Stop Child Rape

in #myanmar6 years ago (edited)

image
steemit အဖွဲ့ဝင်ညီအစ်ကိုများအားလုံးပဲ
မင်္ဂလာပါဗျာ
ဒီတစ်ပါတ်မှာတော့ကျွန်တော်ရဲ့ပုံမှန်တင်ဆက်နေတဲ့ကံ့ကော်မြိုင်တန်းမှလွမ်းနေပါ့မယ်အခန်းဆက်ဝတ္ထုရှည်ကိုမတင်ဆက်နိုင်တဲ့အတွက်တောင်းပန်ပါရစေ။

ဒီတပါတ်မှာတော့ကျွန်တော်ဆောင်းပါးတစ်ပုဒ်
ရေးဖြစ်သွားတယ်ဗျ ဘာလဲဆိုတော့
ဒီနေ့ခေတ်မှာတွင်ကျယ်လာတဲ့သက်ငယ်မုဒိမ်းဖြစ်ရတဲ့အကြောင်းအချို့ကို ကျွန်တော်ရဲ့ထင်မြင်ယူဆချက်သက်သက်ဖြင့်ဆောင်းပါးတစ်ပုဒ်ဖန်တီးရေးသားခြင်းဖြစ်ပါတယ် ။
ကျွန်တော်ရဲ့ဆောင်းပါးသည် မည်သည့်အဖွဲ့အစည်းတစ်ဦးတစ်ယောက်ကမျှဝေဖန်တိုက်ခိုက်အပုပ်ချခြင်းမျိုးမဟုတ်ပဲကျွန်တော်ရဲ့ထင်မြင်ယူဆချက်သက်သက်ဖြင့်သာရေးသားခြင်း
ဖြစ်ကြောင်းထပ်လောင်းပြောပါရစေဗျာ။
image
credit-facebook image
ကိုယ့်ရှေ့ စားပွဲပေါ်က အမှုတွဲခေါင်းစဉ်ကို
ကြည့်ကာ ကျွန်တော် သက်ပြင်းခပ်တိုးတိုး
ချလိုက်မိသည်။ဒီနှစ်ထဲတွင် ယခုလို အမှုများ
တွေ့ ကြုံရသည်မှာ အတော်ပင်များနေပေပြီ။
မကြာခဏဆိုသလို တွေ့ မြင်နေရသောကြောင့်
မဆန်းသော်လည်း ထိုကဲ့သို့ သောအမှုများ
ကိုင်မိချိန်တွင် ဖြစ်ပေါ်သွားသည့် ခံစားချက်ကရုဏာကတော့ အချိန်ကြာလာသည်နှင့်အမျှ
လျော့ပါးသွားရမည့်အစား တိုး၍ပင်လာခဲ့သည်။
မှန်ပါသည်။ရှေ့တွင်ရှိနေသည့်အမှုတွဲကား
သက်ငယ်မုဒိမ်းမှုပင်ဖြစ်ပေတော့သည်။

အမှုဖြစ်စဉ်ကို လှန်လှောဖတ်ကြည့်မိ၏။
မထူးဆန်းပါ ။သာမာန်ဖြစ်လေ့ရှိတတ်သော
ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်သည်။
အဖေလုပ်သူနှင့်အမေလုပ်သူမှာ သာမာန်
လက်လုပ်လက်စား တစ်နေ့လုပ်မှ တစ်နေ့ 
စားရသူများ။၎နှစ်အရွယ်သမီးလေးတစ်ယောက်
ရှိသည်။သမီးလေးကို လင်မယားနှစ်ယောက်
ယာထဲသွားချိန်တွင် အိမ်နီးခြင်းဖြစ်သူ
မိန်းမတစ်ဦးအား အပ်ခဲ့၏။ထိုမိန်းမ၏
ယောကျာ်းဖြစ်သူမှ သူ့ မိန်းမမျက်ကွယ်တွင်
ကလေးအား အဓမ္မ ကျင့်ကြံခဲ့ခြင်းပင်။
၂၀၁၆ ခုနှစ်ထက် ပြီးခဲ့သော ၂၀၁၇ခုနှစ်တွင်
သက်ငယ်မုဒိမ်းမှုများ ပိုမိုများပြားလာခဲ့သည်။
ယခုနှစ် ၂၀၁၈ အစမှာပင် သက်ငယ်မုဒိမ်းမှုများ
ပေါ်ပေါက်နေဆဲပင်။သက်ငယ်မုဒိမ်းမှုအတွက်
အမြင့်ဆုံးပြစ်ဒဏ်မှာ အလုပ်ကြမ်းနှင့်ထောင်ဒဏ်၂၀ နှစ်(နှစ်ဆယ်နှစ်)ဖြစ်သည်။

