Arnandar pagoda (bagan)
♢အာနန္ဒာဘုရားရှိ ဆင်းတုတော် အတည်အပြုံးမျက်နှာတော် ဗိသုကာလျို့ဝှက်ချက်နှင့် ကမ္ဘာကျော်ရခြင်း အကြောင်းတရားများ♢
လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က မြန်မာနိုင်ငံ၏ ယုံကြည်ကိုးကွယ်မှု၊ယဉ်ကျေးမှု ဆောက်လုပ်ရေး နည်းပညာနှင့် အနုပညာတို့ ပေါင်းစပ်ကာ တစ်နေရာတည်းတွင်ကြည့်လို့ရမည့် နေရာကိုပြပါဆိုလျှင် ပုဂံရှိ အာနန္ဒာဘုရားဖြစ်ပါသည်။ ဟုတ်ပါသည် အာနန္ဒာဘုရားသည် ဆောက်လုပ်ရေးနှင့် ဗိသုကာပညာ၊ ကျောက်ဆစ်ပညာ၊ မြေနှင့်စဥ့်ထည်ပညာ၊ သစ်သား ပန်းပုပညာ၊ ပန်းပဲပညာ၊ ပန်းချီပညာ၊ ပန်းရံပညာ စသည်တို့ကို လေ့ လာရန် အကောင်းဆုံး နေရာ ဖြစ်သည်။ ပထမဦးစွာ အာနန္ဒာဘုရား၏သမိုင်းကို ဦးစွာပြောရမည်ဆိုလျှင် -
AD- ၁၁ ရာစု ကျန်စစ်သား ပုဂံ၌မင်းပြုစဉ်အချိန်တွင် ရဟန္တာ ( ၈) ပါး ပုဂံသို့ ဆွမ်းခံ ကြွလာခဲ့ကြသည်။ မင်းကြီးသည် နန်းတော်သို့ ပင့်ကာ ဆွမ်းလုပ် ကျွေးခဲ့ သည်။ ထို့နောက် အရှင်သူမြတ်တို့ အဘယ်အရပ်မှ ကြွလာပါသနည်း ဟုမေးသောအခါ ရဟန်းတို့က ဟိမဝန္တာ ဂန္ဓမာဒနတောင်ရှိ နန္ဒမူလ ဂူမှ ကြွလာသည်ဟု မိန့်ဆို လေသည်။ ကျန်စစ်သားလည်း ထိုလှိုင်ဂူကို မြင်လိုသည်ဟု လျှောက်ထားရာ အရှင်မြတ်တို့ကား နန္ဒမူလဂူကို ရေးဆွဲပြသဖြင့် နန္ဒမူလလိုဏ်ဂူ သဏ္ဍာန်ကောင်းမှုတော်တည်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုနန္ဒမူလကိုအစွဲပြုကာ အာနန္ဒာဟု ခေါ်ဆိုသည်။ အာနန္ဒာဘုရား ဘွဲ့တော်သည် ဤတစ်ခုတည်းမှမဟုတ်ဘဲ အခြားအယူအဆ များလည်း ရှိနေပြန်သဖြင့် နန္ဒမူလသည် ပထမအယူဖြစ်သည်။
ဒုတိယအယူအဆမှာ ပွင့်တော်မူပြီးသောဘုရားရှင်တို့၏ ဘုန်းတော်အနန္တ ကံတော်အနန္တဉာဏ်အနန္တကို ရည်မှတ်ပူဇော်ခြင်း အဖြစ် အနန္တဟုခေါ်ရင်း အချိန်ကာလကြာမြင့်ရွေ့လျားပြောင်းလဲ လာမှုနှင့်အတူ အာနန္ဒာဟု ခေါ်တွင်ခြင်းဟုဆိုသည်။
တတိယအယူအဆမှာ သက္ကသဘာသာစကားအရ အာနန္ဒသည် အလွန်လှပသောဟု အဓိပ္ပါယ်ရသည်။ ထိုမှ အာနန္ဒာဟု ခေါ်ဆိုခြင်း ဖြစ်သည်ဟုဆိုပြန်သည်။
ထို့ကြောင့် အာနန္ဒာဟူသော ဘွဲ့တော်သည် အယူအဆ ( ၃ ) မျိုးခန့်ကွဲနေသဖြင့် မည်သည့် အယူအဆကအမှန်ဖြစ်သည်ကို အတိအကျ မပြောနိုင်ပါ။
