ရာဇဝင်တွင်တဲ့ အချစ်
မြန်မာရာဇဝင်လိုလို ပုံပြင်လိုလို ဒွေးမယ်နော်သည် နုနယ်သော နို့စို့ရွယ်သားငယ်ကို ပစ်ခွာခဲ့ရန် မလွယ်ကူချေ။ ကောင်းကင်သို့ပျံတက်၍ အတန်မြင့်လျှင် သားငယ်နို့ဆာ၍ ငိုသံကို ကြားရသောအခါ ဒွေးမယ်နော်သည် မခွာနိုင်ဘဲ နို့တိုက်ရန် ပြန်လှည့်၍ ဆင်းသက်ခဲ့လေ၏။[အမှာစကား ဤဒွေးမယ်နော် ဇာတ်ဝတ္ထုမှာ ကရင်လူမျိုးတို့၏ ဇာတ်တော်ကြီး ဖြစ်လေသည်။] ဦးမောင်မောင် စီရင်သော နန့်နောင်းခါရီဝတ္ထုတွင် ရေးမှတ်ချက်အရ ရှေးအခါက အထက်အရပ်မှ ချင်းတွင်းမြစ်အတွင်းသို့ မျောလာသော ဝါးပိုးလုံးကြီး တစ်ခုတွင် ကြက်ယက်ထားသော အရေးအခြစ်နှင့် တူသော အက္ခရာစာလုံးများ ပါလာလေသည်။ နောက်ဆုံး၌ စာပေပညာ တတ်မြောက်သော ကရင်အဘိုးကြီး တစ်ဦးနှင့်တွေ့၍ ဖတ်ကြည့်ရာ အလွန်ရှေးကျသော ကရင်ဘာသာဟောင်းဖြင့် ရေးထားသော ဒွေးမယ်နော်ဝတ္ထု ဖြစ်ကြောင်း တွေ့ရသည်။
ထိုဝါးပိုးလုံးကြီးမှတစ်ဆင့် ပေတွင် ကူးယူကြလေရာ ထိုမြေ၌ ကြက်ယက်ရာနှင့် တူသော အက္ခရာစာတို့ကို မော်လမြိုင်နယ်ရှိ ကရင် ဘုန်းတော်ကြီးများထံ၌ ယခုတိုင် တွေ့ရသေးသည် ဆိုသည်။ ထိုပြင် ယိုးဒယား (ထိုင်း) ပြည်တွင်လည်း ဆင်တူသော ထိုကရင်စာမျိုးကို တွေ့ရသေးသည် ဆိုသည်။ရန်ကုန်မြို့ စမ်းချောင်းရပ် ၊ ကရင်ပညာရှိ စောဖိုးလင်းထေး ထံမှလည်း ထိုရှေးစာများမှာ ယခုအခါ မွန်အက္ခရာနှင့် ပေတွင် ရှိသေးကြောင်း ကြားသိရလေသည်။တစ်ဖန် မြန်မာပြည် အရှေ့တောင်ယွန်းရှိ ဇင်းမယ်ပြည် ယောနကအရှင်သည် ပါဠိဘာသာဖြင့် စီရင်အပ်သော ဇင်းမယ်ဏ္ဏာသနိပါတ် ဇာတ်တော်ကြီးတွင်လည်း ဤဒွေးမယ်နော်ဝတ္ထု ပါလေသည်။ ထို ဇင်းမယ် ပဏ္ဏာသတွင်ကား ဒွေးမယ်နော်၏ လင်ယောက်ျား သုဓနမင်းသားကို စွဲ၍ ' သုဓနုမင်းသားဇာတ် ' ဟု ခေါ်လေသည်။ဤ ဝတ္ထုပေါင်း ၅၀ ပါသော ဇင်းမယ် ပဏ္ဏာသမှာ (ပဏ်ဏာသ = ငါးဆယ်) ဗုဒ္ဓဘာသာ ငါးရာ့ငါးဆယ် နိပါတ် ဇာတ်တော်များ အတိုင်း လိုက်၍ စီရင်ထားသော ဇာတ်ဝတ္ထုများ ဖြစ်၍ ငါးရာ့ငါးဆယ် ဇာတ်တော်တို့ကဲ့သို့ပင် အတန်းမြင့်၍ လေးစားခြင်းကို ခံရလေသည်။ဤသို့အားဖြင့် ထို ဒွေးမယ်နော် ဝတ္ထုတွင် အမည်နာမတို့မှာ ပါဠိဘာသာ ၊ ဗမာဘာသာ ၊ ကရင်ဘာသာ တို့ဖြင့် အနည်းငယ် ကွဲလွဲလေသည်။ အောက်တွင် ကြည့်ပါလေ။
