သင်၏ အတ္တနှင့် တစ်ကိုယ်​ကောင်းဆန်သည့် စိတ်ဓါတ်မှ ရုန်းထွက်ပါ။

in #myanmar6 years ago

20171014_070907.jpg
(၂)သင်၏ အတ္တနှင့် တစ်ကိုယ်ကောင်းဆန်သည့်
စိတ်ဓာတ်မှ ရုန်းထွက်ပါ။
ဤ ထူးခြားသော ပရဟိတ လုပ်ငန်းရှင်သည် Kiva အသေးစား ချေးငွေ လုပ်ငန်းကို ပူးတွဲတည်ထောင်သူ ဖြစ်ပြီး သူမသည် အများသူငှါကို ကူညီ၍ စိတ်ကူးဉာဏ်ကွန့်မြူးမှုကို ရရှိသူဖြစ်သည် ။ ကြီးကျယ်သော စိတ်ကူးစိတ်သန်းနှင့် ၎င်းကို လုပ်ဆောင်လိုစိတ်ရှိသော လူတစ်ယောက်သည် ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်ကြောင်း သူမက သက်သေပြခဲ့သည် ။
Jessica Jackley Flannery ရေးသားသည် ။
အသေးစား ချေးငွေ လုပ်ငန်းဖြစ်သော Kiva ကို ပူးတွဲတည်ထောင် ခဲ့သူဖြစ်သည့် Flannery သည် အသေးစားငွေကြေး အထောက်အပံ့ လုပ်ငန်းများ ၊ အနုပညာ ပုံသဏ္ဍာန်အမျိုးစုံ နှင့် ပေါင်းသင်းဆက်ဆံရေး တို့သည် ပြောင်းလဲမှု တစ်ခု လုပ်ဆောင်ရာတွင် အရေးပါသော လက်နက်များ ဖြစ်သည်ဟု ယုံကြည်သည် ။ သူမသည် အပြောင်းအလဲတစ်ခု၏ ရင်းမြစ်ကို အယုံအကြည် ရှိသူဖြစ်သည် ။ Kiva အသေးစား ချေးငွေလုပ်ငန်းကို မတည်ထောင်ခင် ကပင် အများသူငှါပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် အကျိုးအမြတ် မယူသည့် အဖွဲ့အစည်း အများအပြားတွင် လုပ်ကိုင်ခဲ့သည် ။ Jessica သည် Stanford Business School မှ MBA ဘွဲ့နှင့် Bucknell University မှ ဒဿနိကဗေဒ နှင့် နိုင်ငံရေး သိပ္ပံဘာသာရပ်တို့ တွင် BA ဘွဲ့ ကိုရရှိထားသူ ဖြစ်သည် ။
ကျွန်မ အထက်တန်းကျောင်းသူ ဘဝတုန်းက ခရစ်ယာန်ဘုရား ရှိခိုးကျောင်းမှ လူငယ်အဖွဲ့ နှင့် ဟေတီနိုင်ငံ ကို တစ်ပတ်ခန့်သွားခဲ့ရသည် ။ ဟေတီနိုင်ငံ မှ မိဘမဲ့ ကျောင်းတစ်ခု အတွက် အဆောက်အဦး တစ်ခုတည်ဆောက်ပေးခဲ့ရသော ထို ခရီးကို ကျွန်မ လွန်စွာစိတ်လှုပ်ရှားခဲ့သည် ။ ဟေတီတွင် ရက်အနည်းငယ်ခန့် နေခဲ့ပြီးနောက်တွင်မူ ကျွန်မသည် နွေးထွေးသော ကျွန်မ၏ မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည် ။ သို့သော် ထိတ်လန့်အံအားသင့် ဆဲဖြစ်သည် ။ ကလေးတစ်ချို့မှာ ၎င်းတို့၏ (၁၆) နှစ်မြောက်မွေးနေ့တွင် ကိုယ်ပိုင်ကားများ ရရှိနေပြီး တစ်ချို့မှာမူ အစာရေဆာ ငတ်မွတ်ခေါင်းပါးနေသော ဤကမ္ဘာကြီးတွင် နေထိုင်ရခြင်းမှာ မည်သို့သော အဓိပ္ပါယ်နည်းဟု မတွေးနိုင်သလောက်ပင် ဖြစ်သည် ။
