ကိုကပ်စီး ပြောသောသူ့ဘ၀ကြောင်း
Photo credit >>>https://goo.gl/images/eAcc3N
နေညိုရင် ရေဆာတက်သော အကျင့်က ဘယ်လိုဖျောက်
ရမှန်းမသိ။ လကုန်ရက်ဖြစ်၍ ပိုက်ပိုက်က ဒေဝါလီခံလေပြီ...
ရေကလည်းသောက်ချင် ပိုက်ပိုက်ကမရှိ ထို့ကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ၊ အော်... ၀န်ထမ်းဆိုတဲ့အတိုင်း
သူများဝန်ကိုထမ်းပြီးမှ ကိုယ့်ဝမ်းကိုဖြည့်ရသည့်ဘ၀မို့ အိပ်ကပ်က အမြဲပြားချပ်လျက်ရှိသည်။
ဒီလိုချိန် လကုန်ရက်ဖြစ်ပေမဲ့ အမြဲအိပ်ကပ်ဖောင်းနေသူက
ကိုကပ်စီးပင်ဖြစ်သည်။ အိပ်ကပ်ဖောင်းဆို " ချွေတာစုဆောင်း ၊
သူဌေးလောင်း ဆိုသော " ဆောင်ပုဒ်ကို ပါးစပ်ကမချလေသူ။
ကပ်စီး ဆိုပေမဲ့လည်း အပေါင်းသင်းတွေဆုံလျှင်တော့
လက်နှေးသူတော့မဟုတ်ချေ၊ ၀ိုင်းဖွဲ့စားသောက်ပြီးလျှင်
ငွေကို ဦးအောင်ရှင်းသူဖြစ်သည်။ဒါကတော့ ကိုကပ်စီး အကြောင်း
တစ်စေ့တစ်စောင်း ပါ။အမှန်တော့ ပြောချင်သည်က
သူ့နောက်ကွယ်က ကပ်စီးရခြင်း အကြောင်းတရားပင်။
ဒီလိုနှင့် ကိုကပ်စီး ကို ရေဆာကြောင်းပြောပြပြီး အတင်းမြူဆွယ်
ရလေသည်။ ပထမတော့ အတင်းငြင်းသည်။ နောက်တော့
သူငယ်ချင်းဆိုတာ သိတဲ့အတိုင်း တစ်ဦးမေတ္တာတစ်ဦးပေါ်ဆိုသလို ကိုယ်ကသူ့ပေါ်ကောင်းထားတာတွေရှိတော့
ရေသောက်ဖို့ လိုက်လျောပေးလေသည်။
ကြည် ကြည်ဖြူဖြူ တော့မဟုတ် မျက်နှာကဆူပုက်လို့နေသည်။
ဘီယာဆိုင်ရောက်တယ်ဆိုရင်ပဲ ရေနှစ်ကပ် နှင့် အမြီးကို
အနည်းငယ်ရွေးကာ မှာလိုက်သည်။ စကားတပြောပြောနှင့်
ရေ ၃ ကပ် လောက်ကုန်သွားသည်။ " အာတွက် လျှာတွက်" ဆိုတာထိုအချိန်ပင်ဖြစ်လေသည်။ ပြောလို့ကောင်း သောက်လို့ကောင်း ငေးလို့ကလည်းကောင်း( ငေးလို့ကောင်းဆို
ရေသည်မလေးတွေက လှသကိုးဗျ )၊ ဒီလိုနှင့် ကပ်စီးနဲသူ
ပီပီ ကိုယ်ကပ်စီးက သူ့ရင်ဘက်ထဲမှာ ပြည့်နေတာတွေကို
အန်ချပါတော့သည်။ အန်ဘက်တွေမဟုတ်ဘူးဗျ ၊
စကားလုံးတွေအန်ထွက်လာတာကိုပြောတာပါ။ မူးရင် ကျွဲခိုး
ပေါ်ဆိုသလို ကိုကပ်စီးကတော့ ကျွဲမခိုးခဲ့ပါဘူး ၊ လောကဓံကသာ
သူ့ရဲ့ပျော်ရွှင်စရာ အခိုက်တန့်လေးများကို ခိုးယူခဲ့ခြင်းဖြစ်ပါသည်။
Photo credit >>>https://goo.gl/images/TFh6iX
အေးချမ်းသာယာသော ရွာသာကုန်း ဆိုသော ကျေးလျှက်ရွာလေးတစ်ရွာတွင် ကိုကပ်စီး ကိုဖွားမြင်ခဲ့ပါသည်။
ကိုကပ်စီး မိဘတွေက လယ်တော်တော်များများပိုင်ဆိုင်ပြီး