ပါဠိ = သုဓနု + မနော်ဟရီ
ဗမာ = သုဓနုမင်းသား + ဒွေးမယ်နော်
ဗမာကရင် = မော်သုဂန + နော်နူးခါရီ
မွန်ကရင် = မန်းသူခနုပ် + နန့်နောင်းခါရီ
ဗမာကရင်အခေါ် ' မော်သုဂန ' သည် ရှေးတစ်ဘဝက ' ကျသန်နုခေါ်နွီး ' တွင်သည်ဟု တွေ့ရှိရလေသည်။
အထက်ပါအမည်တို့တွင် သုဓနုမင်းသား ဝတ္ထု ၊ မနောဟရီ ဝတ္ထု ၊ ဒွေးမယ်နော် ဝတ္ထု ၊ နန့်နောင်းခါရီ ဝတ္ထု ဤလေးမည်သည် ထင်ရှားလေသည်ယခုသော် ဇင်းမယ်ပဏ်ဏာသ ၊ ဦးမောင်မောင်၏ ဘာသာပြန် ၊ အခြား စာဟောင်းတို့ကို မှီး၍ ' ဒွေးမယ်နော် ' ဝတ္ထုကို အကျဉ်းချုပ် ရေးပြပေအံ့။ ]
သုဓနုမင်းသား ဒွေးမယ်နော်ကိုရခန်း
အိန္ဒိယပြည် ၊ မဇ္ဈိမတိုက် ၊ ဥတ္တရာ ပဉ္စာလတိုင်း ၊ အာဒိစ္စဝံသ မင်းကြီး၏ သားတော်ကား သုဓနုမင်းသားဟု အမည်တွင်၏။ (ကရင်စာ အမှတ်အသားတွင်ကား အယုဒ္ဓယပြည် ဘုရင်၏ သားတော်ဟု ဆိုသည်)
ထိုတိုင်းပြည်၏အရှေ့ ၊ လူတို့၏ နယ်စပ်နှင့် ဟိမဝန္တာအစပ်တွင် ပုတ်တလုတ် ရေကန်ကြီး ရှိ၏။
ဟိမဝန္တာ တောင်မကြီးသို့ရောက်ရန် လူတို့၏နယ်စပ်မှ တောင်ခုနစ်တောင် ၊ အိုင်ခုနစ်အိုင် ကျော်သွားရသည် ဆိုသည်။ ထိုခုနစ်တောင်အနက် ငါးတောင်မြောက် ဖြစ်သော တောင်မှာ ကောလာသဘတောင် ဟုခေါ်ရာ ငွေရောင်ရှိ၍ ငွေခဲ ၊ ငွေတော် နှင့်တူသည် ဖြစ်သောကြောင့် ' ငွေတောင် ' ဟု တွင်လေသည်။
နတ်ကိန္နရာ ၊ လူကိန္နရာ ၊ ငှက်ကိန္နရာ သုံးမျိုးရှိသည် ဆိုရာ လူကိန္နရာမျိုးဟု ဆိုအပ်သော ကရင်လူမျိုးတို့သည် အလွန်ရှေးကျသော အခါကာလက ထိုငွေတောင်အရပ်၌ ရောက်ရှိ နေထိုင်ကြဖူးသည် ဆိုသည်။
