အမတ်မင်းဖြစ်အောင်ကြိုးစားကြစမ်းပါ
အမတ်မင်းဖြစ်အောင်ကြိုးစားကြစမ်းပါ
ဆရာကြီးပီမိုးနင်း၏စာအုပ်တစ်အုပ်ထဲ၌ဖတ်ရှုခဲ့ရပါသည်။မည်သည့်ရက်၊လ၊နှစ်၊မည်သည့်လွှတ်တော်၊အမတ်နှစ်ယောက်အမည်မည်သူမည်ဝါ၊မဲဆန္ဒနယ်အမည်စသည်တို့ကိုစာနယ်ဇင်းကျင့်ဝတ်အရအတိအကျတိုက်ရိုက်မဖော်ပြခဲ့သော်လည်းအမေရိကန်နိုင်ငံလွှတ်တော်တစ်ခု၏လွှတ်တော်အစည်းအဝေးတွင်အမတ်မင်းနှစ်ယောက်အချေအတင်ငြင်းခုန်ဆွေးနွေးရာမှခေတ္တသတိကင်းလွတ်ပြီးပုထုဇဉ်ပီပီမပြောကောင်းသောစကားအထိပြောကြားမိသည်။အမတ်မင်းတစ်ယောက်က ခင်ဗျားငယ်ငယ်တုန်းကကျွန်တော်တို့အိမ်မှာဖိနပ်တိုက်ပေးခဲ့ရတယ်မဟုတ်လား ဟုငယ်ကျိုးငယ်နာကိုမမေးစကောင်းမှန်းသတိမထားပဲ၊ငြင်းခုန်နေသောအကြောင်းအရာနှင့်မသက်ဆိုင်သည့်အမေးကိုရုတ်တရက်မေးချလိုက်သည်။အမေးခံရသောအမတ်မင်းကတည်တည်ငြိမ်ငြိမ်ဖြင့် ဟုတ်တယ်လေ၊ကျုပ်ဖိနပ်တိုက်ပေးခဲ့သမျှပြောင်စင်နေအောင်တိုက်မပေးဘူးလား ဟုပြန်ဖြေသည်။စတင်မေးမိသောအမတ်မင်းသည်လူကြီးလူကောင်းပီပီခေတ္တလစ်ဟာသွားသောသတိကိုအသိဖြင့်ချက်ချင်းပြန်ထိန်းပြီး တိုက်ပေးခဲ့ပါတယ် ဟုဖြေ၏။အဖြစ်အပျက်ကိုဆရာကြီးပီမိုးနင်းတင်ပြခဲ့တာထိုမျှသာဖြစ်ပါ၏။
စာဖတ်မိသူကျွန်တော့်အနေဖြင့်အမတ်မင်းနှစ်ယောက်စကားအဆုံးမှာသက်ပြင်းလည်းချမိ၏။ဝမ်းလည်းသာမိ၏။မျက်စိထဲမှာဖိနပ်တိုက်ပေးနေသောကောင်လေးလည်းမြင်ယောင်မိ၏။ဖိနပ်တိုက်ပေးရသောအောက်ဆုံးအဆင့်လွှာမှအမတ်မင်းဖြစ်လာသောအမတ်မင်းရုပ်ပုံလွှာကိုလည်းမြင်ယောင်မိ၏။ဖိနပ်တိုက်ပေးရသောအောက်ခြေလွှာအဆင့်မှလွှတ်တော်အမတ်မင်းဖြစ်လာသောသူ၏အောင်မြင်မှုအတွက်လည်းစိတ်ထဲမှအလိုလိုနေရင်းကြည်နူးပီတိဖြစ်မိ၏။ကောင်လေးဘာ့ကြောင့်အမတ်မင်းဖြစ်သွားရပါသလဲ၊သူ့ဘဝသူ့ဒဿန၊သူ့ပျိုးထောင်မှုကဘာလဲ၊သူဖိနပ်တိုက်ပေးခဲ့ရသောအလွှာမှလူနှင့်ဘာကြောင့်ပခုံးချင်းယှဉ်၍အမတ်မင်းအဖြစ်လွှတ်တော်ထဲဝင်နိုင်ခဲ့သလဲ။အပြန်ပြန်အလှန်လှန်အဖြေရှာသုံးသပ်မိသည်။ဘဝအဓိပ္ပါယ်၊ဘဝတန်ဖိုး၊ဘဝအားမာန်၊ဘဝရည်ရွယ်ချက်ကိုကောင်လေးသိမြင်သဘောပေါက်၍ရုန်းကန်ကြိုးစားခဲ့ပါလိမ့်မည်။လောကဓံတရားဟူသည်လာဘ်ရ၊မရ၊ရှုတ်ချမြှောက်စား၊နည်းများခြံရံ၊သုခဒုက္ခကြုံတွေ့ရလေ့ရှိသည်။လူ့ဘဝဟူသည်ရရန်လွန်စွာခက်ခဲသည်။လွန်စွာခက်ခဲသောလူ့ဘဝကိုရှိလာချိန်၌ကြိုးစားလုပ်ကိုင်ပါကအောင်မြင်မှုရရှိသည်။အခက်အခဲကိုဖြေရှင်းကပြေလည်မည်။နိမ့်ကျမှုကိုစိတ်မပျက်ပဲကြိုးစားပါကမြင့်မားလာမည်။ဖိနပ်တိုက်စားရ၍ဘဝသည်နုံချာသည်။မွဲတေသည်။အောက်ကျသည်။ထို့ကြောင့်နေမထူး၊သေမထူးဖြစ်သလိုနေမည်ဟုရေစုန်မျှောအတွေးအခေါ်ထားက၊ဘဝရေစုန်မျောရာမှနစ်မြုပ်မည်။မည်မျှအောက်တန်းကျကျ၊မည်မျှဆင်းရဲဆင်းရဲ၊မည်မျှချို့တဲ့ချို့တဲ့ လူသားဟူသည်ဘဝရည်မှန်းချက်ထားကာကြိုးစားကတစ်နေ့နေ့တစ်ချိန်ချိန်တွင်အောက်ကျသောဘဝမှလွတ်၊ဆင်းရဲသောအဖြစ်မှလွတ်၊ချို့တဲ့ခြင်းကင်းဝေး၍အစစအရာရာအောင်မြင်လာမည်ဟုဘဝအဓိပ္ပါယ်၊ဘဝတန်ဖိုး၊ဘဝအားမာန်၊ဘဝရည်ရွယ်ချက်ကိုသိမြင်ကာပညာရည်မြှင့်တင်ခြင်း၊စီးပွားဥစ္စာရှာဖွေခြင်း၊လူမှုအသိုင်းအဝိုင်းကျယ်ပြန့်စေရန်ကြိုးစားခြင်း၊ကိုယ့်အကျိုးသူ့အကျိုး၊နယ်မြေဒေသအကျိုး၊တိုင်းကားပြည်ရွာအကျိုးကိုနှစ်ရှည်လများမျက်ခြည်မပြတ်ကြိုးစားရာမှအမတ်မင်းဘဝအထိရောက်ရှိလာခြင်းဖြစ်ပါလိမ့်မည်။
ဆင်းရဲအောက်ကျခြင်းကိုဆုံးရှုံးခြင်းဟုအမတ်လောင်းလျာကောင်လေးသည်မယူဆခဲ့။ကြိုးစားအားထုတ်ရန်လိုနေသေးကြောင်းဘဝသတိပေးချက်ခံယူပြီးဘဝကိုစိတ်ကူးမယဉ်၊အသက်သာခံရေသာမခိုပဲကြိုးစားမှအမတ်မင်းဖြစ်လာပါလိမ့်မည်။ဘဝကိုစိတ်မပျက်ပဲချစ်မြတ်နိုးကာဖိနပ်တိုက်ပေးခဲ့ရသောကောင်လေးအမတ်ဖြစ်အောင်ကြိုးစားခဲ့သကဲ့သို့အမတ်မင်းဖြစ်အောင်ကြိုးစားကြစမ်းပါဟုတိုက်တွန်းပါသည်။