ကျွန်မသည် ရှော့ပင်းစင်တာ ကုန်တိုက်တစ်ခု၏ အလယ်တွင် ငိုချမိသလို ဖြစ်ခဲ့သည် ။ အဘယ်ကြောင့်ဆိုသော် ဟေတီတွင် ကျွန်မ တွေ့ခဲ့ရသော လူအများအပြားသည် ထိုသို့သော နေရာမျိုး ကမ္ဘာပေါ်တွင် ရှိသည်ဟူ၍ပင် မယုံကြည်နိုင်ကြကြောင်း ကျွန်မသိ၍ ဖြစ်သည် ။ ထို့နောက် သီတင်းပတ် အနည်းငယ်အကြာ ကျောင်းကပွဲ တစ်ခုတွင် ကျောင်းသူ၊ ကျောင်းသား များနှင့် ၎င်းတို့၏ မိဘများသည် ဇိမ်ခံကားကြီးများ ပေါ်မှဆင်းလာကာ ကျောင်း၏ အားကစားရုံ အတွင်းသို့ ပွဲတက်ဝတ်စုံ အပြည့် ၊ လှပသော ဝတ်စုံများဖြင့် ဝင်ရောက်လာကြသည်ကို တွေ့ရသောအခါ ကျွန်မ၏ ကိုယ်ခန္ဓာ တစ်ခုလုံးတုန်ရီ လာရသည် ။ ထို့နောက် တွင်တော့ ကမ္ဘာပေါ်က တစ်ချို့သော လူတွေ အဆင်မပြေနိုင်တဲ့ အချိန်မှာ ဘာလို့ဒီ လူတွေ ဒီလောက်နေနိုင်ရသလဲဟု စိတ်ထဲမှ အော်ဟစ်ရေရွတ်လိုက်မိသည် ။
ကျွန်မသည် ယခု ကျွန်မတွေ့ရှိလိုက်သော အချက် နှင့်ပတ်သက်ပြီး တစ်စုံတစ်ခု လုပ်ဆောင်လိုသည် ။ ၎င်းလုပ်ဆောင်ချက်ကိုလည်း ကြီးမားသော စီမံကိန်းတစ်ခုကဲ့သို့ ဖြစ်လိုသည် ။ ကျွန်မ ယခုလေးတင် တွေ့ကြုံခံစားခဲ့ရသော လောက၏ အမှန်တရားကြီးကို ပြောင်းလဲပစ်ချင်သည် ။ သို့သော် ၎င်းမှာ မည်သည်ဖြစ်သည် ၊ မည်သို့ လုပ်ရမည်ကို ကျွန်မ မသိရှိပေ ။
ထို့နောက် နှစ်အနည်းငယ် အကြာတွင် ကျွန်မသည် ကောလိပ်သို့ တက်ရောက်ရကာ ကျွန်မ ချစ်ခင်မြတ်နိုးသော ဘာသာရပ်များကို လေ့လာသင်ယူခဲ့သည် ။ ဒဿနိကဗေဒ၊ ကဗျာနှင့် အနုပညာ ဘာသာရပ်တို့ ဖြစ်သည် ။ ထို့နောက်တွင် ကျွန်မ သိလိုသော မေးခွန်းဖြစ်သည့် ကမ္ဘာကြီးသည် ဘာကြောင့် ယခုကဲ့သို့ ဖြစ်နေရသည် နှင့် ၎င်းကို မည်သို့ဖြေရှင်းရမည် ဟူသော အဖြေကိုပေး နိုင်မည်ဟု ယူဆရသည့် ဘာသာရပ် တစ်ခုကိုလည်း လေ့လာသင်ယူ ခဲ့သည် ။ ၎င်း မှာ နိုင်ငံရေး သိပ္ပံဘာသာရပ်ဖြစ်သည် ။ အစိုးရဆိုသည်မှာ ဥပဒေ စည်းမျဉ်းများ အားလုံး ကိုဖန်တီးသည် မဟုတ်ပါလော ။ (ထိုအချိန်က ကျွန်မသည် စီးပွား စီမံခန့်ခွဲရေးပညာရပ်ကို လေ့လာ သင်ယူရန် မတွေးမိခဲ့ပေ ။ ကျွန်မ ဆိုလိုသည်မှာ ကျွန်မသည် လူများကို ကူညီပေးလိုသည် ။ ထို့ကြောင့် စီးပွားရေး နှင့် ပတ်သက်ပြီး ဘာကြောင့် လေ့လာရန် လိုအပ်သနည်း ဟူ၍ ဖြစ်သည် ။ စီးပွားစီမံ ဘာသာရပ် နှင့် ထိုအလုပ် နှင့် ဘာဆိုင်သနည်း ဟူ၍ အတွေးပေါ် မိခဲ့ခြင်းဖြစ်သည် ။ ကျွန်မ၏ နွေရာသီကျောင်း ပိတ်ရက်များတွင် ကျွန်မသည် ကျွန်မ၏ အချိန်များကို လက်တွေ့ လုပ်ဆောင်မှုများ နှင့် အလှအပ အနုပညာအလုပ် များအတွက် အချိန်ခွဲပေးခဲ့သည် ။ ကျွန်မ၏ အချိန်တစ်ဝက်ကို ဆီးနိတ် လွှတ်တော်အမတ် ရုံးတစ်ခုတွင် အလုပ်သင်အဖြစ် လုပ်ကိုင် လေ့လာခဲ့သည် ။ ထို့နောက် အကျိုးအမြတ် မယူသော ကူညီကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်း များတွင် လုပ်ကိုင်ခဲ့သည် ။ ကျန်အချိန် တစ်ဝက်ကိုမူ အနုပညာသင်ခန်းစာ များသင်ကြားရင်းဖြင့် အချိန်ကုန်ဆုံးစေခဲ့သည် ။