ထိုငွေတောင်ပြည် ဒုမမင်းကြီးတွင် သမီးတော် ခုနစ်ဖော်ရှိရာ အဆိုပါ ပုတ်တလုပ် ရေကန်သို့ မကြာမကြာ လာရောက်၍ ရေချိုး မြူးထူးပျော်ပါး တတ်ကြသည်။ ထိုသမီးတော်တို့မှာ မိမိတို့၏ ဆင်ယင်အပ်သော ဘယက်တန်ဆာ ၊ ဒွာဒရာတို့ အစွမ်းအားဖြင့် ကောင်းကင်သို့ ပျံတက်နိုင်သည် ဆိုသည်။
တစ်ခါသော် အဆိုပါ သုဓနုမင်းသားသည် ပညာသင်မှ ပြန်ခဲ့ရာ ထိုပုတ်တလုပ် ရေကန်အနီးသို့ ရောက်ရှိ ၊ ထိုညီအစ်မ ခုနစ်ဖော် ရေလာချိုးသည်နှင့် တွေ့ကြုံ၏။ အလွန်လှပ တင့်တယ်သဖြင့် ရယူလိုသောဆန္ဒ ရှိလာသည်နှင့် တောမုဆိုးကြီး တစ်ဦးနှင့် တိုင်ပင်ကာ နဂါးပတ် ကျော့ကွင်းဖြင့် ထောင်၍ ဖမ်းကြလေ၏။ (မုဆိုးက တွေ့မြင်၍ ဖမ်းဆီးပြီးလျှင် မင်းသားအား လက်ဆောင်အဖြစ် ဆက်သည်လည်း ဆိုသည်။)
အငယ်ဆုံး နန့်နောင်းခါရီ ခေါ် ဒွေးမယ်နော် ကိုမိလေ၏။ အစ်မတော် တို့လည်း တစ်စုံတစ်ရာ မတတ်နိုင်တော့ဘဲ ငွေတောင်ပြည်သို့ ပျံတက် ပြေးသွားကြလေ၏။
ရှေးဦး၌ ဒွေးမယ်နော်သည် အလွန် ကြောက်လန့် တုန်လှုပ် ၊ ပြင်းစွာပူဆွေးခြင်း ဖြစ်နေရာမှ သုဓနုမင်းသားက ယုယ ၊ ချော့မော့ ၊ မိမိက မေတ္တာရှိကြောင်း ပြောဆိုဖျောင်းဖျ ၊ နှစ်သက်စေ၍ မိမိ၏ တိုင်းပြည်သို့ ဆောင်ခဲ့လေ၏။
ခမည်းတော် မယ်တော်တို့ကလည်း အမျိုးခြားသည့် အလွန် လှပတင့်တယ်သော ဒွေးမယ်နော်ကို လွန်စွာချစ်ခင်မြတ်နိုး နှစ်သက်ကြကုန်၏။ သားတော်အား အိမ်ရှေ့အရာ ပေးလေသဖြင့် ဒွေးမယ်နော်သည် အိမ်ရှေ့မိဖုရား ဖြစ်လာကာ မိမိ၏ တိုင်းပြည် ၊ မိဘနှင့် ကွေကွင်းရသော်လည်း တဖြည်းဖြည်း အလွမ်းပြေပျောက် ချမ်းသာရွှင်လန်းခြင်းသို့ ရောက်လေသတည်း။
ပုဏ္ဏား အကောက်ကြံ၍ ဒွေးမယ်နော် ငွေတောင်ပြည်သို့ ပြန်ပြေးရခြင်း
ဘုရင်မင်းကြီး၏ ပုရောဟိတ် ပုဏ္ဏားသည် မိမိ၏ သမီးကို သုဓနုမင်းသားနှင့် ထိမ်းမြားရန် မှန်းထားခြင်းရှိရာ ယခု ငွေတောင်သူကို ယူလာခဲ့လေသဖြင့် အကြံပျက် စိတ်နာကာ ဒွေးမယ်နော် ပျက်စီးမှ မိမိ၏ သမီးနှင့် သုဓနုမင်းသား ပြန်လည် လက်ဆက်ရန် ဖြစ်နိုင်မည်ဟု ဒွေးမယ်နော် ပျက်စီးကြောင်းကို ကြံလျက်ရှိ၏။ (ဇင်းမယ် ပဏ္ဏာသတွင် သုဓနုမင်းသားက ပုရောဟိတ်၏ သားအား မိမိမင်းဖြစ်သော အခါ ပုရောဟိတ်ရာထူးကို ပေးမည်ဟု ကတိပြုသည်ကို ယခု အဖပုရောဟိတ်က မခံနိုင်၍ မင်းသားအပေါ် မကောင်းကြံသည်ဟု ဆိုသည်။ ကရင်စာ အဆိုလောက် ယုတ္တိမကောင်း။)