ခင်မင်လေးစားယုံကြည်အားကိုးရသောကိုယ်ပိုင်ရပ်တည်ချက်၊ကိုယ်ပိုင်ခေါင်း၊ကိုယ်ပိုင်နှလုံးသားရှိသည့်လူငယ်များ၊လူလတ်များကိုအထူးတိုက်တွန်းအပ်ပါသည်။သူများစီးထားသောဖိနပ်တိုက်၊ရောယောင်နောက်လိုက်၍ဘဝအဆုံးရှုံးမခံပါနှင့်။ဆင်းရဲအောက်ကျနေခြင်းသည်ထာဝရဆုံးရှုံးခြင်းမဟုတ်။ကြိုးစားအားထုတ်ရန်လိုအပ်နေသေးကြောင်းကိုဘဝကလက်တွေ့သတိပေးနေခြင်း၊ပညာပေးနေခြင်းဟုမှန်မှန်ကန်ကန်ခံယူပြီးအစွမ်းကုန်ကြိုးစားစေလိုပါသည်။ဖိနပ်လေးတိုက်ပြီးရောင့်ရဲမနေကြပါနှင့်။အမတ်မင်းဖြစ်အောင်ကြိုးစားကြစမ်းပါဟုထပ်မံတိုက်တွန်းအပ်ပါသည်။
ကျန်းမာချမ်းသာဘေးကင်းကြပါစေ
တွင်းကြီးဝမ်းမောင်(မြောင်)
@twingyiwunmaung
MSC No.154
31.12.2017,Sun
စာပေကောင်းများဖတ်ရလို့ကျေးဇူးပါ
ခုလိုကြားရတဲ့အတွက်လည်းဝမ်းသာပါတယ်။
ဆရာ့စာတွေ အားဖြစ်စေပါတယ်
ခုလိုအားပေးမှုကိုကျေးဇူးအထူးတင်ပါတယ်။
ဟုတ်ကဲ့ပါဆရာ၊ ကိုယ့်ဘ၀ကိုယ် ဒီ့ထက်မြင့်မားအောင် ကြိုးစားနေပါတယ်ရှင် ☺
ကြိုးစားကြပါ။Steemit မှာရော အပြင်ဖက်လက်တွေ့ဘဝမှာရောကြိုးစားကြပါ။
Hote
ခုခေတ် အမတ်တော့ လုပ်ချင် ပါဘူး
နိကအာလူးပဲဖုတ်ချင်နေတာကိုးး :-P
အမတ်ဖြစ်အောင်လုပ်ကြပါဆိုတာက
အမတ်လုပ်ခိုင်းတာမဟုတ်ပါဘူး။
ဥပမာပြထားတာပါ။
ဖိနပ်သုတ်သမားဟာရပ်နေရင် ဖိနပ်သုတ်သမားဘဝမှာပဲအဆုံးသတ်ရပါလိမ့်မယ်။
ကြိုးစားခဲ့တဲ့အတွက်အမတ်ဖြစ်သွားပါတယ်။
အဲဒါကို ဥပမာ ယူပြီး ခိုင်းနှိုင်းတင်စားရေးထားတာပါ။
စာကိုသေချာဖတ်ရှုစေချင်ပါတယ်။ကျေးဇူးတင်ပါတယ်။
အရမ်းကောင်းပါတယ်
လာရောက်ဖတ်ရှုတဲ့အတွက်ကျေးဇူးပါ။
အားပေးနေတယ် ဆရာ
အချိန်ရရင်ရသလိုဆက်လက်ရေးသားအုံးမှာပါ။အားပေးဖတ်ရှုတာကျေးဇူးပါ။
ဟုတ်ကြဲု့းစားနေပါတယ် bro
ကျေးဇူးတင်ပါတယ်
Inspiration ဖြစ်တဲ့စာတွေ တွေ့ရတာ တကယ်ကို အားတက်ပါတယ်ဗျ . . .တန်ဖိုးရှိတဲ့ စာတစ်ပုဒ်ပါနော် . . ကျေးဇူးပါဗျ
လာရောက်ဖတ်ရှုပေးတာကိုလည်းကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့ပါ
လာရောက်ဖတ်ရှုတဲ့အတွက်ကျေးဇူးတင်ပါတယ်။
Yep,I'm trying
ကြိုးစားလျှင်ဘာမဆို ဖြစ်နိုင်ပါတယ်။