ကျွန်မ ဘွဲ့ရအပြီးတွင် ကယ်လီဖိုးနီးယားသို့ ပြောင်းရွှေ့ခဲ့ပြီး Stanford တက္ကသိုလ်တွင် အလုပ်ရခဲ့သည် ။ Standford တက္ကသိုလ်၏ Center For Social Innovation ဟူသည့် သုတေသန ဗဟိုဌါန တွင်ဖြစ်သည် ။ ကျွန်မသည် ထိုနေရာတွင် အလုပ်လုပ်ရသည် ကို လွန်စွာ စိတ်လှုပ်ရှားမိသည် ။ အဘယ့်ကြောင့်ဆိုသော ထိုဌါနရှိ ကြီးမြတ်သော တွေးခေါ် ပညာရှင်များ အပြင် လူမှုစီးပွားရေး လုပ်ငန်းများ ၊ ပရဟိတ လုပ်ငန်းများ ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ အစရှိသည့် စိတ်ကူးစိတ်သန်းကောင်းများ ဝိုင်းရံနေသဖြင့် လူမှုရေး နှင့် အများပြည်သူရေးရာကဏ္ဍတွင် ကျွန်မ မည်သည့် နေရာ၌ အံဝင်ခွင်ကျဖြစ်မည်ကို ဆုံးဖြတ်နိုင်မည်ဟု ယုံကြည်မိသည် ။ အမှန်တကယ်လည်း ဆုံးဖြတ်နိုင်ခဲ့ပါသည် ။ ၂၀၀၃ ခုနှစ် ဆောင်းဦးရာသီခန့်တွင် ကျွန်မသည် Dr. Mohammad Yunus ကအသေးစား ချေးငွေလုပ်ငန်းအကြောင်း စတင်ပြောကြားသည် ကိုကြားခဲ့ရသည် ။ ကျွန်မ တစ်ခါတည်း စိတ်ဝင်စား သွားမိသည် ။ ၎င်း အလုပ်သည် ကျွန်မ နှင့် ကိုက်ညီသည် ။ သူပြောပြသည် များကို နားထောင်ရသည်မှာ စိတ်နှစ်ကိုယ်နှစ် ပင်ဖြစ်သည် ။ ကျွန်မသည် သူလုပ်ခဲ့သော အလုပ်မျိုးကို လုပ်ရန် ဆန္ဒရှိ ကြောင်းသေချာ သွားပြီဖြစ်သည် ။ ထို့ပြင် သူကလည်း ယင်းအလုပ်သည် အလုပ်ဖြစ်နိုင်ကြောင်း ပြောပြနိုင်ခဲ့သည် ။ ကျွန်မ မျက်စိထဲ မြင်ရသည်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရှိ ရွာများသို့ သူသွားကာ ဒေသမှ လူများ၏ ဘဝကို လေ့လာမည် ။ သူတို့၏ လိုအပ်ချက်များကို လေ့လာမည် ။ ထို့နောက် သူ၏ အိတ်ကပ်ထဲ လက်နှိုက်ပြီး၎င်း တို့ လိုအပ်သည့် ဒေါ်လာအနည်းငယ်မျှကို ချေးငှါးမည် ။ ၎င်း ငွေသည် သူတို့အား ဆင်းရဲတွင်းထဲ ဆွဲသွင်းနေသော သံသယာကြီး ကို ချိုးဖျက်ပေးနိုင်မည် ဖြစ်သည် ။ ၎င်း မြင်ကွင်းမှာ အလွန်လှပ ပါသည် ။ လူများအား အသေးစား ချေးငွေ နှင့် တခြားတခြားသော ဘဏ္ဍရေး ဝန်ဆောင်မှုများပေးမည် ။ ထိုမှတဆင့် ၎င်းတို့ စီးပွားရေး လုပ်ငန်း လုပ်ကိုင်နိုင်စေကာ ဆင်းရဲတွင်းမှ လွတ်ကင်းစေမည် ဖြစ်သည် ။ ၎င်း အလုပ်မှာ ကျွန်မ အတွက် ပညာရပ်ပိုင်းဆိုင်ရာ အရ ၊ စိတ်ခံစားမှု ဆိုင်ရာ အရ အပြင် စိတ်ဝိဉာဉ်ဆိုင်ရာ အရပါ အဓိပ္ပါယ်ရှိနေသည် ။ ကျွန်မလည်း ထိုအလုပ်တွင်ပါဝင်လိုသည် ။
လအနည်းငယ် ကြာပြီး နောက်တွင် ကျွန်မ ထို အခွင့်အရေးရရှိ ခဲ့သည်။ Village Enterprise Fund ၏ တည်ထောင်သူနှင့် အမှုဆောင်ညွှန်ကြားရေးမှုးဖြစ်သော Brian Lehnen သည် ကျွန်မကို Uganda နိုင်ငံ ၊ Kenya နိုင်ငံ နှင့် Tanzania နိုင်ငံ တို့၌ ၃လခန့် သူ့အတွက် သွားရောက် အလုပ်လုပ်ပေးရန် ခန့်အပ်ခဲ့သည် ။ သူ့၏ အဖွဲ့အစည်း က ဒေသခံ လူများအား စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်နိုင်ရန် အမေရိကန်ဒေါ်လာ ၁၀၀ စီခန့် ချေးထားသော စီးပွားရေးလုပ်ငန်းရှင်သစ်လေးများကို အင်တာဗျူးရန်ဖြစ်သည် ။ ကျွန်မ၏ တာဝန်မှာ ထိုချေးလိုက်သောငွေက သူတို့၏ဘ၀ နှင့် သူတို့မိသားစု နှင့် အသိုင်းအဝိုင်းအပေါ် မည်သို့ အကျိုးသက်ရောက်သည် ကို တွက်ချက်လေ့လာရန်ဖြစ်သည် ။ သူတို့ကို ကျွန်မ၏ စစ်တမ်းများ ဖြည့်ရာတွင် အကူအညီပေးရသည် ။ ထို့ပြင် သူတို့ နှင့် ပတ်သက်သည့် ကိုယ်ရေးအတ္တုပ္ပတိများ ၊ အလုပ်နှင့် လုပ်ငန်းဆိုင်ရာလေ့လာချက်များ အပြင်ဓာတ်ပုံများကိုပါ ရိုက်ကူးခွင့်တောင်းခံရသည် ။ ၎င်းမှာ ကျွန်မ ဖြစ်ချင်ခဲ့သည့် အိပ်မက် အလုပ်အကိုင်ပင်ဖြစ်သည် ။ ထို့ကြောင့် ကျွန်မသည် လေယာဉ်တစ်စင်းပေါ်သို့ အမြန်ဆုံးခုန်တက်လိုက်ပါတော့သည် ။
ကျွန်မ အာဖရိက အရှေ့ပိုင်းတွင် ရှိနေစဉ်က ထိုစီးပွားရေးလုပ်ငန်းရှင်သစ်လေးများ ပြောပြသော အောင်မြင်မှုဇာတ်လမ်းများကြောင့် လွန်စွာ စိတ်လှုပ်ရှားခဲ့ရသည် ။ ယင်း ဇာတ်လမ်းတိုင်းသည် ပြီးပြည့်စုံသော ဇာတ်လမ်းများဖြင့် မဟုတ်ပေ ။ သို့သော် ၎င်းတို့သည် လူတို့ဘဝ၏ စစ်မှန်သော ဇာတ်လမ်းများဖြစ်ကြသည် ။ ၎င်းတို့သည် မျှော်လင့်ချက် နှင့် အားအင်အပြည့်ပါသော ဇာတ်လမ်းများဖြစ်သည် ။ ဇာတ်လမ်းတိုင်းသည် အောင်မြင်မှုရှိသည် ။ စိတ်လှုပ်ရှားဖွယ်ကောင်းသည် ။ ဝမ်းနည်းဖွယ်ရာ များလည်းအပါအဝင် ဖြစ်သည် ။
အောင်မြင်ရန် အခွင့်အရေး တစ်ခုပေးလိုက်ခြင်းသည် ဤ လူတစ်ဦးချင်းစီကို အံ့သြဖွယ်ကောင်းလောက်အောင် ပြောင်းလဲပစ်ခဲ့သည် ။ အတော်အတန်ပင် နည်းပါးလှသည့် ငွေပမာဏလေးသည် လူတစ်ဦး၏ ဘ၀ ကို အမြဲတမ်း ထာဝရစစ်မှန်သော နည်းလမ်းဖြင့် ပြောင်းလဲပေး နိုင်သည် ကိုတွေ့ရှိခဲ့ရသည် ။ ကျွန်မသည် ၎င်းတို့ဘာများဖြစ်သည် ကို အနီးကပ် ကြည့်ရှုခွင့်ရသည် အခွင့်ထူးခံလူတစ်ဦးဖြစ်သည် ။ ရွှံ့နှင့် သက်ကယ်များကို အသုံးပြုသည့် အိမ်များအစား အုတ်နှင့် ကွန်ကရစ် ကိုသုံးသော အိမ်များ ဖြစ်လာခြင်း ၊ ခြင်ထောင်များ ဝယ်နိုင်လာခြင်း ၊ ကျန်းမာရေး နှင့် ညီညွတ်သော အစားအစာများ စားသောက်နိုင်လာခြင်း ၊ မိမိတို့၏ ကလေးများအတွက် ကျောင်းလခ ကို ဂုဏ်ယူဝင့်ကြွားစွာပေးလာ နိုင်ပြီဖြစ်သော မိဘများစသည်ဖြင့် ဖြစ်သည် ။ တစ်ခါတစ်ရံတွင် အသေးစိတ်အချက်အလက်လေးများ မှာသေးငယ်လွန်းသဖြင့် ကျွန်မ၏ အကျိုးသက်ရောက်မှု စစ်တမ်း မေးခွန်းနှင့်ပင် အံမဝင်နိုင်ပေ ။ Elizabeth ကမူ သူမ လဖ္ဘက်ရည်သောက်ရာတွင် သကြားထည့်နိုင်ပြီဟု ပြောသည် ။ Rose သည် အရပ် အနည်းငယ်ပိုရှည်လာပြီး စကားပြောသောအခါ မျက်လုံးမှာ အသက်ပါလာသည် ။ Joseph သည်ယ္ခုတွင် သူ့အိမ်တံခါး အတွက်သော့ခလောက် အငယ်စားလေးတစ်ခုကို ဝယ်နိုင်ပြီဖြစ်သည် ။ ၎င်း၏ ဆင်ခြေဖုံး အရပ်တွင်ရှိသော သူ၏အိမ်မှ မိသားစုမှာ လုံခြုံမှု ကို ခံစားရသည် ။ ကျွန်မသည် တိုင်းတာ၍ပင် မရနိုင်သော ဤ သေးဖွဲသည့် အရာလေးများကပင် အဓိပ္ပါယ်ရှိလွန်းပြီး မျှဝေပြောပြ ထိုက်သော အရာများဟုထင်မိသည် ။ ထို့ကြောင့် ကျွန်မသည် ၎င်းတို့ကို ကျွန်မ၏ လေ့လာချက် စစ်တမ်းထဲ ထည့်သွင်းရေးသားပါသည် ။