ဥပဒေကို မကြောက်လို့ပေလား၊
မသိနားမလည်၍ပင်လား ၊ ချမှတ်ထားသည့်
ဥပဒေမှာ လျော့ပါးနေ၍လားမသိ၊
သက်ငယ်မုဒိမ်းကျူးလွန်သူများကတော့
အချိန်နှင့်အမျှပေါ်ပေါက်နေဆဲပင်။
ကျွန်တော်လေ့လာတွေ့ရှိမိသလောက်နှင့်
တွေးခေါ်စဉ်းစားမိသလောက် သက်ငယ်မုဒိမ်း
ဖြစ်စေသော ဗဟိုအချက်ကြီး ၃ချက်ရှိသည်ဟု
မြင်မိသည်။
၎င်းတို့မှာ ဆင်းရဲမွဲတေမှု၊ဥပဒေနှင့် ပတ်သက်
သော အသိပညာနည်းပါးမှုနှင့်လျော့
ပေါ့နေသော ဥပဒေပုဒ်မတို့ ဖြစ်သည်။
ထိုအချက်၃ချက်မှာ သက်သက်စီဟု ထင်ရသော်လည်း
အမှန်တစ်ကယ်မူဆက်စပ်နေလေသည်။

ကျွန်ုပ်တို့နိုင်ငံ၏ ဆင်းရဲမွဲတေမှုအခန်းကဏ္ဍသည် အာဆီယံတွင် အောက်ဆုံးအဆင့် ဖြစ်နေပေပြီ။
မြန်မာနိုင်ငံတွင် ယေဘူယျအားဖြင့် လူတန်းစား
၃ရပ်ရှိသည်။လူချမ်းသာတန်းစား လူလတ်တန်းစားနှင့် လူမွဲ အတန်းအစားတို့ ပင်။လူချမ်းသာ
အတန်းအစားတွင်ကုန်သည်များ မင်းမှုထမ်းများ
စီးပွားရေးလုပ်ငန်းရှင်များပါဝင်ပြီး လူလတ်
တန်းစားတွင်တော့ အစိုးရ၀န်ထမ်းအနည်းငယ်နှင့် လယ်ပိုင်ယာပိုင်များပါဝင်သည်။လူဆင်းရဲ တန်းစားတွင်တော့ ပညာမတတ် အသိပညာမရှိ
တစ်နေ့လုပ်မှ တစ်နေ့စားရသော လူများပါဝင်
်ပေသည်။သက်ငယ်မုဒိမ်းမှာ ဆင်းရဲသောလူနေမှုဘ၀တွင်သာ အဖြစ်များပြီး လူဂုဏ်တန်အသိုင်းအ၀ိုင်းတွင် မရှိသလောက်နည်းပါး၏။
image
credit-google image
ထုံးစံအတိုင်း တောရွာနေလူတန်းစားများမှာ
မနက်မိုးမလင်းမီကတည်းက စားဝတ်နေရေး
အတွက် ရုန်းကန်ရရှာသည်။ဟိုးယခင်က
မိသားတစ်စုတွင် ယောကျာ်းဖြစ်သူတစ်ဦးတည်း
အလုပ်လုပ်ရုံဖြင့် တစ်အိမ်သားလုံး စား၍ရသည်။ယခုခေတ်တွင်မူ ခေါင်ခိုက်နေသော ကုန်ဈေးနှုန်းများကြောင့် အိမ်ရှိလူကုန် အလုပ်လုပ်လျှင်ပင်
စားနိုင်ရုံသာရှိသည်။လင်ရောမယားပါ အလုပ်လုပ်ရသဖြင့် အရွယ်မရောက်သေးသော ကလေးငယ်အား ထိန်းကျောင်းဖို့ အချိန်မပေးနိုင်ပေ။
ထို့ကြောင့်နီးစပ်ရာ နီးစပ်ရာများဆီ ထားခဲ့ခြင်း
မှတစ်ဆင့် သက်ငယ်မုဒိမ်းဖြစ်ပွားရလေသည်။
ထို့အပြင် လူတို့ ၏ စိတ်နေသဘောထားအရ
မြေနိမ့်ရာတွင် လှံစိုက်ချင်ကြသည်။လူချမ်းသာမှ
မွေးသော ကလေးမငယ်လေးနှင့်
လူဆင်းရဲမှမွေးသော ကလေးမငယ်လေးနှစ်ဦးကို
ယှဉ်၍ ဆိတ်ကွယ်ရာတွင် တွေ့လျှင်ပင် လူဆင်းရဲကလေးငယ်ကိုသာ အနိုင်ကျင့်ချင်သည်။လူချမ်းသာများကို ငွေဟူသောတံတိုင်းက လုံခြုံမှုပေး၏။ငွေမရှိသော လူဆင်းရဲများကိုကား မည်သည့်အရာမှ ကာကွယ်မှုပေးသနည်း။ထို့ကြောင့် အောက်ခြေလူတန်းစားများ စီးပွားရေးဖွံဖြိုးဖို့ 
