အဖေ့လက်နှင့် ပျိုးသည့်ပန်းsteemCreated with Sketch.

in #myanmar7 years ago (edited)

တိတ်ဆိတ်ငြိမ်သက်သည့် ညလယ်ထဲသို့ TV မှထုတ်လွှင့်သော သီချင်းဆိုပြိုင်ပွဲ အစီအစဉ်မှ ပြိုင်ပွဲဝင်တစ်ဦး၏ "အဖေ" သီချင်းအား သီဆိုရှင်ပြိုင်သံလေး ပျံ့လွင့်ထွက်ပေါ်လာသည်။ အဖေရှိစဉ်ကတည်းက အဖေသိပ်နှစ်သက်ခဲ့သော "ဆိုကြမယ်ပျော်ကြမယ်" အစီစဉ်လေးအား ကျမတို့ကြည့်နေရင်းမှ ရင်ထဲတွင်ဆို့နစ်လာ၍ ကျမဆက်မကြည့်နိုင်တော့ဘဲ အိမ်ရှေ့ဝရန်တာသို့ ထထွက်လာခဲ့သည်။ အမေ့ကို လှမ်းကြည့်လိုက်တော့ ကျလုဆဲမျက်ရည်ကို ကျမတို့ မမြင်အောင်သုတ်ပြီး TV ကြည့်ရင်း ရင်ခွင်ထဲ၌ အိပ်ပျော်သွားရှာသည့် ဖတဆိုး သားငယ်လေးအား သနားကြင်နာစွာ ငုံ့ကြည့်နေရှာသည်။ အမေနဲ့လူမမယ်မောင်လေးကို ကြည့်ပြီး မျက်ရည်မကျမိအောင် အံကြိုတ်တင်းထညးမိသည်။ အဖေမဆုံးခင်း အဖေမှာခဲ့တဲ့ စကားအဆိုင်း အစ်မကြီးဖြစ်သည့် ကျမက အမေနဲ့မောင်လေးရဲ့ အားကိုးရာဖြစ်အောင် နေထိုင်ရမည်။ အမေ့ကို ပြုစုလုပ်ကျွေးဖို့နဲ့ မောင်းလေးကို ပျိုးထောင်သွန်သင်ရန်အတွက် ကျမရဲ့ စိတ်ဓါတ်တွေ ခိုင်မာနေမှဖြစ်မည်။ ကျမလေးစားရတဲ့ အဖေ့ရဲ့ ဆုံးမစကားတွေအတိုင်း မိသားစုရဲ့ အားကိုးထိုက်သော မိမိပတ်ဝန်းကျင်နဲ့ လူသားအားလုံးကို အကျိုးပြု နိုင်စွမ်းရှိသော လူတစ်ယောက်ဖြစ်ဖို့ ကျမရဲ့ လူငယ်အချိန်တွေကို အကျိုးရှိစွာ အသုံးချကြိုးစားရပေမည်။