ကျွန်မ၏ ခင်ပွန်းဖြစ်သော Matt သည် ကျွန်မ၏ အလုပ်ကို အလည်အပတ်သဘော လာရောက်ကြည့်ရှုသည်။ သူသည်လည်း ထိုဇာတ်လမ်းများကြောင့် လွန်စွာစိတ်လှုပ်ရှားခဲ့ရသည်။ အမှန်မှာမူ သူသည် ၎င်းတို့၏ ဖမ်းစားမှုကို ခံရသည် မှာ သုံးလေးပတ်ရှိပြီ ဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် ကျွန်မသည် သူ့ကို ဇာတ်လမ်းများအကြောင်း ဖုန်း နှင့် တစ်မျိုး အီးမေးလ် နှင့်တစ်ဖုံ ပြောပြထားပြီး ဖြစ်၍ဖြစ်သည် ။ ကျွန်မတို့ ဇနီးမောင်နှံသည် ထိုအားအင်ပြည့်ဝ၍ စိတ်လှုပ်ရှားဖွယ်ကောင်းသော ဇာတ်လမ်းများကို လူအများအပြား ပိုမိုကြားနိုင်ပါက ကမ္ဘာကြီးသည် မည်သို့ပြောင်းလဲသွားမည်နည်း ဟုတွေးမိသည် ။ နားထောင်ကောင်းသော ဇာတ်လမ်းလေးကို မျှဝေပြောပြရုံဖြင့် အပြောင်းအလဲ တစ်ခုကို ပြုလုပ်နိုင်မည် ဟူသော အတွေးမှာစိတ်လှုပ်ရှားဖွယ် ဖြစ်သည် ။ ကျွန်မတို့သည် ယ္ခင်က တွေ့ခဲ့ရသော စီးပွားရေးလုပ်ငန်းရှင်သစ်လေးများ နှင့် ယ္ခုတိုင် အဆက်အသွယ် ရှိနေမည်ဆိုလျှင် ကျွန်မတို့သည် စစ်မှန်သော နည်းလမ်းတစ်ခုဖြင့် သူတို့၏ ဇာတ်လမ်းထဲတွင် ဆက်လက်ပါဝင် ပတ်သက်နေဦးမည် ဟုတွေးမိပါသည် ။ ၎င်းတို့၏ ဇာတ်လမ်းများထဲတွင် ကျောက်တောင်တက် ရသည့် ချိတ်ကဲ့သို့သော အောင်မြင်မှုမျိုး ရှိကြောင်းလည်း တွေ့ရှိခဲ့ရသည် ။ ၎င်းတို့ထဲမှ အများအပြားသည် အတော်များများ အဆင်ပြေနေကြပြီ ဖြစ်သည် ။ သို့သော် ထို့နောက်တွင် ဘာဖြစ်မည်နည်း ။ ၎င်းတို့ထဲမှ အများအပြားသည် နောက်ထပ် အခွင့်အရေးများ ထပ်ပေးပါမှ ပိုမိုအောင်မြင်နိုင် မည်ကိုကျွန်မတို့သိကြသည် ။ ၎င်းတို့ထဲမှ အများအပြားသည် နောက်တစ်ကြိမ် အသေးစားချေးငွေ လိုအပ်နေမည် ။ ကျွန်မတို့နှင့် ကျွန်မတို့၏ မိသားစုများ ၊သူငယ်ချင်း မိတ်ဆွေများသည် ဘာကြောင့် သူတို့ကို ငွေထပ်မချေးနိုင်ရမည်နည်း ။ ၎င်းတို့ အောင်မြင်အောင် လုပ်ဆောင်နေစဉ် ဘာတွေဖြစ်ပျက်ခဲ့သည် ကို ကျွန်မတို့ကို အသိပေးရန် ဆဲလ်ဖုန်းများ ၊ ကင်မရာများ ဘာကြောင့် မထားခဲ့နိုင်ရမည်နည်း ။