လိုအပ်လှသည်။
စီးပွားရေးဖွံ့ ဖြိုးလျှင် ကျန်းမာရေး ဖွံဖြိုးမည်။
ကျန်းမာရေးဖွံ့ ဖြိုးလျှင် ပညာရေးဖွံ့ ဖြိုးမည်။ပညာရေးဖွံ့ ဖြိုးလျှင် အသိပညာ ဗဟုသုတပါ
ဖွံ့ ဖြိုးကာ မုဒိမ်းသမားရန်မှ ကာကွယ်နိုင်မည်သာ
ဖြစ်ပေသည်။
image
credit-google image
ဒုတိယအချက်မှာ ဥပဒေနှင့်ပတ်သက်သော အသိပညာနည်းပါးမှုဖြစ်သည်။အသက်တစ်ရာ
မနေရ အမှုတစ်ရာတွေ့ ရဟူသော ဆိုရိုးစကား
ရှိသော်လည်း ကျွန်ုပ်တို့မြန်မာလူမျိုးများသည်
မိမိကိစ္စမဟုတ်လျှင် ဘာသိဘာသာနေတတ်ကြ
သည်။ခွေးချင်းကိုက်သည်ကို ၀ိုင်းကြည့်ဖို့ 
ဝန်မလေးကြသလို သူတစ်ပါးမုဒိမ်းကျင့်ခံရသည်
ကို ၀ိုင်းအတင်းပြောဖို့ ဝန်မလေးကြသော်
လည်း ဥပဒေအကြောင်းလေ့လာဖို့ 
စူးစမ်းဖို့တော့ အတော်ပင်ဝန်လေးကြသည်။
ဥပဒေသည် မိမိနှင့်မဆိုင်ဟုပင် တစ်ချို့ ကယူဆထား
ပြီး ရဲစခန်းနှင့် တရားရုံးများကို အမင်္ဂလာ
အရပ်များဟု သတ်မှတ်ကာ သင်္ချိုင်းသွားရ
သည်ထက်ပင် ကြောက်ကြသည်။ရှောင်ကြသည်။
တစ်ကယ့်တစ်ကယ် နဖူးတွေ့ ဒူးတွေ့ ကြုံ
လာတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ချေ။
မြို့ နေလူတန်းစားအများစုပင် ဥပဒေအကြောင်း
နားမလည်သည့် ခေတ်ကြီးထဲတွင် တောနေ
လူတန်းစားများအဖို့ တော့ ဆိုဖွယ်ရာမရှိပေ။
မုဒိမ်းမှုဆိုတာ ဘာမှန်းမသိ၊ ကျူးလွန်လျှင်
ဘယ်လိုအပြစ်ဒဏ်ကိုခံရမည်မှန်းမသိတော့
အလွယ်တကူပင် ကျူးလွန်ကုန်ကြသည်။
ကျွန်တော့်အမြင်ကို ပြောရလျှင် ကျောင်းသင်ခန်းစာများထဲတွင် ဥပဒေရေးရာ သိမှတ်ဖွယ်ရာကဏ္ဍကို
ထည့်သွင်းသင်ကြားသင့်သည်ဟု
ထင်သည်။ကလေးများစာရိတ္တကောင်းမွန်ကာ
လိမ္မာရေးခြားရှိစေဖို့  စာရိတ္တနှင့် ပြည်သူ့ နီတိကို ထည့်သွင်းသင်ကြားသလို ကလေးများ၏
ဘေးအန္တရာယ်ကို ကာကွယ်ဖို့ မိန်းကလေးများ၏ လုံခြုံရေးကိုတိုးမြင့်စေဖို့ လူသားတိုင်း၏
မတရားမှုကို တွန်းလှန်ပေးဖို့ ဥပဒေအသိပညာ
ပေးကဏ္ဍကို ထည့်သွင်း သင်ကြားပေးသင့်
ပေသည်။
ကျောင်းခန်းမှ ဥပဒေပညာမှာ
တဖြည်းဖြည်းနှင့် အရပ်ထဲသို့ ရောက်မည်။
အရပ်ထဲမှသည် တစ်ရွာလုံးသို့ပျံ့မည်။တစ်ရွာမှတစ်ရွာ တစ်မြို့ မှတစ်မြို့ နောက်ဆုံးတွင် တစ်နိုင်ငံလုံး ဥပဒေရေးရာကို သိရှိနားလည် သဘောပေါက်လာမည်။ ဘယ်အမှုကို ကျူးလွန်လျှင် ဘယ်ကဲ့သို့သော
ပြစ်ဒဏ်ခံရမည်ကို လူသားတိုင်းနားလည်လာမည်။နားလည်လာသလောက် ခံယူရမည့်အပြစ်ကို
ကြောက်ရွံ့ ကာ ရှောင်ကြဉ်လာကြပေမည်။