စီးပွားရေးအတော်အသင့်ပြေလည်ကြလေသည်။ ပြေလည်တယ် ဆိုပေမဲ့လည်း စားနိုင်ရုံ ၊ သောက်နိုင်ရုံသာ ပိုလျှံတယ်လို့တော့
မရှိပေ။ အညာဒေသ ဖြစ်သဖြင့် အလုပ်ကိုဆင်းဆင်းရဲရဲ လုပ်ကိုင်ကြရသည်။ ထိုခေတ်က ယောင်္ကျားတစ်ယောက်ရဲ့ တစ်နေ့လုပ်အားခမှာ ၃၀၀ ကျပ်သာဖြစ်သည်။(ယခုလက်ရှိ ၃၀၀၀ကျပ်ဖြစ်သည်) ။ ကိုကပ်စီး ၇ နှစ်သားအရွယ်မှာပဲ ညီလေးတစ်ယောက် ရရှိလေသည်။ ကိုကပ်စီး ကတော့ ညီလေးတစ်ယောက်ရ၍ ပျော်ခဲ့ရပေမဲ့ ကိုကပ်စီး မိဘတွေကတော့ အလုပ်ကိုနှစ်ဆ တိုး၍ လုပ်ခဲ့ကြရလေသည်။ ပါးစပ်ပေါက် ၃ ပေါက်ကနေ နောက်တစ်ပေါက် တိုးလာပြီမဟုတ်လား။
ဤကဲ့သို့ ဖြင့် ကိုကပ်စီး ၁၀ နှစ်သားအရွယ်မှာပဲ နောက်ထပ်
ညီလေးတစ်ယောက်ထပ်ရပြန်လေသည်။ သူ့မိဘတွေကလည်း ပို၍အလုပ်လုပ်ကြရပြန်သည်။ ထိုအချိန်ဟာ ကိုကပ်စီးဟာ ၄တန်းကျောင်းသားပဲရှိသေးသည်။ ပျော်ရွှင်နေသော ကိုကပ်စီး တို့ မိသားစုလေးကို ကံတရားကမနာလို၍ အဆင်မပြေမှုတွေ
တစ်ခုပြီးတစ်ခုဖြစ်စေပြီး ပျော်ရွှင်မှုတွေကို ခိုးယူသွားပါတော့သည်။
ပထမဆုံး မြစ်မင်းဧရာ၏ အညိုးကြီးစွာ ကမ်းပါးများ တိုက်စားဖဲ့လာခြင်းက စလေသည်။ ဟိုးအရင်တုန်းက ကိုကပ်စီးတို့
ငယ်ငယ်က မြစ်ကိုမြင်ချင်လျှင် အဝေးကြီးသွားရသည်။ ထိုအချိန်ကများ ကိုကပ်စီး စိတ်ထဲ၌ မြစ်နဲ့နီးရင် သိပ်ကောင်းမှာပဲဟု ဆုတောင်းမှားခဲ့လေသလားမသိ ၊ မြစ်ကြီးမှာ ကမ်းပါးဖဲ့လာရာ
တဖြေးဖြေး ကိုကပ်စီးတို့ ယာများ၊ လယ်များနှင့် နီးလာသည်။ ကိုကပ်စီးမိဘများက မြစ်ကြီးထပ်ပြီး ကမ်းပါးမဖဲ့ ပါစေနဲ့လို့ ဆုတောင်းခဲ့ကြပေမဲ့ မြစ်မင်းရာ ထိုဆုတောင်းသံကို
မကြားခဲ့သလားမသိ ကိုကပ်စီး တို့ ယာများ၊ လယ်များ အားလုံး တိုက်စားခံလိုက်ရပြီး ကိုကပ်စီး တို့နေသောအိမ်ထိပင် ဆက်တိုက်ဆိုသလို တိုက်စားလာ၍ နေစရာမရှိတော့ပဲ ရွာထဲကသူများခြံထဲမှာ
ဖြစ်သလိုလေး ရွက်ဖျင်တဲဆောက်ပြီးနေကြရလေသည်။ကိုကပ်စီး
မိဘများက ယာများ၊ လယ်များဆုံးရှူံးလိုက်ရ၍ သူများလယ်ထဲတွင်
နေ့စားလုပ်ကြရလေသည်။ စီးပွားရေးဆိုတာဘာမှန်းမသိ အသက်တစ်ရက် ဆက်ရှင်ဖို့ " နှဖူးကချွေး ခြေမကျအောင် " လုပ်ကြရသည်။ လေမုန်းတိုင်းတွေနောက်မှာ လေပြေညင်းတွေကပ်ပါလာစမြဲဆိုသလို လေပြေညင်းတော့မဟုတ်ပေ ကိုကပ်စီး တို့မိသားစုကို နလန်မထူနိုင်တော့လောက်အောင် မွှေနောက်ခဲ့သော လေပွေကြီးကကပ်ပါလာခြင်းဖြစ်ပေသည်။