တစ်နှစ်ခန့် သုတေသနများ ပြုလုပ်အပြီးတွင် ကျွန်မတို့၏ စိတ်ကူးစိတ်သန်းကို အချိန်ပေးနိုင်တော့မည်ဟု ယူဆရသူ အများအပြားနှင့် စကားပြောဆွေးနွေး အပြီးတွင်မူ ထောက်ခံမှု အများအပြားဖြင့် မရရှိခဲ့ပေ ။ ကျွမ်းကျင်သူ အများအပြားက ဆိုရာတွင် ကျွန်မတို့ လုပ်ချင်သည့် အရာမှာ တရားမဝင်ကြောင်းဆိုသည် ။ တခြားသူများက ဆိုရာတွင် ၎င်းမှာ မထိရောက်နိုင်သည့် အပြင်ကျယ်ကျယ်ပြန့်ပြန့်လည်း လုပ်ဆောင်နိုင်မည် မဟုတ်ဟုဆိုသည် ။ တခြားသူများကမူ အသေးစား ချေးငွေပေးခြင်းသည် တစ်စုံတစ်ယောက်သော လူအတွက် လက်ဆောင်ပေးခြင်း ၊ လှူဒါန်းခြင်းထက် ပိုမိုသင့်တော်သည့် အရာဖြစ်သည်ကို လက်မခံကြပေ ။ ထိုသို့သော တုံ့ပြန်ချက်မျိုး ရရှိသည်မှာ စိတ်ပျက်ဖွယ်ကောင်းသည် ။ သို့သော် အချက်တစ်ခုမှာ မှန်ကန်နေသည် ။ ၎င်းမှာ ကျွန်မ၏ သူငယ်ချင်း ၊ မိတ်ဆွေများနှင့် မိသားစုဝင်များက ထို စိတ်ကူးကို အစက ကဲ့သို့ပင် ထောက်ခံယုံကြည်ဆဲဖြစ်သည် ။ ထို့ကြောင့်ပင် ကျွန်မတို့ ထိုအလုပ် ကို စတင်လုပ်ဖို့ ဆုံးဖြတ်ခဲ့သည် ။ သူတို့နှင့်ပင် စတင်ဖို့ လုပ်ဆောင်ခဲ့သည် ။
ကျွန်မသည် Uganda နိုင်ငံသို့ ပြန်လာခဲ့သည် ။ ထို့နောက် ပြီးခဲ့သော နှစ်က ကျွန်မတွေ့ခဲ့ဖူးသည့် မိတ်ဆွေတစ်ယောက် ကိုရှာခဲ့သည် ။ သူသည် Uganda နှင့် Kenya နိုင်ငံ နယ်စပ်ရှိ ရွာငယ်လေးတစ်ခုတွင် ခရစ်ယာန် တရားဟောဆရာတစ်ယောက်ဖြစ်သည် ။ သူသည် ရှေ့ရေး ကိုသာ အမြဲတမ်းကြိုတွေးတတ်သူ တစ်ဦးလည်းဖြစ်သည် ။ ထို့နောက်တွင် ကျွန်မသည် သူ့ကိုကင်မရာ တစ်ခုပေးကာ သူ၏ရွာထဲရှိ ​နောက်ထပ်အသေးစားချေးငွေ လိုအပ်နေသော ကျွန်မတို့၏ ​မိတ်ဆွေများ၏ ဓာတ်ပုံကို ရိုက်ကူးခိုင်းခဲ့သည် ။ သူတို့၏ ဇာတ်လမ်းများ နှင့် ​နောက်ထပ်ချေးငွေ လိုအပ်ချက်များကိုလည်း ရေးစေခဲ့သည် ။ ထို့နောက်တွင် Matt တည်ဆောက်ထားသော www. kiva.org ( Kiva ဆိုသည်မှာ ပေါင်းစည်းမှုဟုအဓိပ္ပါယ်ရသည် ။ ) ဟူသော ဝက်ဆိုက်တွင် တင်ပေးခိုင်းခဲ့သည် ။ Matt သည် လူတွေ နှင့် ဆက်သွယ်ရာတွင် နည်းပညာများ၏ စွမ်းအားလုပ်နိုင်စွမ်း ကို ကျွန်မထက် ပိုမိုနားလည်သူ ဖြစ်သည် ။ သူသည် ဤ လုပ်ငန်းအတွက် ရိုးရှင်းခန့်ညားပြီး အသုံးရလွယ်ကူသော platform တစ်ခုကို ဖန်တီးနိုင်ခဲ့သည် ။ ထို့နောက် ကျွန်မအိမ်ပြန် ရောက်သောအခါ ကျွန်မတို့သည် ကျွန်မတို့၏ မင်္ဂလာဧည့်ခံပွဲ မှ ပရိသတ်များ လိပ်စာများကို အလိုအလျောက် စာပို့စနစ်ဖြင့် စာများပို့ခဲ့သည် ။ ၎င်းတွင် ကျွန်မတို့၏ ဝက်ဆိုက်ကို တစ်ခေါက်ကြည့်ရှုပြီး အသေးစားငွေချေးရန် စိတ်ဝင်စားသလား မေးမြန်းခဲ့သည် ။ နောက် ၄၈နာရီ အတွင်းမှာပင် စီးပွားရေးလုပ်ငန်းများက လိုအပ်သော ဒေါ်လာ ၃၀၀၀ ကို ရရှိခဲ့သည် ။ ထို့ကြောင့်ကျွန်မတို့က Uganda ကိုလှမ်းပို့ခဲ့သည် ။ နောက်လာမည့် ၆ လတွင် ကျွန်မတို့သည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ကြီးထွားလာသည်ကို စောင့်ကြည့်ခဲ့သည်။ ထို့နောက် သူတို့၏ ချေးငွေကို သူတို့ အကျေဆပ်နိုင်သောအခါတွင် စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ရသည်။ ကျွန်မတို့၏ စမ်းသပ်ချက်သည် အောင်မြင်ခဲ့သည် ။ ထို ပထမ အကြိမ်ချေးငွေ ချေးပြီးသောအခါ ဒုတိယ အကြိမ် နှင့် တတိယ အကြိမ်တို့ ဆက်လက်ပြုလုပ်ခဲ့သည် ။ ထို့နောက်တွင် ဒါဇင် နှင့် ချီပြီး ဆက်တိုက်လုပ်ဆောင်ခဲ့သည် ။ ကျွန်မတို့သည် အကူအညီပေးမည့် လူများကိုလည်း ရှာဖွေတွေ့ရှိခဲ့သည် ။ ကျွန်မတို့ နှင့် အတူလက်တွဲ လုပ်ရန် တရားဝင်အဖွဲ့အစည်းများ နှင့် လည်း သဘောတူညီမှုများ ရရှိခဲ့သည် ။ ချေးငွေများ ထုတ်ချေးခြင်း ၊ ပြန်ဆပ်ငွေများ ကောက်ခံခြင်း ၊ ငွေပေးချေးငှါးသူများ ရှာဖွေခြင်းစသည်တို့ကို လျင်မြန်စွာ ကျယ်ပြန့်လာသည့် ဝက်ဆိုက်လေးမှ တဆင့်လုပ်ဆောင်သည် ။ ကျွန်တို့ လုပ်ငန်းစတင်လုပ်ကိုင်သည့် ပထမဆုံး တရားဝင်နှစ် အတွင်းတွင် ( Uganda နိုင်ငံသို့ ပထမဆုံး ပေးပို့သည့် ချေးငွေဒေါ်လာ ၃၀၀၀ ကို အကျေ ရရှိပြီးသည့်နေ့ မှစသည် ) ကျွန်မတို့သည် တစ်နှစ်ပတ်လုံး ချေးငွေအားဖြင့် ဒေါ်လာ ၅၀၀ ၀၀၀ ထုတ်ချေးနိုင်ခဲ့သည် ။ ဒုတိယနှစ်တွင် ဒေါ်လာ ၁၇ သန်းနီးနီး ထုတ်ချေးနိုင်ခဲ့သည် ။ ယ္ခုအချိန်တွင် မူ Kiva သည် တစ်လတည်းပင်လျှင် ဒေါ်လာ ၃ သန်း ၊ ၄ သန်း ခန့် ထုတ်ချေးလျှက်ရှိပြီး နိုင်ငံပေါင်းတစ်ရာ နီးပါးမှ လူသိန်းနှင့် ချီပြီး တစ်ဦး နှင့် တစ်ဦး ဆက်သွယ်ပေးလျက်ရှိသည် ။ ထို့ပြင်စီးပွားရေး လုပ်ငန်းရှင်သစ်တိုင်း၏ ဇာတ်လမ်းများကိုလည်း တခြားသူအားလုံး ကြည့်ရှုနိုင်စေရန် ဝက်ဆိုက်ပေါ်တွင် နေရာပေးဖော်ပြထားသည် ။
ဤခရီး နှင့် ပတ်သက်ပြီး မျှော်လင့်မထားသည့်အရာမှာ ခရီးစဉ်၏ အဆင့်တိုင်း အဆင့်တိုင်းတွင် ကျွန်မခံစားရသော ပျော်ရွှင်မှုသာဖြစ်သည် ။ ကျွန်မတို့ Kiva ကို စတင်တည်ထောင်ပြီး ပထမဆုံး စီးပွားရေးလုပ်ငန်း ၇ ခုအောင်မြင်သည်ကို စောင့်ကြည့်ခဲ့ရသော ပျော်ရွှင်မှုသည် ယ္ခုအချိန် Kiva က လူ့ဘဝပေါင်းများစွာ ကို အကျိုးသက်ရောက်မှု ပေးချိန် ပျော်ရွှင်မှု နှင့် ထပ်တူထပ်မျှသာ ဖြစ်သည် ။ ကမ္ဘာကြီးပေါ်တွင် ရှိသော ကြီးမားသည့် မမျှတမှုကို ဖြေရှင်းရန်မှာ အရွယ်အစား အတိုင်းအတာ အရေးကြီးသည်မှာ မှန်ပါသည် ။ သို့သော် ကျွန်မယုံကြည်သည်မှာ မိမိ၏ သူငယ်ချင်းထံမှ မပြောပလောက်သော အကူအညီဖြင့် တခြားသော သူငယ်ချင်းအုပ်စု တစ်ခုကို ထောက်ပံ့ဝန်ဆောင်မှု ပေးရခြင်းသည် အဓိပ္ပါယ်ရှိသော အလုပ်ဖြစ်ကြောင်း ၊ အရေးပါသော လုပ်ဆောင်မှုလည်း ဖြစ်ကြောင်း ယုံကြည်သည် ။ ၎င်းမှာ ယင်းအလုပ်ကို စတင်ရန် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်သည် ။
