ အဖွဲ့အစည်းများသို့လည်း ငွေများလုံလောက်စွာ မပေးခဲ့ဖူးပေ ။ သို့သော် ကျွန်ုပ် ယခု တွေးမိနေသည်မှာ ကျွန်တော်သည် ထိုအဖြစ်ကြီးကို ထမ်းပိုးထားစရာမလိုတော့ ဟူ၍ဖြစ်သည် ။ ကျွန်တော် အသက်နှစ်ဆယ်ကျော် အရွယ်များတွင် အချိန်နှင့် ငွေများ ရှားပါးခဲ့သည် ။ ထို့ကြောင့် ကျွန်တော် အသက် သုံးဆယ်ကျော် အရွယ်မှာမူ တစ်ခုခုတော့ ထူးခြားရမည်ဟု မျှော်လင့်မိသည် ။ ထိုသို့ လုပ်ဆောင်နိုင်မည့် အချိန်ရောက်ရှိသည် အထိပေါ့လေဟု တွေးမိသည် ။ သို့သော် ကျွန်တော် တွေးမိသည်မှာ အိန္ဒိယမှ သူငယ်ချင်းလေး လုပ်ဆောင်ခဲ့သော လူသားဆန်မှုသည်ပင် အတော်လေး တာသွားနေသည် ဟုပင် တွေးမိသည် ။
သင်လည်း အသက် (၃၀) အရွယ် ရောက်ရှိပြီဆိုလျှင် ထိုသို့သော အရာများကို ရှာဖွေရန် တိုက်တွန်းလိုသည် ။ ခရီးသွားပါ ။ သင်၏ သက်တောင့်သက်သာ နေရာမှ ထွက်လာပါ ။ အပန်းဖြေ စခန်းများကို တစ်ကြိမ်လောက် မေ့ထားလိုက်ပြီး လူတန်းစားများ ၊ လူမျိုးများ ၊ ကြွယ်ဝချမ်းသာမှုများ ကွာခြားသော လူများနှင့် တွေ့ကြုံနိုင်မည့် ဒေသတစ်ခုသို့ သွားရောက်ရန် လေယာဉ်လက်မှတ် ဝယ်ယူပါ ။ အဘယ့်ကြောင့်ဆိုသော် သင်ဘယ်နေရာသို့ပင် သွားသည်ဖြစ်စေ သင်မှန်ကန်စွာ ကြည့်ရှုတတ်ပါက ကျွန်ုပ် မြင်သည့် အရာများကို မြင်နိုင်မည်သာ ဖြစ်သည်။ လူကောင်းဆိုသည်မှာ နေရာတိုင်းတွင် ရှိပါသည် ။ ထိုသို့သော အချိန်ခဏတာလေးများကို ရယူပြီး ၎င်းအချိန်တာလေးများကို ယုံကြည်ကာ စိတ်ကူးဉာဏ် ကွန့်မြူးနိုင်ပါက သင်တစ်ဘဝလုံး ပျော်ရွှင်နိုင်မည် ဖြစ်သည် ။ ပျော်ရွှင်သော မွေးနေ့ပါဟု ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည် ။
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။