မနှစ်ကဒီအချိန် ကျမတို့ မိသားစုထဲမှ အဖေထွက်ခွာသွားခဲ့သည်မှာ တစ်နှစ်ပင်ပြည့်လေပြီ။ သမီးကြီးဖြစ်သည့် ကျမကို အားကိုးရှာတဲ့ အဖေ့ဟာ ပညာတတ်ကြီး သိပ်ဖြစ်စေချင်ပါသည်။ အဖေ မဆုံးခင် နာမကျန်းဖြစ်ချိန်မှာ ကျမဟာ တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် ကျောင်းအိပ်ကျောင်းစား ဘော်ဒါနေရ၍ အနီးကပ်ပြုစုခွင့်မရခဲ့ပေ။ ကျန်းမာရေးဌာနရှိ သာမန်ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ အဖေဟာ ကျမကိုဘော်ဒါ ထားနိုင်ရန် ၃ နှစ်လောက်အလို ကတည်းက အပိုငွေထွက်ပေါက်များ ပိတ်ပြီး တတ်နိုင်သမျှ ချွေတာကာ ငွေစုခဲ့ရပါသည်။ အခြားသောမိဘများ ကဲ့သို့ ငွေကြေးပေါများလွန်း၍ မဟုတ်ဘဲ သမီးဖြစ်သူအား အပူပင်ကင်းစွာဖြင့် ကျောင်းစာကို တစိုက်မတ်မတ် သင်ယူကျက်မှတ်နိုင်ရန် အတွက် အဖေ ပိုအပင်ပန်းခံခဲ့ ခြင်းလည်းဖြစ်ပါသည်။ ကျန်းမာရေဌာနမှ အောက်ခြေဝန်ထမ်း အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေရတဲ့ အဖေဟာ ဆရာဝန်သူနာပြုတွေရဲ့ ကျွမ်းကျင်ထက်မြက်ပြီး ပြည့်ဝသောစေတနာများနှင့် လူနာတွေအပေါ် ကုသစောင့်ရှောက်မှု့တို့ကို ကြည့်ပြီး သမီးဖြစ်တဲ့ ကျမကို ဆရာဝန်မကြီးသိပ်ဖြစ်စေချင်ခဲ့ပါတယ်။ အလုပ်တွေအရမ်းလုပ်တဲ့အဖေ့ကို ကျန်းမာရေးဂရုစိုက်ဖို့ ကျွန်မပြောတိုင်း "ငါ့သမီး ဆရာဝန်မကြီးဖြစ်မှပဲ အဖေအနားယူပါတော့မယ်"ဟု အမြဲစနောက်လေ့ရှိတဲ့ အဖေဟာ ကျမဆယ်တန်းအောင်ပြီး ဆေးတက္ကသိုလ် ဝင်ခွင့်ရခဲ့တာတောင် သိခွင့်မရခဲ့ရှာပါဘူး။ စည်းကမ်းတကျ နေထိုင်တတ်ပြီး သားသမီးတွေကို အမြဲဆုံးမပဲ့ပြင်ခဲ့တဲ့ အဖေဟာ သူ့အတွက်ဆိုတာ မရှိခဲ့ဘဲ မိသားစုကိုသာအမြဲရှေ့တန်းတင်ခဲ့သူပါ။

ယခုလိုဆောင်းတွင်း နံနက်ခင်းတွေဆို အမေနဲ့အတူ စောစောထပြီး မီးလှုံလေ့ရှိတဲ့အဖေဟာ အအေးဒဏ်ကြောက်တတ်တဲ့ ကျမတို့မောင်နှမနှစ်ယောက်ကို သူ့ရဲ့ဂျာကင်ရှည် ကြီးထဲထည့်ပြီးနွေးစေခဲ့တဲ့ အဖေ့ရဲ့ ရင်ခွင်ငွေ့ကိုလည်း ကျမတို့ထပ်မရနိုင်တော့ပါဘူး။ ကြောက်တတ်တဲ့ ကျမကို ညဘက်စာကျက်တိုင်း စိတ်မချနိုင်ဘဲ ထိုင်စောင့်ပေးတတ်ကာ အရာရာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲပြီး ကြောက်စိတ်တွေ မရှိတတ်တော့အောင်လည်း ဆုံးမလမ်းညွှန် ပေးနိုင်ခဲ့ပါတယ်။ အလုပ်ကပြန်လာချိန် အဖေဟာ ထမင်းစားပြီးတိုင်း အမေပြင်ပေးတဲ့ လက်ဖက်သုတ် နဲ့ ရေနွေးကြမ်းလေး သောက်ပြီး မယ်ဒလင်လေးတီးကာ ကျမတို့ ကိုမပျင်းရလေအောင် သီးချင်းဆိုပြီး ဖျော်ဖြေပေးတတ်ပါသေးတယ်။