ကျန်စစ်သားမင်း၏အာနန္ဒာဘုရားတည်ဆောက်ခြင်း အဓိက အကြောင်းအရာတွင် သာသနာနှစ် ( ၅၀၀၀ ) ထိတည်တံ့ ခိုင်မြဲနိုင်မည့် နန္ဒမူလလိုဏ်ပုံစံဘုရား အတွင်းဝယ် ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ဘုရား( ၄ )ဆူတို့အားရည်စူး၍ အရပ်တော် ( ၁၈ ) တောင်စီရှိသော ဆင်းတုတော် ( ၄ )ဆူကို တည်ထား ကိုးကွယ်ရန်ဖြစ်သည်။
ရာဇဝင်စာများအဆိုအရ အာနန္ဒာဘုရားကို ဧရာဝတီမြစ်ရေတိုးချိန်ပင် မိမိ၏ကောင်းမှုတော်မပြိုနိုင်စေရန်မြေကို အတောင် ( ၆၀ ) မြေအောက်ရေ ထွက်သည်အထိ တူးစေကာ ထိုကြမ်းပြင်မှ နဂါးရစ် ကျောက် သံတောင် ( ၃၀ )ထိ အုတ်မြစ်ချစေသည်။ ထိုမှ အတောင် ( ၃၀ ) သို့ရောက်သော် ဘုရားရှင်၏ဓါတ်တော်အပြင် ရွှေငွေတို့ဖြင့် သွန်းလုပ်ထား သော ဗုဒ္ဓဝင်ခန်းများနှင့် နတ်ဗြဟ္မာတို့ ကောင်းချီးပေး သည့် ခရုသင်း၊ စည်း၊ စောင်းတီးနေသော အရုပ်များ၊ နတ်တို့ လက်ပန်းပေါက်ခတ်ဟန်၊ သင်္ဂါယနာသုံးတန်တင်ဟန်၊ ထိုဌာပနာတိုက်ကိုကာကွယ်ရန် ခြင်္သေ့စက်၊ ကျားရဲစက်၊ နဂါးစက်တို့ကိုသွန်းကာ စုစုပေါင်း ရွှေစင်သုံးကုဋေခြောက်သန်း အကုန်ခံကာ ဌာပနာတိုက်သွင်းခဲ့သည်။ မြေကြီးနှင့်တူညီသော အမြင့်သို့ပြန်ရောက်သောအခါမှ ထိုအပေါ်တွင် ဘုရားစတည်သည် ဟု ဆိုသည်။ဗိသုကာဆရာ ( ၄ ) ဦးတစ်ဦးလျှင် ( ၁ ) သောင်းနှုန်း ဖြင့် ( ၄ )သောင်းကုန်ကျကာ ပန်းရံ ( ၄၀၀ ) ဦးပါဝင်တည် ဆောက် ပေးခဲ့ပြီးလက်ခကုန်ကျစရိတ်စုစုပေါင်းမှာ ရွှေစင် ( ၄ ) သိန်းဖြစ် သည်။ ကျန်စစ်သားတောင်းဆိုသော ဘုရားသက်တမ်း နှစ် ( ၅၀၀၀ ) ကြာခံနိုင်ကြောင်း ပန်းရံဆရာသည် သူဆောက်ပြီးသောဘုရား ပေါ်တွင် ဆင်ဖြင့်တက်နင်းနိုင်ကြောင်း အာမခံပေးခဲ့သည်။ ဤသည်တို့သည် ကျွန်ုပ်တို့ လက်လှမ်းမမှီနိုင်သော အပိုင်းဖြစ် သဖြင့် ယနေ့မြင်တွေ့ နေရသော ရုပ်ပိုင်းဆိုင်ရာကိုသာ အင်ဂျင်နီယာဘာသာရပ်နှင့် အခြားဗိသုကာအတွေးမြင် ဆိုင်ရာ ဖြစ်နိုင်ဖွယ်ရှုထောင့်မှ တင်ပြလိုပါသည်။
♢တည်ဆောက်ရေးအပိုင်း♢
အာနန္ဒာဘုရား၏ ဖိနှပ်တော်မှထီးတော်အထိ ဥာဏ်တော်မှာ (၁၆၈) ပေမြင့်သည်။ အောက်ခံပန္နက်ပုံသည် ဂရိလက်ဝါးကပ်တိုင်ပုံစံ
