ဝတ္တရား နှင့် တာဝန် ...!
အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည်စုံကြပါစေခင်ဗျာ...
လူ့ဝတ္တရား နှင့်လူ့တာဝန်တို့သည် သဘောအားဖြင့် ခြားနားလှပေသည်။
Crd-org-source
**ဝတ္တရားမှာ လူ့ဘဝသက်တမ်းတစ်လျှောက် အချိန်မှန်မှန် အမြဲတမ်း လုပ်ကိုင်ဆောင်ရွက်သင့်သော တရားဖြစ်သည်။
#တာဝန်မှာ အမြဲတမ်းမဟုတ်သည့်တိုင် မလုပ်မဖြစ်ဆောင်ရွက်ရသော သဘောတရားဖြစ်သည်။
**ဝတ္တရား ပျက်ကွက်ပါက မင်းပြစ်မင်းဒဏ်မသင့်နိုင်ပေ။
#တာဝန်ပျက်ကွက်ပါက မိမိဆောင်ရွက်ရသော လုပ်ငန်း တာဝန်အပေါ်မူတည်ပြီး အသက်အိုးအိမ်စည်းစိမ်ထိခိုက်ခြင်း ဒါ့အပြင် မင်းပြစ်မင်းဒဏ် ခံရခြင်းများအထိဖြစ်နိုင်ပါသည်။
**မိဘအပေါ် ပြုစုစောင့်ရှောက်ရမည့် ဝတ္တရားပျက်ကွက်သော်လည်း မည်သူကမျှ အရေးယူအပြစ်ပေးခြင်း ပြုမည်မဟုတ် မိဘကလည်း မိမိသားသမီးအပေါ် အမြဲတမ်းခွင့်လွှတ်နေမည်သာဖြစ်သည်။
#နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေသူများအဖို့ တာဝန် ပျက်ကွက် ပါက ကိစ္စရပ်အပေါ်မူတည်ပြီး ငွေဒဏ် ထောင်ဒဏ်များအထိ ခံစားရနိုင်သည်။ထို့ကြောင့် တာဝန်ကို မလွဲမသွေ မပျက်မကွက် ထမ်းဆောင်ကြရမည်။
**ဝတ္တရားကိုမူ မိမိတို့၏စိတ်ဆန္ဒအလျောက် အနည်းအများ အလျှော့အတင်းပြုလုပ်၍ ကျင့်သုံးဆောင်ရွက်နိုင်သည်။
#တာဝန်ကိုမူ ထိုသို့လုပ်ဆောင်ခြင်းမပြုနိုင်ပဲ စည်းကမ်းစနစ်တကျ အချိန်အကန့်အသတ် ဖြင့် မပျက်မကွက် ဆောင်ရွက်ကြရမည်။
**ထို့အပြင် လူတစ်ဦးတစ်ယောက်သည် မိမိအကျိုးစီးပွား နှင့် ဆရာသမားမိဘတို့၏အကျိုးစီးပွားအတွက် "လိုက်နာကျင်းသုံးရသည့်" ဝတ္တရားများကို လူ့ကျင့်ဝတ်ဟုသည်။
#လူတစ်ဦးတစ်ယောက်သည် မိမိစီးပွားအတွက် ရပ်ရွာအတွက် မြို့နယ်အတွက် နိုင်ငံတော်အတွက် "ထမ်းဆောင်ရသည့်"တာဝန်များကို လူ့တာဝန်ဟုခေါ်ပါသည်။
Crd-org-source
အထက်ပါအချက်များကို ကြည့်ခြင်းအားဖြင့် တာဝန်သည် ဝတ္တရားထက် ပိုမိုအရေးကြီးကြောင်း သိသာထင်ရှားစေပါသည်။
ကျင့်ဝတ်အမျိုးအစား များစွာရှိသည့်အထဲမှ အားလုံးသိကြတဲ့ မိဘကျင့်ဝတ် (၅) ပါးနှင့် သားသမီးကျင့်ဝတ် (၅)ပါးကိုလည်း ယှဉ်တွဲဖော်ပြရေးသား ခဲ့ပါရစေ။
မိဘကျင့်ဝတ် (၅)ပါး...!