ပုဏ္ဏားသည် နယ်စွန်နယ်ဖျား၌ သူပုန်ထဟန် ပြုစေပြီးလျှင် အိမ်ရှေ့မင်း သုဓနုမင်းသားကို စေလွှတ်၍ ဖြိုဖျက်စေရန် မင်းကြီးအား လျှောက်တင်လေ၏။ မင်းကြီးလည်း လွှတ်ရလေ၏။
ထိုကဲ့သို့ သုဓနုမင်းသား မရှိခိုက် အတောအတွင်း မင်းကြီးမှာ မိမိ၏အူတို့သည် ဝမ်းမှထွက်၍ နယ်ပယ်အသစ်တို့ကို ပတ်ရသည်ဟု အိပ်မက်မြင်လေသည်။ အလွန်ထိတ်လန့်သည်နှင့် ပုဏ္ဏားအား အိပ်မက်ကို ဖတ်စေ၏။
ပုဏ္ဏားလည်း အချက်ဆိုက်ပြီဟု " မင်းကြီး ၊ မိဖုရား ၊ တိုင်းပြည် ဤသုံးပါး၏ အန္တရာယ် အလွန်ကြီးပါသည်။ ယတြာကြီးစွာ ပြုရပါ လိမ့်မည်။ ပြုရန်ကား ကြက် ၊ ဝက် ၊ ကျွဲ ၊ နွား စသော အခြေနှစ်ချောင်း ၊ အခြေလေးချောင်း တိရစ္ဆာန်တို့၏ လည်ချောင်းသွေး နှင့်တကွ ထူးဆန်း တန်ခိုးကြီးသော ဒွေးမယ်နော်၏ လည်ချောင်းသွေးကိုပါ ယဇ်ပူဇော်ရပါလိမ့်မည် " ဟု မကောင်းစိတ်ဖြင့် လျှောက်လေ၏။
ပထမ၌ မင်းကြီးသည် ချွေးမတော်ကို မပြုထိုက် မပြုရက်၍ ငြင်းဆန်သော်လည်း ပုဏ္ဏားက အသက်ဘေးဖြင့် အထပ်ထပ် ခြိမ်းခြောက်လေရကား နောက်ဆုံး၌ မင်းကြီး သဘောတူရလေ၏။
မကြာမီပင် ဒွေးမယ်နော်၏ အိမ်တော်ကို စစ်တပ် ဝိုင်းလေ၏။ ဒွေးမယ်နော်နှင့် ယောက္ခမ မိဖုရားကြီးတို့သည် အကြောင်းကို သိရသော် အလွန်စိုးရိမ်ပူပန်ကြလျက် မိဖုရားကြီးသည် ဒွေးမယ်နော်၏ အသက်လွတ်ရန် ကြံရလေ၏။ ဒွေးမယ်နော်နှင့် ပါလာသော ဘယက်တန်ဆာတို့ကို ဝတ်ဆင်ကာ ကောင်းကင်ဖြင့်ပျံ၍ ငွေတောင်ပြည်သို့ ပြေးရန် တိုက်တွန်းလေ၏။