( Greek Cross ) ပုံစံတစ်ထပ်လိုဏ်ဘုရား ဖြစ်သည်။ ဤပန္နက်ပုံသည် ( ၈ ) ရာစုခန့်က ဘင်္ဂလားပြည်နယ် မဟာပူရ တွင်ရှိခဲ့ဖူးသော ဘုရားတစ်ဆူနှင့် ပန္နက်ခြင်းအတော်ပင် ဆင်တူနေ သည်။ ပုဂံတွင်မူ အာနန္ဒာဘုရားနှင့် ဓမ္မရံကြီးဘုရားတို့သည် ပန္နက်ပုံအပြင် ဆောက်လုပ်သည့်ပုံစံခြင်းမှာလည်း အလွန်ဆင်တူ သည်။ ကုလားကျောင်းခေါ် တိုက်မကြီးမှ အရပ် ( ၄ ) မျက်နှာသို့ အာရုဏ်ခံတန်ဆောင်း ( ၄ ) ဘက် ထုတ်လိုက်သည်။ အလျား တစ်ဖက်လျှင် ( ၈၈ ) ပေ ( ၂၆.၈၂ ) မီတာ စတုရန်းပုံရှိသော ကံ့ကူဆံတုံး ( Centre Core ) ကို ဗဟိုမဏ္ဍိုင် ဒေါက်တိုင်အဖြစ် အမာခံပြုလုပ်ထားသည်။ မဏ္ဍိုင်အထက်ပိုင်းရှိ စေတီပစ္စယံ၊ ကွမ်းတောင်နှင့်အထွဋ်တို့ကို ထပ်တက်ရန်ရှိသော အခါ အထက်ပိုင်းရှိ အလေးချိန်အားလုံးသည် မဏ္ဍိုင်ကြီးအထက်ပိုင်း ပေါ်သို့တိုက်ရိုက် သက်ရောက်သွားသဖြင့် မဏ္ဍိုင်အထက်ပိုင်း ပြန့်ကားလာနိုင်သည်။ ထိုပြန့်ကားလာခြင်းအပေါ် ထိန်းချုပ်နိုင်ရန် ထိုမဏ္ဍိုင်မှ( ၆ ) ပေ( ၆ ) လက်မ ခြားကာ ( ၁.၉၈ ) မီတာခြားကာ၊ ( ၉ )ပေခန့်ထူသော အုတ်နံရံတစ်ခုကို ပတ်လိုက်သည်။ထိုအခါ မဏ္ဍိုင်နှင့်အုတ်နံရံအကြား တစ်မျက်နှာလျှင် ပေ ( ၁၀၀ ) ရှည်သောလမ်း ဖြစ်ပေါ်လာသည်။ မဏ္ဍိုင်ထက် အနည်းငယ် နိမ့်သော ထိုပထမနံရံသည် တဖက်လျှော မှီခုံးမိုး ( Leaning Vault) ဖြင့် မဏ္ဍိုင်ကြီးကိုသွားရောက် ချိတ်ဆက် ထောက်ပံ့ ကျားကန်ပေး လိုက်သည်။ ( Leaning Vault ) ၏သဘောသည် အမြင့် မတူညီသောနံရံနှစ်ခုအား ချိတ်ဆက် ပေးသော် ထိုအမြင့်နံရံမှ ယိုင်ကျ လာသောဖိအားများအားလုံးကို နိမ့်သောနံရံပေါ်သို့ လွဲချလိုက်ခြင်း နည်းဖြစ်သည်။ ( ဥပမာ-စာအုပ်တစ်အုပ်၏တစ်ဝက် ကို ( ၉၀ )ဒီကရီထိလှန်ကာ လက်ဖြင့် တစ်ရွက်ခြင်းပြန်လွတ်ချသော သဘောတရားမျိုးဖြစ်သည်။ ) တနည်းအားဖြင့် မှီခုံးမိုးသည် အမြင့်မှအနိမ့်အပေါ် ကျလာသောအား ကိုသာ ကောင်းစွာလက်ခံ နိုင်ပြီး ငလျင်ကဲ့သို့ သော အနိမ့်နံရံမှ ပြန်လည်တွန်းလှန်မည့် အားမျိုးတွင် နံရံထိပ်ပိုင်းသည် မှီခုံးမိုးကို မတွန်းဘဲ မဏ္ဍိုင်ရှိရာသို့သာ ရွေ့သွားနိုင်သဖြင့် ထိန်းချုပ်နိုင်မှု အနည်းငယ် လွတ်သွားနိုင်သည်။ ထို့ကြောင့် အနိမ့်နံရံမှ ရွေ့လျားမှု ကို ထိန်းနိုင်ရန် နံရံနှင့်မဏ္ဍိုင်ကြား ဂွပုံသဏ္ဍာန်ရှိသော( Diaphragm Vaults )များကို ညှပ်ပေးထားပြန်သဖြင့် ပထမနံရံထိပ်ပိုင်း ရွေ့လျားမှုကို ကောင်းစွာထိန်းချုပ်နိုင်သွားပြီ ဖြစ်လေသည်။ ဤ ( Diaphragm Vaults ) များကို ခိုမြီးယှက်ကဲ့သို့ အုတ်နှင့် ကျောက်ရောထား သော ( Radiation Vaults ) များဖြင့် ထပ်ခံပေးလိုက် သောအခါ ခိုင်ခံ့မှုလုံလောက် သွား ခဲ့လေပြီ။ ထို့ကြောင့် ငလျင်လှုပ်သောအခါ တိုင်းတွင် ဘုရားတစ်ဆူ လုံး၏ အားသက်ရောက်မှုအရှိဆုံးနေရာမှာ ဤပေါင်းမိုးခုံးများ ဖြစ်သ ဖြင့် ထိုနေရာရှိအင်္ဂတေများ ကွာကျခဲ့သည်မှာ သက်သေပင်ဖြစ်သည်။ ပထမအတွင်းလမ်းသည် အနည်းငယ် ကျဉ်းမြောင်း ထားခြင်း ဖြစ်ကာ ခုံးမိုးတိုသဖြင့် ခုခံနိုင်စွမ်းအား ပိုမိုတောင့်တင်းပြီး နီးနီးကပ်ကပ် ထောက်ခံ ပေးနိုင်သောသဘော ဖြစ်စေသည်။ ထိုပထမနံရံကို ( ၈ )ပေခြားကာ ဒုတိယနံရံတစ်ခုဖြင့် ထပ်ရံ ကာ ပထမနည်းအတိုင်း မှီခုံးမိုးဖြင့် သွားရောက်ထောက်ခံ ကျားကန် ပေးလိုက်ပြန်သဖြင့် ရှိသမျှအလေးချိန်တို့သည် ဒုတိယခုံးမိုးမှတဆင့် ဒုတိယနံရံ (နောက်ဆုံးနံရံပေါ်) ဆီရောက်သွား ကာ အောက်ခံခုံပေါ်သို့ နောက်ဆုံးကျရောက်သွားလေသည်။ ဒုတိယလိုဏ်ပတ်လမ်း တစ်မျက်နှာလျှင် ( ၁၄၇ ) ပေ ကျယ်ကာ( ၃၅ ) ပေ မြင့်သော ကုလားကျောင်းနံရံဖြစ်သွားသည်။ ပင်မဝင်ပေါက်( ၄ ) ဖက်စာအတွက် ထိုအုတ်နံရံနှစ်ထပ်ကို ဝင်ပေါက် ( ၈ ) ပေါက် ဖောက်ထားသည်။ ပုဂံ ရာသီဥတုသည် အများအားဖြင့် နေသာကာ ပူအိုက်သောကြောင့် လိုဏ်ပတ်လမ်းထောင့်တိုင်းတွင် ပြတင်းပေါက် များကို တိုးလျိုပေါက် အရှေ့နောက်၊ တောင်မြောက် မျဉ်းပြိုင် ဖောက်ထား ခြင်းဖြင့် အလင်းရောင်နှင့် လေဝင်လေထွက် နှင့်နေရာလွတ် ( Lighting, Ventilation and Spaces,) ဟူသော အကျိုးတရားများအပြင် ဘုရားဖူးလာသူတို့ အေးမြသော လေ ဥတုသပ္ပါယ ရစေရန် ပါးနှပ်စွာ တည်ဆောက် သွားသည်။ ပြတင်းပေါက်နှင့်လိုဏ်ကြီးလိုဏ်ငယ် စုစုပေါင်း( ၁၄၀ ) ရှိကာ အတွင်းအပြင် မုခ်ပန်းများ တန်ဆာဆင်ထားသည်။ ထို နေရာလွတ် တို့သည် အဓိကအားဖြင့် ငလျင်လှုပ်သောအခါ ပြည့်ကြပ်ကာ ကွဲထွက် မသွားစေ ရန် ဟာကွက် နေရာလွတ်များ ထားရှိခြင်းဖြစ် သည်။ ထို့ကြောင့်( 1975 ) တွင် လှုပ်ခဲ့သောငလျင် ကြောင့် အထွဋ်တော်မှလွဲ၍ အခြားအစိတ်အပိုင်းများစွာ အကောင်းအတိုင်း ကျန်ခဲ့သည်။ အတွင်းနံရံရှိ အင်္ဂတေများကွာကျ ခဲ့ရာ ထိုနေရာမှ အာနန္ဒာဘုရား၏ အုတ်စီနည်းကို သိခွင့်ရခဲ့သည်။
လိုဏ်နံရံများ
လိုဏ်ပတ်လမ်းနံရံများပေါ်တွင် မုခ်ကပ်လိုဏ်ငယ်များ စွာထည့်သွင်း ကာ ထိုနေရာများတွင် ကျောက်ဆစ်ပန်းပုများကို ထည့်ထားသည်။ ပထမလိုဏ်ပတ်လမ်းနံရံတွင် ဗုဒ္ဓဝင်အခန်းပေါင်း ( ၈၀ ) ကို ကျောက်ပန်းတမော့များ ဖြင့် တန်ဆာဆင်ထားသည်။ ထိုကျောက်ဆစ် များသည် နောက်ခံကျောက်ပြားမှ ရုပ်ကြွတစ်ဝက်ကိုသာ ထွင်းထု ထား သဖြင့် ၄င်းကိုတစ်ဝက်ရုပ်ကြွ (Half Relief) ဟုခေါ်သည်။ မုခ်ဦး အထက်ဖက် ( ၄ ) မျက်နှာတွင် ဘုရားလောင်းပဋိသန္ဓေ နေတော်မူခန်း၊ ဖွားတော်မူခန်း၊ ပရိနိဗ္ဗာန်ပြုခန်းစသည်တို့ အခန်းခန်း ပါဝင်သော ကျောက်ဆစ် ( ၆၄ ) ဆူကို သရုပ်ဖော်ထားသည်။ ဘုရားရှင် ( ၄၅ )ဝါပတ်လုံး လူနတ်ဗြဟ္မာအပေါ်င်းအား တရား ရေအေး တိုက်ကျွေး ဟန်ကို ရုပ်လုံးဖော်ထားသော အရုပ်ပေါင်း ( ၁၃၀၄ ) ဆူရှိသည်။ ဤဘုရားရှင် ၏ဖြစ်တော်စဉ် ကျောက်ဆစ်တို့မှ ကြည်ညိုဖွယ်၊ သံဝေဂရဖွယ် အစရှိသော စိတ်ခံစား ချက်မျိုးစုံကို ပေးနိုင်ခဲ့သည်။
( ကျောက်ဆစ်တို့ အသေးစိတ်ပိုမိုသိရှိနိုင်ရန် ဖော်ပြပါ ဓါတ်ပုံတွင် လေ့လာပါ )
♢အထက်ပိုင်းတည်ဆောက်ထားပုံ♢
အာနန္ဒာဘုရား၏ ကုလားကျောင်းအထက်တွင် မိုးရေစီးဆင်းရန် မိုးလျှော( ၂ ) ထပ်ပြုလုပ်ထားသည်။ အာရုဏ်ခံတန်ဆောင်း အဝင်လမ်းရှိ အောက်မိုးလျှောဆုံရာတွင် အောက်မိုးလျှောမုခ်ထွဋ်အား ( ၄ ) မျက်နှာတပ်ဆင်ထား သည်။ အထက်မိုးလျှောတွင်လည်း အလားတူ အထက်မိုးလျှော မုခ်ထွဋ် ( ၄ ) ပေါက်တပ်ဆင်ထား သည်။ ထိုအထက်မိုးလျှောမုခ်ထွဋ် တွင် အတွင်းရှိ အလင်းပေါက်များ သည် ဆင်းတုတော်များ၏ မျက်နှာတော် များပေါ်သို့ ကျရောက်လာ မည့် အလင်းပေါက် များဖြစ်သဖြင့် အာနန္ဒာဘုရား၏ အရေးအကြီး ဆုံး အလင်းရောင်ပေးသောအပိုင်း ဖြစ်သွားသည်။ အောက်မိုးလျှော နှင့် အထက်မိုးလျှောတို့ မုခ်ထွဋ်များနှင့် ထောင့်များတွင် စေတီငယ် များ တင်ထားသည်။ ထိုအထက်တွင် ပစ္စယံ ( ၃ ) ဆင့်ထပ်တည်ကာ ပထမပစ္စယံထောင့်တွင် ထောင့်စိုက်စေတီများ တင်ထားသည်။ ပစ္စယံ ( ၃ ) ဆင့်တို့အထက်တွင် ကွမ်းတောင်တက် ထားသည်။ ထိုကွမ်းတောင်သည် အုတ် အပြည့်စီထားခြင်းမဟုတ်ဘဲ အတွင်းတွင် အခေါင်းအဖြစ်ထားရှိကာ စေတီ၏ အလေးချိန်ကို လျှော့ချထားခြင်း ဖြစ်သည်။ ထိုကွမ်းတောင်တွင် တစ်မျက်နှာလျှင် မုခ်ငယ် ( ၅ ) ခုတပ်ဆင်ထားကာ ထိုမုခ်တွင်းတွင် ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူ မည့် ဘုရား ( ၅ ) ဆူကို ရည်ရွယ်ထားရှိသည်။ အပေါ်ဘက်ရှိ ဆင်းတုတော်များ ဖြစ်သည်။ ထိုကွမ်းတောင်အထက်တွင် အထွဋ်တော် ပါစေတီကို တင်ထားကာ အာနန္ဒာဘုရား၏ မြေပြင်မှအထွဋ်အထိ ဥာဏ်တော်မှာ ( ၁၆၈ ) ပေရှိသည်။ ( ၁၉၇၅ ) ငလျင်အပြီးတွင် ( Golden Ratio ) ဟုခေါ်သော ရွှေ အချိုးအပြင်ဖက်ကျရောက်သည့် ကွမ်းတောင်မှာ ပြိုကျသဖြင့် အထက်ပိုင်းရှိ အလေးချိန် တန်ချိန် (၂၀၀) ခန့်လျှော့ချကာ ပြန်လည် ပြုပြင်ခဲ့သည်။
♢အထက်ပိုင်းတွင်အမွန်းဆင်ထားသည့် အရုပ်များ♢
အောက်ခြေမုခ်ထွဋ် ၊ အထက်မုခ်ကင်း တို့ကို မကာန်းရုပ်ခံကာ၊ ရာမလက်ညိုးစိန်တောင်တို့ဖြင့် အလှဆင်ထားသည်။ ထိုအထက်တွင် ခုန်ပေါက်တော့မည့်အလား လည်ဆံဖားဖားများနှင့် မနုသီဟအရုပ် (၁၄၈) ရုပ် ၊ နတ်ရုပ် (၂၈) ရုပ်၊ စေတီ (၂၄)ဆူ အထက်ကွမ်းတောင် မုခ်ငယ် များတွင် ရုပ်တုတော် (၂၀) စသည်တို့ တွေ့ရသည်။
♢ဆင်းတုတော်ကြီး ( ၄ ) ဆူ♢
အာနန္ဒာဘုရားအတွင်းရှိဆင်းတုတော်တို့သည် ဥာဏ်တော် ( ၁၈ ) တောင်စီရှိသော ဤကမ္ဘာတွင်ပွင့်တော်မူပြီးသည့် ဘုရား ( ၄ ) ဆူတို့ကို ရည်ညွန်းသည်။ ဆင်းတုတော်တို့သည် မြင်ဖူးနေကြ ဖြစ်သော ထိုင်တော်မူကိုယ်တော်မျိုးမဟုတ်ဘဲ ရပ်တော်မူ ဆင်းတုဖြစ်နေသည် ကား ရှားပါးသော ပုံစံဖြစ်သည်။ ထိုဆင်းတုတော်များအားလုံးအား မဏ္ဍိုင်အတွင်းတွင်ထွင်းကာ ထည့်သွင်းထားသည်။ ထုသို့ထွင်းထုထားခြင်းမှာ ဘုရားအတွင်း စကားပြောဆို ရာတွင် ပဲတင်ထပ်သံများ ( Echo )မဖြစ်အောင် လျှော့ချပေးသော စနစ်ဖြစ်သည်။
၁။ အရှေ့ဘက်ရှိဆင်းတုတော်သည် ကောဏာဂမန မြတ်စွာဘုရား ဖြစ်ကာ မာလာယုကျွန်းမှရရှိသော သရက္ခာန်သားဖြင့် ထုလုပ် ထားသည်။ မင်းတုန်းမင်းလက်ထက်ခန့်တွင် သီလရှင်ဆရာလေး တစ်ပါးက ဆီမီးပူဇော်ကာ ထွက်ခွာသွားသည်။ ထိုဆီမီးသည် ဆင်းတုတော်ပေါ် ကျပြီး တစ်ညလုံးမီးလောင်ကျွမ်း ခဲ့သည်။ ပုဂံမြို့ဝန် ဦးဖိုးမှ ကျွန်းသားဖြင့်ထုလုပ်ကာ အစားထိုး ပူဇော်ခဲ့သည်။
၂။ အနောက်ဘက်မျက်နှာရှိဆင်းတုတော်သည် ဂေါတမမြတ်စွာဘုရား ဖြစ်ကာ ပဉ္စလောဟာ သတ္တုစပ်ဖြင့် သွန်းလုပ်ထားသည်။ထိုဆင်းတော် ကြီးသည် ( ၁၇၄၅ ) ခုနှစ် ဟံသာဝတီရောက်မင်းလက်ထက်တွင် တစ်ကြိမ်ပျက်စီးခဲ့သည်။ တဖန် ( ၁၈၈၅ ) တွင် မသမာသူပုဂိုလ်တို့ သတ္တုလိုချင်စောနှင့် ဖျက်ဆီးရယူခဲ့ပြန်သဖြင့် ပုဂံကုန်သည်ကြီး ဦးစံငြိမ်းမှ ကျွန်းသားဖြင့် အစားထိုးထုလုပ်ပူဇော်ခဲ့ရပြန်သည်။ ထို ဆင်းတုတော်ကြီး၏ အခြေတွင် ယွန်းသစ်စေးဖြင့်ပြုလုပ်ထားသော ရှင်အရဟံနှင့် ကျန်စစ်သားရုပ်တုများရှိ သည်။ ထိုအရုပ်သည် ဒုတိယကမ္ဘာစစ် အတွင်း လက်ဖြတ်ကာ အခိုးခံခဲ့ ရသည်။