မကောင်းမြစ်တာIကောင်းရာညွှန်လတ်Iအတတ်သင်စေIပေးဝေနှီးရင်းIထိမ်းမြားခြင်းလျှင် ဝတ်ငါးအင်Iဖခင်မယ်တို့တာ။
Crd-org-source
(၁)မိဘများသည် သားသမီးများကို မကောင်းမှုများ မပြုလုပ်မိကြစေရန် ဆုံးမပြီး တားမြစ်ကြရပါသည်။
(၂)သားသမီးများကို ငယ်စဉ်ကပင် ဘုရားသွားကျောင်းတတ်ရာတွင် ခေါ်သွားခြင်းlယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံတတ်ရန် လမ်းညွှန်သင်ကြားပေးခြင်း စသော ကောင်းစွာနေထိုင်တတ်စေရန် ပုံသွင်းပေးရပါသည်။
(၃)အတတ်ပညာများကိုလည်း သင်ကြားစေပါသည်။
(၄)သင့်တင့်လျောက်ပတ်သောအခါ၌ အရင်းအနှီးများထုတ်ပေး၍ စီးပွားရှာစေပါသည်။
(၅)သင့်တင့်လျောက်ပတ်သော အရွယ်၌ ထိမ်းမြားလက်ထပ်ပေးခြင်းကိုလည်း ဆောင်ရွက်ပေးရအုံးမည် စသည်ဖြင့် မိဘတို့၏ကျင့်ဝတ် ဝတ္တရားများပင်ဖြစ်ပါတော့သည်။
သားသမီးကျင့်ဝတ် (၅)ပါး...!
ကျွေးမွေးမပျက်lဆောင်ရွက်စီမံlမွေခံထိုက်စေlလှူမျှဝေ၍lစောင့်လေမျိုးနွယ်lဝတ်ငါးသွယ်lကျင့်ဖွယ်သားတို့တာ။
Crd-org-source
(၁)မိဘတို့မှမိမိအားငယ်စဉ်က ကျွေးမွေးစောင့်ရှောက်ကြသကဲ့သို့ မိမိကလည်း မိဘတို့အား ပြန်လည်ကျွေးမွေးစောင့်ရှောက်ကြရပါမည်။
(၂)မိဘတို့ ပြုလုပ်ဆောင်ရွက်ဖွယ် ကိစ္စကို မိမိကကူညီဆောင်ရွက် စီမံပေးရပါမည်။
(၃)မိဘတို့၏အမွေအနှစ်များကို ခံယူထိုက်သော သားသမီးများဖြစ်အောင် ကောင်းစွာကျင့်ကြံဆောင်ရွက်ကြရပါမည်။
(၄)မိဘတို့ ကွယ်လွန်ပြီးသောအခါ မိဘတို့အတွက် ရည်မှန်းလှူဒါန်းပြီးလျှင် အမျှပေးဝေခြင်းကို ပြုလုပ်ကြရပါမည်။
(၅)အမျိုးအနွယ် မတိမ်ကော မပျက်စီးအောင် သားသမီးများမှ စောင့်စည်းထိန်းသိမ်းနေထိုင်တတ်ရပါမည် စသည်ဖြင့် သားသမီးများ၏ ကျင့်ဝတ် ဝတ္တရားများကိုလည်း ကျင့်ကြံနေထိုင်သွားကြရအုံးမှာဖြစ်ပါသည်။
ဤသိုဖြင့် လူ့ဝတ်ဝတ္တရား နှင့် လူ့တာဝန်များ၏ ကွဲပြားသော အကြောင်းအချက်များအား ခွဲခြားသိရှိနိုင်စေရန် မိမိမှတ်သားသိရှိသလောက် ပြန်လည်ရေးသား မျှဝေလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
ဒါ့ ကြောင့် ရှေးကြီးတွေက မိဘဝတ်တရား သားသမီးဝတ်တရားဆိုပြီး
ဆုံးမစာတွေထားခဲ့တာ မိဘနဲ့သားသမီးဒီဝတ်တရာ အတိုင်းနေထိုင်ကြရင် အေးချမ်းသာာယာတဲ့ မိသားစုလေးတခုဖြစ်မှာပါ၊
ဟုတ်ပါတယ်အစ်ကို ဒီလိုလေးတွေ သိရှိပြီး ကျင့်ကြံနေထိုင်သွားကြရင် ပိုပြီးအေးချမ်းသာယာပျော်ရွှင်ကြမှာပေါ့ခင်ဗျာ
ဝတ္တရားနှင့်တာဝန်ကွဲပြားစွာသိလိုက်ရလို.ကျေးဇူးပါ။ဗဟုသုတရပါတယ်...ကောင်းသောပိုစ့်ပါ....