ဥပဒေအသိပညာပေးမှု အခန်းကဏ္ဍတွင်
မိဘများ၏ သွန်သင်ထိန်းကျောင်းမှုသည်လည်း အရေးပါလှသည်။မိဘများမှနေ၍ မိမိ၏ သားသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း
မဖြစ်အောင် အသိပညာပေးရမည်။မိမိသားသမီးကို လူပြတ်သောနေရာများသို့ သွားစေခြင်း၊ ညအချိန်မတော် အပြင်ထွက်ကာ အလုပ်တစ်ခုခု ခိုင်းစေ
ခြင်း၊လူစိမ်းများကို အရောဝင်ခြင်းများ မဖြစ်အောင် လမ်းညွှန်ပေးသင့်သည်။ကိုယ့်အဖေအရင်းတောင် မယုံရတော့သည့် ဒီခေတ်ကြီးထဲတွင် ကိုယ့်သား သမီးကို ဆွေမျိုးသားခြင်းများလက်သို့ အပ်မထားသင့်ပေ။ဦးလေးအရင်း အဒေါ်အရင်း
များဆီသို့လည်း ယုံကြည်စွာ မအပ်နှံသင့်။
မိမိကလေးက ဒီလူလက်ထဲသို့ လိုက်ဖို့ အကြောက်အကန်ငြင်းဆန်နေပြီဆိုလျှင် သတိထားသင့်သည်။
လိင်နှင့်ပတ်သက်သော အရာများကို မိမိကလေးအား ပွင့်ပွင့်လင်းလင်း အသိပညာပေးထားရန်
လိုပေသည်။
image
credit-google image
နောက်ဆုံးအချက်မှာ လျော့ပေါ့နေသော ဥပဒေ
ဖြစ်သည်။သက်ငယ်မုဒိမ်းအား အဘယ်ကြောင့်
သေဒဏ်မပေးသည်ကို နားမလည်နိုင်ချေ။
အသက်မပြည့်အရွယ်မရောက်သေးသော
ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ
စော်ကားမှုထက်ပို၍ အောက်တန်းကျသော
အမှုမရှိပေ။ရုပ်ရှင်များကိုထိခိုက်စေလိုသော
ဆန္ဒမရှိပေမယ့် ဤနေရာတွင် သက်ငယ်မုဒိမ်းနှင့် အရွယ်ရောက်ပြီးမုဒိမ်းများထင်ဟပ်နေသော
ရုပ်ရှင်အချို့ ကိုပြောပြလိုပါသည်။အမေရိကန်ရုပ်ရှင်တစ်ခုတွင် အသက်၁၃နှစ်အရွယ်မိန်းကလေးကို
ယောကျာ်းတစ်ယောက်က မုဒိမ်းကျင့်သည်။
ထိုမိန်းကလေးက မိမိကိုယ်ကို ကာကွယ်ရန်
ထိုယောကျာ်းအား ဓားဖြင့်ထိုးသတ်လိုက်လေ
သည်။ထိုအမှုအားရုံးတင်စစ်ဆေးရာ မိမိကိုယ်ကိုကာကွယ်မှုအဖြစ် စီရင်ချက်ချပြီး ထိုမိန်းကလေး
အမှုမှကွင်းလုံးကျွတ်လွတ်သွားသည်။ထိုရုပ်ရှင်ကို