၃။ တောင်ဘက်မျက်နှာရှိ ဆင်းတုတော်သည် ကဿဖမြတ်စွာဘုရား ဖြစ်ကာ ဟိမဝန္တာမှရသော ထင်းရှုးသားဖြင့် ထုလုပ်ထားသည်။
၎။ မြောက်ဘက်ရှိဆင်းတုတော်မှာ ကကုသန်မြတ်စွာဘုရားဖြစ်ကာ ပဲခူးနယ်မှရသော စံကားသားဖြင့် ထုလုပ်ထားသောဆင်းတုဖြစ်သည်။
ထို့ကြောင့် တောင်ဘက်နှင့်မြောက်ဘက်ဆင်းတုနှစ်ဆူသာလျှင် မူလ ဆင်းတုများဖြစ်သည့်အလျောက် ထိုပုဂံခေတ်စစ်စစ်က ဆင်းတုများ တွင် ကြီးကြီးမားမားထူးခြား သည့် အနုပညာဂုဏ်သတ္တိတို့ ရှိနေသည်။ ထိုထူးခြားချက်များသိရှိနိုင်ရန် ဖော်ပြပါပုံတွင် ကြည့်ရှုပါ။
စိတ်ပိုင်းဆိုင်ရာ ညို့ငင်ထားသော အာနန္ဒာဘုရား၏အစိတ်အပိုင်းများ
ဘုရားဖူးသည် အာရုဏ်ခံတန်ဆောင်းအတွင်းစတင်ဝင်ရောက်သွားပြီ ဆိုသည်နှင့် တန်ဆောင်းအတွင်း နံရံများပေါ်တွင် ပန်းချီများ ရေးချယ်ထား သဖြင့် ထိုပန်းချီတို့အား ငေးကြည့်ဘာသာပြန်ရင်း အပြင်မှဖြစ်ပေါ်နေသော အာရုဏ်အားလုံးကို စတင်လျှော့ချ စေနိုင်သည်။ တန်ဆောင်းအတွင်းသို့ဝင်ရောက်လာရင်း အလင်းရောင်သည် တဖြည်းဖြည်းလျော့နည်းလာကာ ဂန္ဓကုဋိ တိုက်တော်အနား ရောက်လာသောအခါ အဝင်ရှိအရုပ် ( ၂ ) ရုပ်ကို စတင်ကာစိတ်ဝင်စားလာပြီး လူသားလော၊ နတ်လော၊ သိကြားလော ဟူသည့် အမျိုးအမည်မသိ ခံစားချက်များဖြစ်ပေါ်စေသည်။ ထိုမှတစ်ဆင့် စိတ်အာရုဏ်အားလုံးတို့သည် အမှောင်အတွင်းမှ အလင်းရောင်ကျ နေသော ရပ်တော်မူဆင်းတုမျက်နှာ တော်ထံသို့ ရောက်သွားသည်။ ထိုအချိန်တွင် ရှိသမျှကိလေသာတရားတို့ ခဏတာချုပ်ငြိမ်းသွားကာ ဘုရားရှင်၏ ခြေတော်ရင်းကို ဖူးမျှော်မာန် လျှော့ ကန်တော့မိသည် အထိ ပုဂံခေတ်၏ အနုပညာဂုဏ်အင်္ဂါတို့ စေခိုင်းနိုင်စွမ်း ရှိလေသည်။
နံရံပန်းချီသည် သမိုင်းအားဖော်ထုတ် ရန်၊ ထိုခေတ်ထိုအခါက လူနေမှု ၊ ပတ်ဝန်းကျင် အစစ အရာရာ ပါဝင်နေသော ထိုနံရံပန်းချီများ မှေးမှိန်သဖြင့် ကြည့်မကောင်း ကြည်ညိုဖွယ်အသွင်ဆောင်အောင် ထုံးသုတ်ပစ်လိုက်သော ခေတ်အဆက်ဆက်မှ ဉာဏ်ကြီးရှင် တို့လက်ချက်ကြောင့် မြန်မာနိုင်ငံ၏ ပထမဆုံးပန်းချီစာရင်းဝင် နံရံပန်းချီတို့မှာလည်း ပျက်စီးဆုံးရှုံးရလေတော့သည်။