ဒွေးမယ်နော်သည်ကား ထိုအခါတွင် နို့စို့အရွယ် သားငယ်တစ်ယောက် ရှိနေပြီဖြစ်၍ လင်နှင့်သားကို ပစ်၍မသွားရက်ဘဲ အသက်အသေခံတော့မည်ဟု ဆိုလေ၏။ မိဖုရားကြီးသည်ကား မိမိ စီမံသည့်အတိုင်း အတင်းအကျပ် လိုက်နာစေ၏။ ဤသို့ နှစ်ကြိမ်တိုင် ဆင်းပြီးမှ မယ်တော်ကြီးက " ဤသို့ဖြစ်နေလျှင် အသက်ဆုံးရှုံးလိမ့်မည်။ သို့ကြောင့် ဖလားတွင် နို့ရည်ညှစ်၍ ထားခဲ့ပါ ၊ သားတော်အား မိမိ ကြည့်၍ ပြောရစ်မည် ၊ မြေးတော်ကိုလည်း မိမိ ကျွေးမွေးရစ်မည် ၊ နောင်အခါ အားလုံး ပြန်ပေါင်းရအောင်ကိုလည်း စီမံပေးမည် " ဟု အားပေး စကား ပြောကြား၍ တစ်ခါတည်း ပျံသွားရန် တိုက်တွန်းလေ၏။ ဤအခါတွင်ကား ကလေးငိုသံ မကြားရတော့သည်နှင့် အတင်းဇွတ်နှစ်၍ ပျံသွားလေသတည်း။
လမ်းခရီး၌
ဒွေးမယ်နော်သည် မြို့တံခါးဝတွင် တစ်ကြိမ်နား၍ သားငယ်ရှိရာဘက် နောက်သို့ မျှော်ခေါ်ကြည့်ရှာသေး၏။ တစ်ဖန် မိမိ လင်ယောက်ျား နယ်စွန်မှ ပြန်လာလေပြီလား ဟူ၍လည်း ကြည့်မျှော်ရှာ၏။ မည်သည့်ဘက်တွင်မျှ မျှော်လင့်စရာ မရှိသည်နှင့် ဆက်လက်ပျံခဲ့ရ၏။ မိမိတို့ လာစဉ်က တိုင်းပြည်မရောက်မီ တစ်ထောက်နားဖူးသော သနပ်ပင်ကြီးသို့ ရောက်လာ၍ ဆင်းသက်နားပြန်လေ၏။ မောင်တော်သည် ငါ့ကို ချစ်ခင်သည့်ဇောဖြင့် လိုက်လာလိမ့်မည်။ ငါ၏ ပူဆွေးရပုံကို သိစေရအောင် စာရေးသား၍ ထားခဲ့မည်ဟု သနပ်ရွက်တွင် ဆူးဖြင့် မိမိပူဆွေးရပုံကို ရေးသားထားခဲ့လေသည်။
တစ်ထောက်ပျံလေသော် ဟိမဝန္တာနယ်စပ် မိမိတို့ ရေချိုးရာ ၊ အဖမ်းခံရရာ ၊ မင်းသားနှင့်တွေ့ရာ ပုတ်တလုတ်ရေကန်သို့ ရောက်လာလေ၏။ ဤနေရာဟောင်းတို့ကို မြင်လေသော် အထူးပူဆွေးခြင်း ဖြစ်ပေါ်လာလျက် ကျောက်ဖျာတစ်ခုတွင် စာရေးကာ ထိုရေကန် အနီးရှိ ရသေ့ကြီးတစ်ဦးထံ၌ မိမိ၏ နဝရတ်လက်စွပ်ကို အပ်ထားခဲ့၏။
စာတွင်မှာပုံကား " ဤလူတို့ နယ်စပ်မှ လွန်၍ မလိုက်လာပါနှင့်။ ဘေးရန်အလွန်ကြီးမား များပြား၍ မောင်တော် အသက်ရှင်ဖွယ် မရှိပါ။ နှမမှာလည်း လင်နှင့်ကွဲလေပြီ ဖြစ်၍ မကြာမီပင် သေရမည် ဖြစ်ပါ၏။ သို့ကြောင့် လိုက်လာ၍ အကျိုးမရှိကြပါပြီ ၊ ဆရာရသေ့ထံ၌ နှမ၏ န၀ရတ်လက်စွပ်ကို ယူပြီးလျှင် တိုင်းပြည်သို့သာ ပြန်၍ သားငယ်ကို ကြီးပြင်း ချမ်းသာအောင် စောင့်ရှောက်ကျွေးမွေး ပါလေတော့ " ဟု ရေးမှာခဲ့၏။