ကြည့်အပြီး အမေရိကန်မှအမျိုးသမီးများ၏
စိတ်တွင် မိမိအပေါ်လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်
့်လာပါက ခုခံကာကွယ်၍ရသည်ဟုပင်။
ဟိုတစ်လောက မြန်မာကားနှစ်ကားကြည့်မိသည်။တစ်ကားတွင် မင်းသမီးတစ်ယောက်၏ အချစ်ကို
မရသော မင်းသားတစ်ယောက်သည် သူငယ်ချင်းများ၏ အားပေးမှုအရ မင်းသမီးကို
ကားတင်ပြေးပြီး မုဒိမ်းကျင့်လိုက်သည်။
လူကြီးများက တစ်ရှက်ကနှစ်ရှက်မဖြစ်ရအောင်ဆိုကာ ပေးစားလိုက်လေသည်။နောက်တစ်ကားတွင်
မာနကြီးသော မင်းသမီးကို ချိုးချင်စိတ်ဖြင့်
မင်းသားက အတင်းအဓမ္မ မုဒိမ်းကျင့်လိုက်သည်။အရှက်မကွဲအောင် အပျိုလည်းပြန်ဖြစ်တော့တာမှမဟုတ်တာဟူသော အကြောင်းပြချက်ဖြင့်ပေးစားလိုက်လေသည်။
ထိုဇာတ်ကားများကိုကြည့်သော ယောကျာ်းအများစုတွင် မည်သို့သောအတွေးများဝင်မည်ဟုထင်ပါ
သနည်း။မိန်းကလေးတစ်ယောက်က မိမိကိုပြန်မ
ကြိုက်လျှင် မိမိအပေါ်စိတ်မရှိလျှင် မုဒိမ်းကျင့်ရ
မည်။မုဒိမ်းကျင့်လိုက်လျှင် မိမိထိုမိန်းကလေးကို
ပိုင်ဆိုင်လာမည်ဟူ၍ပင်။
အတော်ပင် အဆိပ်အတောက်ဖြစ်စေနိုင်သော
တလွဲအယူများဖြစ်သည်။ထို့အပြင် အရှက်ကို
အသက်နှင့်လဲရမည်ဟူသော အပေါစားဆန်ဆန်
အယူများလည်းရှိနေသေးသည်။မိန်းကလေး
တစ်ယောက်ကိုမုဒိမ်းကျင့်ခံရသည်။ရွာထဲမှလူများ၏ အပြောကိုကြောက်ရွံ့ကာ ခြောက်ကမ်းပါးမှ ခုန်ချသတ်သေသွားလေသည်။ထိုသို့သော အဆိပ်အတောက်ရုပ်ရှင်များကလည်း မုဒိမ်းမှုကိုတစ်ဖက်တစ်လမ်းမှ အားပေးအားမြှောက်ပြု
နေလေသည်။
ထိုရုပ်ရှင်များမှ သီအိုရမ်တစ်ခုထွက်လာသည်။
မိမိလိုချင်သောဘယ်မိန်းကလေးကို မဆို
ယောကျာ်းလေးများကလိုချင်လျှင်မုဒိမ်းကျင့်
လိုက်ရုံပင်။မထူးစိတ်ပိုက်ထားသော မိန်းကလေးများက ထိုယောကျာ်းလေးကိုယူကာ မချစ်မနှစ်သက်သည့်မိန်းကလေးများက အရှက်ကို အသက်နှင့်လဲမည်ဟု ခေါင်းစဉ်တပ်ကာ သတ်သေနိုင်