ဟုတ်ကဲ့ပါ ဗဟုသုတရသွားတယ်ဆို ရေးရကျိုးနပ်ပါတယ်အစ်မ။ကျေးဇူးပါ။
ဟုတ်ပါ့ ဟုတ်ပါ့ တာဝန်ကြောင့် မမ မနက် ၅ခွဲထ ရုံးသွားရတယ်😁
သေချာတာပေါ့အစ်မ တာဝန်ဆိုတာ ကိစ္စရပ်အပေါ်မူတည်ပြီး မဖြစ်မနေ သတိထားလုပ်ဆောင်ရတဲ့ သဘောပဲပေါ့။
ဝတ္တရားဆိုတာ သိတတ်တဲ့သူအတွက် တာဝန်ပါဘဲ။ ပြောရမယ်ဆိုရင် လုပ်သင့်တယ်ဆိုတဲ့ တာဝန်ပါဘဲ။ကျေးဇူးကိုသန့်ရေ။
ဒါလည်း မှန်ပါတယ်အစ်ကို ကိုယ့်စိတ်ရဲ့သတ်မှတ်ချက်အပေါ်မှာလည်း ရာခိုင်နှုန်းအရ အနည်းငယ်ငယ်ကွဲပြားနိုင်တာပေါ့။
ဝတ္တရား နှင့် တာဝန်ကို အခုမှ တစ်ကယ်
သေချာကွဲကွဲပြားပြားသိတော့တယ်ဗျာ
အမှန်တော့ သူ့ နေရာ နဲ့ သူ လိုက်နာရမယ့်ကျင့်ဝတ်ကတော့
ရှိနေတာပဲနော် ကျေးဇူးတင်ပါတယ်ကိုသန့်  တစ်ကယ်ကောင်းတဲ့စာသားတွေပါ
ဟုတ်ပါတယ်ခင်ဗျာ သူ့နေရာနဲ့သူ ဝတ္တရားနဲ့ တာဝန်လေးတွေ ရှိနေကြတဲ့အတွက် သိသလောက် ဝေမျှလိုက်တာပါ။ကျေးဇူးပါခင်ဗျာ
သိတာလေးတွေပြောပြလို့ကျေးဇူးပါဗျာ
ဟုတ်ကဲ့ပါအစ်ကို
တကယ်အဖိုးတန်တဲ့ postလေးပါအကိုရေ့
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
တာဝန်နဲ့ ၀တ္တရားလေးတွေကို ကြိုးကြောင်းနဲ့ ယှဉ်တွဲဖော်ပြရေးသားသွားတာ ကောင်းတယ်ဗျာ။ အားပေးလျက်ပါ။
ကျေးဇူးတင် ဝမ်းသာရပါတယ်ခင်ဗျာ။လေးစားလျက်