မောင်တော် ရောက်လာလို ရောက်လာငြားဟု ဤ ပုတ်တလုတ် ရေကန်အနီးတွင် အတန်ကြာ စောင့်နေရှာ၏။ မပေါ်လာမှ အနိုင်နိုင်ခွာ၍ မြောက်အရပ်သို့ တစ်ဆင့်ပျံလေ၏။
အလွန်ထူထပ် ကြမ်းတမ်းသော တောတောင်တို့ကို လွန်၍ ခရီးအတန်ကွာတွင် ရေပူကန်ကြီးသို့ ရောက်လာလေ၏။ ဤရေကန်၏ ရေများကို ထိသမျှ သက်ရှိသက်မဲ့ အလုံးစုံ ကြေမွပျက်စီးရသည် ဆိုသည်။ မောင်တော် လိုက်လာသော် ဘေးကင်းရန်ဟု ညောင်ရွက်တွင် သတိပေးစကား ရေးသားခဲ့လေ၏။
တစ်ဆင့်ပျံသော် ကျောက်ရေကန်ကြီးသို့ ရောက်လာ၏။ ထိုကန်ရေထိသမျှ ကျောက်ဖြစ်၍ ဆုံးရှုံးရတတ်သည်ကို မောင်တော် သတိပြုရန် ကျောက်စွန်းတစ်ခုတွင် သတိပေးစာ ရေးခဲ့ပြန်လေသည်။
ထိုမှ ပျံခဲ့ပြန်သော် မြောက်ဘက်နယ်အကုန် သဲရေချောင်း ရေပြင်အစပ်သို့ ရောက်လာလေ၏။ ထိုသဲရေပြင်ကြီးကို လွန်မှ မိမိတို့ ငွေတောင်ပြည်သို့ ရောက်ရ၏။ ဤ သဲချောင်း ၊ သဲမြစ် ၊ သဲရေပြင်ကြီးကာ ရွေ့ရှား ၊ လှုပ်ရှား ၊ ကြမ်းတမ်းစွာ စီးသွားလျက် ရှိသဖြင့် လူတို့ ကူးသန်းခြင်းငှာ မတတ်နိုင်ကုန်။ (ကရင်လူမျိုးတို့ တောင်အရပ်သို့ ဆင်းသက်လာကြစဉ်က တွေ့ခဲ့ ၊ ကျော်ခဲ့ရသည် ဆိုသော ကရင်ဘာသာဖြင့် ' ထီဆဲ့မဲ့ယွား ' ခေါ်သော သဲမြစ်ကြီး ၊ သဲရေပြင်ကြီး ဖြစ်တန်ရာသည်)
နောက်ဆုံးအကြိမ် အားသွန်၍ ထိုသဲမြစ်ကြီးကို ဖြတ်သန်း ပျံသောအခါ အားကုန်၍ ကျလုဆဲဆဲကလေးတွင် ငွေတောင်ပြည်ဘက် ကမ်းသို့ ရောက်ရှိ ၊ မြေတွင်ပုံကျ၍ မြောမေ့သွားလေ၏။
ကာလအတန်ကြာမှ ပြန်၍သတိရ ၊ ရောက်ရှိကြောင်း ခမည်းတော် သိလေ၏။ သို့ရာတွင် မျိုးခြားလူတို့နှင့် ပေါင်းသင်းတွေ့ထိ စပ်ယှက်မိသဖြင့် မသန့်မရှင်း နိမ့်ကျသွားသည်ဟု ယူဆသော ငွေတောင်ပြည်၏ ထုံးစံအရ ဒွေးမယ်နော်ကို ချက်ချင်း ပြန်၍လက်မခံဘဲ ခွဲခြား၍ ထား၏။ နောင်အခါမှ ခေါင်းဆေး ၊ ရေချိုး စင်ကြယ်အောင် ခေါင်းဆေးမင်္ဂလာပြုပြီးမှ လက်ခံရန် စီမံထားလေသည်။
သုဓနုမင်းသား လိုက်ခန်း (ပြန်ပေါင်းမိခြင်း)