လေသည်။
ကဲဘယ်လောက်တောင် ကြောက်ရွံ့ ထိတ်လန့် 
ဖွယ်ရာကောင်းပါသလဲ။
image
credit-facebook image
သက်ကြီးမုဒိမ်းကဲ့သို့ပင် သက်ငယ်မုဒိမ်းလည်း
ထိုနည်းအတိုင်းပင်။သက်ငယ်မုဒိမ်းကို
ကျူးလွန်ခြင်းမှာ ကလေးများမှာ လူကြီးများထက်
အားနည်း၍ မကာကွယ် မခုခံနိုင်ခြင်း၊
အကူအညီတောင်းရမှန်း မသိသေးသည့်
အရွယ်ဖြစ်နေခြင်း၊ အမှုဖြစ်ပြီးသွားလျှင်ပင်
လူကြီးများကဲ့သို့ ပြန်လည်ပြောဆိုနိုင်ခြင်း
မရှိသည့်အတွက်ပြစ်ဒဏ်ပေါ့လျော့ခြင်း
တို့ပင်။
ဟိုတစ်လောကလူမှုကွန်ရက်တွင် ဖတ်လိုက်ရ
သည်။သက်ငယ်မုဒိမ်းဖြစ်မှာပေါ့တဲ့ ကလေးတွေ
ကလုံလုံခြုံခြုံမှ မ၀တ်တာတဲ့။အတော်ပင်
ဒေါသထွက်စရာကောင်း၍ အတော်လည်း
အခြေအမြစ်မရှိသော စကားများပင်။ဘယ်လိုပဲဝတ်ထားထား ကလေးဟာ ကလေးပဲဖြစ်သည်။
ထိုသို့သောစိတ်ဓာတ်ရှိသူများကသာ
ကျူးလွန်ခြင်းဖြစ်ပေသည်။
သက်ငယ်မုဒိမ်းကို သေဒဏ်ပေးလိုက်ခြင်း
အားဖြင့် အမှုကျူးလွန်သူများ နည်းပါးသွားမည်ဟု
ကောက်ချက်ချမိသည်။သက်ငယ်မုဒိမ်းကျူးလွန်သူဆယ်ယောက်အား သေဒဏ်ပေးလိုက်လျှင်
ကလေးအယောက်တစ်ရာဘေးကင်းမည်။
သက်ငယ်မုဒိမ်းကျူးလွန်သူ အယာက်တစ်ရာအား သေဒဏ်ပေးလိုက်လျှင် ကလေးအယောက်
တစ်ထောင် ဘေးကင်းမည်။သက်ငယ်မုဒိမ်း
ကျူးလွန်သူအားလုံးကို သေဒဏ်ပေးလိုက်ပါက
ကလေးများအားလုံးဘေးကင်းသွားပေမည်။
ကလေးတစ်ယောက်ကို သက်ငယ်မုဒိမ်းကျူးလွန်
ပါက သေရမည်ဟူသောအသိ ယောကျာ်းတိုင်း၏ စိတ်တွင်အမြစ်တွယ်သွားပါက ကျွန်ုပ်တို့တစ်နိုင်ငံလုံးရှိကလေးငယ်များ ကလေးဖြစ်ခွင့်ရပေလိမ့်
မည်။သက်ငယ်မုဒိမ်းကို သေဒဏ်ပေးကာ ဥပဒေအသိပညာကို အဆင့်ဆင့်လက်ဆင့်ကမ်းသွားမည်ဆိုလျှင် မုဒိမ်းမှုကင်းစင်သော သာယာ
လှပသည့် နိုင်ငံတော်သစ်တစ်ရပ် ဖြစ်လာမည်ဟု ထင်မိပါတော့သည် ။ ။