အာနန္ဒာဘုရားသည် နန်းတော်ကျုံး၏အပြင်ဘက်တွင် တည်ထားသည် ကား ထူးဆန်းနေသည်။ အာနန္ဒာသည် မြန်မာ့မြေပေါ်တွင် ပထမဆုံးတည်သော လိုဏ်ဘုရားဟု သတ်မှတ်ထားကြသဖြင့် တည်ဆောက်ရာတွင် အတော်ပင် စိန်ခေါ်မှု များသည့် ဆောက်လုပ်ရေးလုပ်ငန်းဖြစ်သည်။ ပန်းရံဆရာသည် အုတ်ကိုဖျောက်ကာစီခဲ့သဖြင့် အုတ်စီနည်း ကောင်းမွန်သည်။ အမရပူရ ရှိ ကျောက်တော်ကြီးဘုရားသည် အာနန္ဒာအုတ်စီနည်းကို မသိဘဲ ထိုပုံစံအတိုင်းပြုလုပ်သဖြင့် မအောင်မြင်ချေ ။ နောက်ပိုင်းမှသာ သူ့နည်းသူ့ဟန်ဖြင့် ဆောက်လုပ်ခဲ့သည်။ အာနန္ဒာသည် ပညာရှင်တို့ အနေဖြင့် မည်သို့မည်ပုံဖြစ်နိုင်သည် ဟုသာ ခန့်မှန်းကြသော်လည်း တိတိကျကျ မည်သူမှ မပြောနိုင်ခြင်း မှာ ဤဘုရားကဲ့သို့ ပုံစံတူ နောက်တစ်ဆူ သည် ကမ္ဘာပေါ်တွင် မရှိခြင်းကြောင့် ဖြစ်သည်။ကျန်စစ်သားမင်းသည် အာနန္ဒာစေတီတော်ကို တည်ဆောက်ပြီး နောက် မီးတားမဟာရံတံတိုင်းနှင့်တကွ ဝတ္တကကံမြေ အရာမ်စောင့် ကျွန်သီးတော်တို့ကိုပါ လှူဒါန်းသည်။
အာနန္ဒာစေတီတော်ကြီးသည် မည်ကဲ့သို့ အုတ်စီထားသည်ကို မသိနိုင်သဖြင့် အကြမ်းအားဖြင့် တောင့်တင်းခိုင်မာသောနည်း
( Rigid ) ကိုအသုံးပြုထားသည်ဟု သုံးသပ်မိပါသည်။ တည်ထားပုံ မှန်ကန်သည့် ဟန်ချက်သဘော ၊ အချီအချသဘော၊ ပြေပြစ် ညီညွတ်မှုသဘော တို့အပြင် ဘုရားအားကြည့်ရှုကာ ကျန်စစ်သား ခေတ်၏ တိုင်းပြည် တည်ငြိမ်အေးချမ်းသာယာ သောနိုင်ငံရေး အခြေနေ ကိုပါ ခံစားမိစေသည်။ ထို့အပြင် ပန်းပဲ၊ ပန်းရံ ၊ ပန်းချီ အစစရှိသော ပုဂံမြန်မာမှုဗိသုကာများကို တစ်နေရာတည်းတွင် ကြည့်ရှုနိုင်သော ပြတိုက်တစ်ခုပမာကြည့် ရှုနိုင်သည်တို့ကြောင့် အာနန္ဒာကမ္ဘာကျော် သွားရခြင်းဖြစ်ပါကြောင်း သုခုမအလင်းတန်းများ မှ ကုသိုလ်ဖြစ် ရေးသားတင်ဆက် လိုက်ပါသည်။
- ပုဂံ သိပ္ပံမောင်ဝ
- ပုဂံခေတ်ပန်းတတော့နှင့် ပန်းတမော့များ
- ဧရာဝတီ သိုက်စိုး
- နံရံဆေးရေးပန်းချီ
- The Pagodas and Monuments in Bagan
- Glimpse and Glory of Bagan
thanks for sharing
Your wellcome. Bro post တွေ ကြောင့် သုံးတတ် လာတာပါ ...
Bro က သင် ဆရာ တစ်ဦးပါ
good collection of the history. thanks
Thanks for your co