Photo credit >>>https://goo.gl/images/WgxrGP
ဤကဲ့သို့
ဆင်းရဲတွင်းနက်နေချိန်တွင် ကိုကပ်စီး၏ ဖခင်မှာ အလုပ်များ ပင်ပန်းဆင်းရဲစွာလုပ်ကိုင်ရခြင်းကြောင့် လေးဘက်နာ ရောဂါနှင့်အတူ
ပရောဂ တစ်ခုစွဲကပ်လာပါတော့သည်။
ပထမဆုံး ပရောဂ ပြသနာကိုအရင်ဖြေရှင်းရလေသည်။ ပရောဂ ဆရာကို အိမ်သို့ပင့်ရသည်။ ဆရာရောက်လာ၍ ကြိမ်လုံးနှင့်
ကြမ်းခင်းကိုရိုက်လိုက်တယ်ဆိုရင်ပဲ အိပ်ယာထဲဘုန်းဘုန်းလဲနေသော လူမမာ ဖခင်မှာ ပကတိလူကောင်းလို ထပြီးမက်တက်ရပ်လေသည်။ ထို့နောက် ဆရာမှ ဆက်လက်မေးမြန်းရာ အနောက်တောင်အရပ်မှလာကြောင်း၊ ရန်ငြိုးမရှိကြောင်း၊ ချစ်လို့လုပ်သာ ဖြစ်ကြောင်း၊ ပြောပြသည်။ ဆရာမှ အေးအေးဆေးဆေး ဒုက္ခမပေးပဲ ထွက်လျင် ချမ်းသာပေးမည်ဟု ပြောသောအခါ ထွက်ပါမည်ဟု ပြော၍ ထွက်သွားလေတော့သည်။ ထိုကဲ့သို့ ထွက်သွားသောအခါ ၎င်း၏ ဖခင်မှာ အားအင်မရှိတော့ပဲ ခွေလည်းသွားတော့သည်။
ပရောဂ ပြသနာပြီး၍ နောက်ထပ် လေးဘက်နာ ရောဂါကိုထပ်မံကုသရလေသည် ။ ကိုကပ်စီး၏ မိခင်၏ လုပ်စာလေးနှင့် လူမမာ
ရောဂါသည်နှင့် ကလေး၃ယောက် ကို ကျွေးမွေးပြုစုရလေသည်။
ကိုကပ်စီးမှာလည်း ကျောင်းကို ၄တန်းနှင့်ပင် ထွက်လိုက်ရသည်။
ကိုကပ်စီး တို့မိသားစုမှာလည်း အကြွေးပေါ် အကြွေးပိကာ ဆပ်မကုန်နိုင်ဖြစ်ရတဲ့အပြင် ထမင်းမှာလည်း နပ်မှန်အောင်ပင်မစားနိုင်တော့ပေ။( ကိုကပ်စီး နှစ်ရက်တိတိ ထမင်းမစားပဲ နေခဲ့ရဖူးသည်ဟုဆိုသည် ) ကိုကပ်စီး အရွယ်လေးရလာချိန်မှာတော့ လုပ်ငန်းခွင်ထဲကို ၀င်ရောက်လုပ်ကိုင်ရတော့သည်။ လယ်ထွန်းခြင်း ၊ ယာခုတ်ရခြင်း၊ စပါးနှုတ်ရခြင်း၊ နေ့စားဖြင့် သူများလယ်ထဲတွင်ကြုံရာလုပ်ရခြင်း စသဖြင့် ဘ၀ကိုပင်းပန်းဆင်းရဲစွာ ဖြတ်သန်းခဲ့ရလေသည်။
Photo credit >>>https://goo.gl/images/SE8giW
ထို့နောက်မြို့ပေါ်တက်ကာ အလုပ်ရှာပြီး ကံကောင်းအားလျော်စွာ ယခု လခစားဝန်ထမ်းအလုပ်ရပြီး ၎င်း၏မိသားစု ကိုထောက်ပံ့ပြီး အခုချိန်မှသာ အဆင်ပြေပြီး အကြွေးများလည်းမရှိတော့ကြောင်း
ပြောပြပါသည်။ ဤကဲ့သို့ဘ၀ကို ဆင်းရဲပင်ပန်းကြီးစွာ ဖြတ်သန်းလာရခြင်းကြောင့် ငွေကိုအလားကားမဖြုန်းတီးပဲ ကုတ်ဖဲ့ကာ
ရသလောက်စုရခြင်းဖြစ်ကြောင်း ကျနော့်အား ညီကိုရင်းသဖွယ်
သူ၏ ငယ်ဘ၀ကြောင်းကို တအုံနွေးနွေးပြန်၍ပြောပြပါသည်။