ဆက်လက်ကြိုးစားပါဦးမည်။
အားလုံးကိုကျေးဇူးတင်ပါသည်။
image

Author-Soe Tha Khin

Sort:  

Stop Child Rape!
Google ကနေ 18+တွေကို အလွယ်တကူ ကြည့်ခွင့်ရတာတွေကလည်း
လူတွေရဲ့ အကျင့်စာရိတ္တတွေ ပိုမို ဖောက်ပြား ပျက်စီးလာတယ် ထင်တာပဲ ညီရေ။

ဟုတိပါတယ်အစ်ကိုရေ
အစ်ကိုထောက်ပြတဲ့အချက်လည်းအဓိကကျပါတယ်

ဘယ်​လို
စိတ်​နဲ့များ
ကိုယ့်​​ရဲ့​မြေး
ကိုယ့်​သားသမီး
အရွယ်​​လေး​တွေကို
ဘယ်​လို​​ခွေးစိတ်​နဲ့များ
မကြံ​ကောင်း မစည်​​ကောင်း
လုပ်​ရပ်​ကြတယ်​ဗျာ ​ခွေး​တောင်
အဲ့လိုမလုပ်​ဘူး လူဖြစ်​ပြီး​တော့ လူ့
အသိစိတ်​ မရှိတဲ့ ဒီလိုသက်​ငယ်​မုဒိန်း
ကျင့်​တဲ့ လူ့တိရစ္ဆာန်​​တွေကို ​ဖမ်းများမိခဲ့ရင်
လောကြီးထဲမထားပဲ ​တစ်​ခါတည်​​သေဒဏ်​​ပေးရမှာ

ကိုယ်သာအာဏာရှိကြည့်ပါ့လားဗျာ

အခုသက်ငယ်မုဒိန်းသမားတွေ သေဒဏ်ကျကုန်ပါပီ။ သို့ပေမယ့် အားလုံးမဟုတ်သေးပါ ထိရောက်သော တရားဥပဒေ မစိုးမိုးနိုင်သေးသရွေ့ မတရားမှုများလည်းရှိနေဦးမည်။လောလောဆယ်တွင် ကြိုတင်ကာကွယ်သော အချက်ကသာ အကောင်းဆုံးဖြစ်နေသည်ကို လေ့လာသိရှိရပါတယ်ဗျာ့။

ဟုတ်ကဲ့ပါအစ်ကိုရေ
ကျွန်တော်သိလောက်တော့ ကျွန်တော်တို့နိုင်ငံမှာအမြင့်ဆုံးပြစ်ဒဏ်ကအလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ်၂၀ပါဗျ

သက်ငယ်မုဒိန်းမှုဟာ သေဒဏ်ပေးသင့်နေတဲ့ ပြစ်မှုတစ်ခုပါ ဖုန်းတွေ ပေါများလာတော့ မကောင်းတဲ့ဇာတ်လမ်းတွေကိလည်း အကြည့်ရလွယ်ကူပြီး အခုလိုကြားနေရတာတွေက များလာပါတယ်

ဟုတ်ပါတယ်ကိုစောရေ

အင်း သက်​ငယ်​မုဒိန်းမှု​တွေလည်း များပြားလာတယ်​ဗျာ အဲ့အတွက်​ ထိ​ရောက်​တဲ့ပြစ်​ဒဏ်​သတ်​မှတ်​ဖို့လို​နေပြီ

ဟုတ်ပါတယ်အစ်ကိုရေ

ညီရဲ့ အမြင်ကို အကိုထောက်ခံပါတယ်ညီ

ဟုတ်ကဲ့ပါအစ်ကို

အရမ်းကောင်းတဲ့ဆောင်းပါပါအစ်ကိုရေ

ဟုတ်ကဲ့ပါအစ်ရေ
ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးပါဗျ

ဟုတယ် သက်ငယ်မုဒိန်းမှုကို သေဒဏ်မပေးသမျှကာလပတ်လုံး ဒီလိုဘဲအမြဲတစဉ်ဖြစ်နေမှာဘဲ

ဟုတ်ပါတယ်အစ်ကိုရေ

အဲလိုကျူးလွန်တဲ့ကိစ္စတွေဟာ လက်ခံနိုင်စရာအကြောင်းမရှိပါ မိဘတွေကလဲ ကလေးတွေကို ဂရုစိုက်သင့်သလို ဥပဒေကြောင်းအရလဲ ပြင်းထန်စွာအပြစ်ပေးကြဖို့လိုပါတယ်

ဟုတ်ပါတယ်အစ်ကို

ခုတစ်​​လော အဲ့လို အမှ​တွေ ခနခနကြာ​နေရတယ်​။ ​တွေလည်း ဘ​တွေဖြစ်​ကုန်​ပီလည်းမသိဘူး

အေးဗျာ
လူတွေလည်းဘာတွေဖြစ်နေကြလဲမသိပါဘူး

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.030
BTC 56523.53
ETH 2982.54
USDT 1.00
SBD 2.15