ကျွန်မ ယုံကြည်သော တခြားအချက်တစ်ခုမှာ ပေါင်းစည်းမှုတွင် စစ်မှန်သော စွမ်းအင်ရှိသည် ဆိုသည်ပင် ဖြစ်သည် ။ နိုင်ငံရေးပါတီများ ၊ ဘာသာရေးများ ၊ ယဉ်ကျေးမှုများ မတူညီလျှင်ဖြစ်စေ ကျွန်မတို့အားလုံးသည် တူညီသော အရာများကိုသာ အာရုံထားပါက ပေါင်းစည်းနိုင်မည် ။ Kiva သည် ကမ္ဘာကြီးပေါ်တွင် ပိုမိုကြီးမားသော ပေါင်းစည်းမှုကို ဖန်တီးပေးနိုင်မည်ဟု ယုံကြည်သည် ။ အလှူရှင် နှင့် အလှူခံဟူသော ခြားနားချက်ကြီးကို မှေးမှိန်ပျောက်ကွယ်စေကာ တစ်ချိန်မဟုတ် တစ်ချိန်တွင် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ကူညီနိုင်သော ညီမျှသည့် ပူးပေါင်းမှုကို ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်သည် ။ နေရာတိုင်းတွင် ဉာဏ်အမြော်အမြင်ရှိသော ၊ အားကောင်းသော လူများ ရှိနေသည်ဟူသော အမှန်တရားကို ဆက်လက်ရှင်သန်စေမည် ။ ချမ်းသာသော လူများက ဆင်းရဲသောသူများကို တွေးထင်ပုံ နှင့် ဆင်းရဲသောသူများက ချမ်းသာသူများ အပေါ်တွေးထင်ပုံကို Kiva က ပြောင်းလဲပစ်နိုင်မည်ဟု မျှော်လင့်သည် ။ ကျွန်မတို့သည် ကျွန်မတို့ကို သက်တောင့်သက်သာ မဖြစ်စေသော ၊ ရှုပ်ထွေးစေသော ၊ နိမ့်ကျစေသော တခြားလူများနှင့် ဆက်နွယ်မှုကို ရှောင်ရှားပြီး ၊ ၎င်းတို့ထံမှ ကာဆီးထားသော သီးခြားဘဝမျိုးကို တည်ဆောက်ရခြင်းမှာ လွယ်ကူပါသည် ။ သို့သော် ၎င်း ဆက်သွယ်ချက်မျိုးကသာ ကျွန်မတို့ကို ပြောင်းလဲပစ်နိုင်ခြင်းဖြစ်သည် ။ တစ်ခါတစ်ရံ တွင် ၎င်းတို့သည် ဤကမ္ဘာပေါ်၌ ကျွန်မတို့ မဖြစ်မနေ ရရှိရမည်ဖြစ်သော ဆက်သွယ်ချက်မျိုးလည်း ဖြစ်လာတတ်ပါသည် ။ ကျွန်မတို့ အာလုံးသည် ထိုင်နေပြီး ဆင်းရဲမွဲတေမှု လျှော့ချရေး စီမံကိန်းကြီးများကို ရေးဆွဲနေမည့်အစား တစ်ဦးချင်းစီသော လူသားများထံ သွားရောက် ကူညီခြင်း၊ နောက်တွင် နောက်တစ်ဦး ၊ နောက်တစ်ဦး စသည်ဖြင့် ကူညီပေးနိုင်မည့် ရဲရင့်သော ခြေလှမ်းများကိုချကာ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်မည် ဟုမျှော်လင့်ပါသည် ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကျွန်မတို့ တစ်ဦးချင်းစီသည် စစ်မှန်သော လဲလှယ်မှုများကို လုပ်ဆောင်နိုင်လာမည်။ ၎င်းတို့တွင် သတင်းအချက်အလက်များ ၊ ရင်းမြစ်များသာမက စေတနာကောင်းများနှင့် ဘုံမျှော်လင့်ချက်များ ပါဝင်လာနိုင်သည် ။ အသက် (၃၀) အရွယ် ဆိုသည်မှာ ထိုရည်မှန်းချက်ကို လုပ်ဆောင်ရန် အကောင်းဆုံးအချိန် ဖြစ်သည် ။ ၎င်းသည် ကျွန်မတို့၏ အကောင်းဆုံး ဆက်သွယ်ချက်လည်း ဖြစ်သည် ။ ၎င်းသည် ကျွန်မတို့ အားလုံး လုပ်နိုင်သော အရာလည်းဖြစ်သည် ။ ၎င်းသည် ကျွန်မတို့ကို ပြောင်းလဲပစ်မည် ။ ကျွန်မတို့ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်ပါသည် ။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Coin Marketplace

STEEM 0.22
TRX 0.25
JST 0.038
BTC 105311.57
ETH 3255.05
SBD 5.15