သုဓနုမင်းသားသည် သူပုန်ထသည် ဆိုရာမှ ပြန်ရောက် ၊ အလုံးစုံ ကြားသိ ၊ ဒွေးမယ်နော်နောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်လေ၏။
သားငယ်မှာ ရွှေကဲ့သို့ လှပတင့်တယ် ၊ ကရင်ဘာသာဖြင့် ' ဖိုကွန်ထော် ' တွင်၏။ (ဖို = သား ၊ ကွန် = စင်ကြယ်သည် ၊ ထော် = ရွှေ) ' သားရွှေစင် ' ဆိုလိုသည်။ စင်ကြယ်သော်ငွေကို ' ကျူ ' ဟု ခေါ်သကဲ့သို့ စင်ကြယ်သော ရွှေကိုလည်း တင်စားခေါ်နိုင်သဖြင့် ' သားရွှေကျူ ' ဟုလည်း ဖြစ်နိုင်၏။
ကရင်လူမျိုးတို့ အယူအဆ အမှတ်အသား တစ်ရပ်ကား ငွေတောင် ကရင်လူမျိုး မှန်သော် မွေးစ၍ တင်ပါးဆီတွင် အမည်းအညို စသော အမှတ်အသား အကွက်များ ပါလေသည်။ ကြီးမှသာ အချို့တို့ ပျောက်ကွယ်သွားတတ်သည်။ ဤသို့ မျိုးစစ်သော် အမိရင်း၏ နို့မှတပါး အခြားမျိုးကွဲလူများ၏ နို့ရည်ဖြင့် တိုက်ကျွေးသော် အသက်မရှင် သေဆုံးတတ်၏။ သို့ကြောင့် အမိ မရှိသော် အခြားအစားအစာဖြင့်သာ မွေးမြူရသော ဟူ၏။
ယခု သားရွှေကျူ ကိုလည်း ဘွားတော်ကြီးအား ဝါးဖတ်ဖြင့် ကျွေးမွေးရန် မှာထားခဲ့၍ သုဓမုမင်းသားသည် လေးမြားစွဲကာ အသက်စွန့်၍ ငွေတောင်ပြည်သို့ လိုက်သွားလေ၏။
ခရီးစဉ်အတိုင်း သနပ်ပင်ကြီး ၊ ပုတ်တလုတ်ရေကန် ၊ ရေပူအိုင် ၊ ကျောက်ရေကန် ၊ သဲရေမြစ်ကမ်းတို့ကို ဘေးရန်ကင်းစွာ ရောက်ခဲ့၏။ ထိုစခန်း၌ ဒွေးမယ်နော် ထားခဲ့သော စာတို့ကို တွေ့ရလျှင် ပိုမိုချစ်ခင်စွဲလမ်း၍ အားတက်အားကြွခြင်း ရှိလေ၏။ ဒွေးမယ်နော်မှာ ကောင်းကင်ဖြင့် ပျံသွားရသည် ဖြစ်၍ မောပန်းခြင်းမှတစ်ပါး အခြားဘေးရန် မရှိချေ။ သုဓနုမင်းသားမှာကား မြေပြင်မှ သွားရသဖြင့် ခက်ခဲကြမ်းတမ်းသော တောတောင် ၊ မြွေ ၊ ကင်း ၊ ကျား ၊ ဆင် စသော တောသား တိရစ္ဆာန်တို့၏ ဘေးအမျိုးမျိုးမှ လွတ်မြောက်နိုင်သည်မှာ အာဇာနည် ယောက်ျားဟု ဆိုလောက်ပါပေ၏။
ပုတ်တလုတ် ရေကန်စခန်းရှိ ရသေ့ကြီးထံမှ ဒွေးမယ်နော် အပ်ထားခဲ့သော န၀ရတ် လက်စွပ်ကို ယူငင်လာခဲ့၍ နောက်ဆုံး သဲရေပြင်စပ် ထိန်ပင်ကြီးသို့ ရောက်လာလေ၏။