ကျွန်တော်သည် ကိုကပ်စီးကဲ့သို့ ဘ၀ကို မဖြတ်သန်းခဲ့ဖူး၍ ငွေကိုရေလိုသုံးသည်။ တစ်ချို့လကုန်တော့မယ့် ရက်မျိုးဆိုလျှင် ပိုက်ဆံပြက်ကာ အိမ်ကိုလှမ်းတောင်းရသည်ထိပင်ဖြစ်သည်။
ကိုကပ်စီးကို အရင်က ကပ်စီးလွန်း၍ ကြည့်မရဖြစ်ခဲ့ရသည်။ ယခုတော့ ကိုကပ်စီး၏ ဘ၀အကြောင်းကိုသိလိုက်ရ၍ စာနာပေးနိုင်ခဲ့လေပြီ။
" ငွေဆိုတာသုံးဖို့ရှာတာ မသေခင်လေးသုံးရတာ " ဆိုပြီး
အယူစွဲမှားခဲ့ရာ ယခု ကိုကပ်စီး ၏ ဆုံးမစကားများကြောင့် ထိုအယူမှားကို ချွတ်နိုင်ခဲ့၍ ကိုကပ်စီးအား ကျေးဇူးတင်၍မဆုံးဖြစ်နေပါတော့သည်။
မှက်ချက် ။ ဖြစ်ရပ်မှန်အကြောင်းလေးပါ ကိုကပ်စီးမှာ ကျွန်တော်၏လုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး သူ့ဆီကခွင့်ပြုချက်ရယူကာ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။ နာမည်ကိုတော့ သူငယ်ချင်းကခွင့်မပြု၍ မဖော်ပြတော့ပေ။
စာဖတ်သူ စတီးမစ်မိသားစုဝင်များအား ကျေးဇူးအထူးတင်လျှက်
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Author >>> KoKoMoeHein @myanmarkoko
MSC no.118
ဟုတ်တယ်ဗျ ကိုကပ်စီးကိုကျေးဇူးတင်သင့်တယ် ကိုကိုမိုးဟန်
တကယ်ကို ကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ် ကိုအောင်ရေ
လာအားပေးလို့ ကျေးဇူးပါ
ဟိဟိခုထိပိုက်ဆံပြတ်တုန်း😂😂
ဟီး နောက်ဆိုရင် စတင်းသူဌေးလောင်းတွေဖြစ်တော့မှာပါ
ကိုကပ်စီး အမည်ရင်း ရှိပါသလား
ဟုတ်ရှိပါတယ်ဗျ
အခုတော့ အမြင်မှန်ရသွားပြီပေါ့။
ဟုတ် အမြင်မှန် အပြင် ရေကိုလည်းလျော့သောက်တော့မယ်ဗျ
ကိုယ်လည်း ရေဆာလို့ မန်းလေးလာရင် တိုက်မှာလား😁😁
ဟီး ရာသီကပူ ရင်ကပူ ရေလောင်းလိုက်ကြပါစို့ ကိုဟိန်းရေ
ကျန်တော်လည်း ဘိုင်မပြတ်အောင် ရှိတာလေး ခြွေတာနေရတယ်ဘဒိုရေ
ဖိုက်တင်း စတင်းသူဌေးလောင်းကြီးရေ
အမြင်မှန်ရတော့ နောက်ဆိုမသောက်တော့ဘူးပေါ့ အဲလိုလား
ဟုတ် ယတိပြက်တော့ မဟုတ်ဘူးပေါ့ လျော့သောက်မလားလို့
ကိုကပ်စီးရဲ့ ဘ၀လေး အမြဲသာယာချမ်းမြေ့ပါစေဗျာ
ဟုတ် အခုတော့ သူအဆင်ပြေနေပပြီ
ခုထိတော့ငွေကိုတန်ဖိုးမထားတတ်သေးဘူး
ဘောကျော့နေတာတော့မဟုတ်ဘူး
လက်ဖွာမိတယ်
ဒါပေမဲ့အရင်ထက်လောက်တော့မဟုတ်တော့ဘူး
ဟုတ် ဒါလေးတွေ ဆင်ခြင်ကြရအောင်ဗျာ
ကျနော်လဲ ပိုက်ပိုက်ပြတ်နေတယ်ဗျိုး
ဟုတ် တူတူပဲဟီး