ကျမဆယ်တန်းနှစ် ဘော်ဒါတတ်ချိန် ကတည်းက အဖေ့ကျန်းမာရေး စတင်ဆိုးရွားလာခဲ့ပါတယ်။ ဒါပေမဲ့ အဖေဟာ သူမဆုံးခင်အထိ လစဉ်ကျမကို မပျက်မကွက်လာတွေ့ခဲ့ပါတယ်။ ကျမကြိုက်တတ်တဲ့ စားစရာလေးတွေကအစ သင်ထောက်ကူဖြစ်စေတဲ့ စာအုပ်လေးတွေ လိုအပ်မည့် ဆေးဝါးလေးတွေ ပါမကျန်ရလေအောင် ဝယ်လာပေးခဲ့ပါတယ်။ ကျမသိရင် စိတ်မကောင်းဖြစ်ပြီး စာမကျက်နိုင်မှာ စိုးရိမ်ကာ ကျန်းမာရေးမကောင်းတာတောင် ဖွင့်မပြောခဲ့ရှာပါဘူး။ ဘယ်လိုအကြောင်းနဲ့ ကျမရဲ့ ပညာရေးကို အထိခိုက် မခံခဲ့တဲ့ အဖေဟာ ကျမဆယ်တန်း နှစ်ဝက်လောက်မှာဘဲ ဆုံးပါးသွားခဲ့ပါတယ်။ အဖေ ဆုံးပါးသွားပေမဲ့ ကျမရဲ့ ကြိုးစားမှု့တွေ မလျှော့ခဲ့ဘဲ ဆေးကျောင်းတက်ခွင့်ရအောင် ကြိုးစားခဲ့ပါတယ်။
image
အဖေ ဖြစ်စေချင်တဲ့အတိုင်း တက္ကသိုလ်ဝင် တန်းစာမေးပွဲကို ( ၅ ) ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ပြီး ဆေးကျောင်းတက်ခွင့် ရခဲ့ပါတယ်။ အဖေ့ရဲ့ ဆန္ဒအတိုင်း ဆရာဝန်မကြီးဖြစ်အောင် ကြိုးစားပြီး အမေနဲ့ မောင်လေးကို ပြန်လည်စောင့်ရှောက်နိုင်အောင် ကျမ အားထုတ်ရပါဦးမည်။ ဘဝတူ သူငယ်ချင်းတွေမှာ သူတို့ရဲ့ အောင်မြင်မှုကို မျှဝေခံစားပေးမယ့် မိစုံဖစုံ ရှိကြပေမယ့် ကျမအတွက်တော့ ကျမကို အောင်မြင်အောင် အပင်ပန်းခံ ပခုံးထမ်းတင်ပေးခဲ့တဲ့အဖေ မရှိတော့တဲ့အတွက် အရမ်းကို နာကျင်ခံစားရပါတယ်။ လောကကြီးထဲက စောစီးစွာ ထွက်ခွာသွားခဲ့ပေမယ့် အဖေဟာ ကျမအပါဝင် မိသားစုတစ်ခုလုံးကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် လေ့ကျင့်ပေးသွားခဲ့ပါတယ်။ သေခြင်းတရာဆိုတာ ရှောင်လွှဲ လို့မရတဲ့ အရာဖြစ်ပေမဲ့ ၄၀ ကျော်အဖေ့အတွက်တော့ အရမ်းကိုစောလွန်းနေလို့ သမီးနှမျောမိပါတယ် အဖေရယ်။
photo credit google.
Author: @poewuttyee
ကိုယ်တိုင်းရေးသားထားကြာင်းတာဝန်ခံပါသည်။
image

Sort:  

အရမ်းကောင်းတယ်ဗျာ ဆက်ကြိုးစားပါ

အမကြီးပီသပါပေတယ်ဗျာ

အရမ်းကောင်းပါတယ်။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54274.36
ETH 2279.16
USDT 1.00
SBD 2.33