ညအိပ်ပြီးနောက် ငွေတောင်ပြည်ဘက်သို့ သွား၍ ကျက်စားတတ်သော ငှက်ကြီးတစ်ကောင်ကို တွယ်မှီခိုကပ်၍ ငွေတောင်ပြည် ဘက်သို့ လိုက်သွား ၊ ရောက်သွားသည် ဆိုသည်။ သင့်လျော်ရာ ရေတွင်းတစ်ခု အနီး၌ ရပ်နားစောင့်စား၍ စုံစမ်းနေရ၏။
ထိုအခါ ဒွေးမယ်နော်ကို မိမိတို့ အမျိုးအတွင်းသို့ ပြန်၍ လက်ခံနိုင်ရန် ခေါင်းဆေးမင်္ဂလာ ပြုသောအခါနှင့်ကြုံ၍ ငွေတောင်သူ အပျိုတစ်စု ရေတွင်းသို့ ရေခပ်လာရာ မေးမြန်းသိရှိ ၊ နောက်ဆုံးအပျို၏ ရေအိုးတွင် နဝရတ်လက်စွပ်ကို အမှတ်မဲ့ ထည့်လိုက်လေ၏။ ခေါင်းဆေးပြီး၍ ရေသွန်သောအခါ နောက်ဆုံးအိုးအသွန်တွင် ဒွေးမယ်နော်က ခေါင်းကို လက်ဖြင့်သပ်လိုက်ရာ ရေအိုးတွင်းမှ ကျလာသော န၀ရတ်လက်စွပ်နှင့် အဆင်သင့် လက်တွင်စွပ်မိလေ၏။
မိမိ၏ ချစ်လှစွာသော လင်ယောက်ျား လိုက်လာကြောင်း သိရှိ ၊ မြောမေ့သွားလေ၏။ ထိုကစ၍ ခမည်းတော်မင်းကြီး သိရှိ ၊ ထိုလူမျိုးခြားကို ဖမ်းစေ၏။ ပုံပန်းရုပ်ရည်ကို မြင်ရလျှင်သော်ကား သာမည လူစားမျိုး မဟုတ်ကြောင်း သိရှိ၍ လေးပစ် ၊ ဆင်စီး ၊ မြင်းစီး စသော ယောက်ျားကောင်းတို့ တတ်အပ်သော အတတ်တို့ကို ပြစေ၏။ အလုံးစုံ ကျေနပ်ဖွယ် ၊ ချီးမွမ်းဖွယ် ကောင်းသည့်ပြင် သာမညလူတို့ မလာရောက်နိုင်သော ငွေတောင်ပြည်သို့ လာရောက်နိုင်သော အစွမ်းသတ္တိလည်း ရှိခဲ့သည်။ ထိုမှတစ်ပါး သမီးတော်ကို ဤမျှလောက် ချစ်ခင်စုံမက် ၊ သစ္စာတည်ကြည်စွာ အသက်စွန့်၍ လိုက်လာသူလည်း ဖြစ်ပေသည်ဟု အလွန်ဝမ်းမြောက်စွာ သမီးတော်နှင့် ထိမ်းမြားလိုက်လေ၏။
ငွေတောင်ပြည်တွင် အတန်ကြာ ရွှင်လန်းချမ်းသာစွာ နေကြပြီးနောက် သုဓနုမင်းသားသည် ဒွေးမယ်နော်ကို ခေါ်ဆောင်ကာ မိမိတိုင်းပြည်သို့ ပြန်ခဲ့၍ မကြာမီ ခမည်းတော်၏ အရိုက်အရာ ထီးနန်းကို စိုးစံရလေ၏။
ဒွေးမယ်နော်ကား မိဖုရား ဖြစ်ရသည်ထက် မိမိ၏လင် ၊ သားတို့နှင့် ချောမောစွာ ပြန်၍တွေ့ကြုံ ပေါင်းသင်းရခြင်း၌ ပိုမိုနှစ်သက် ဝမ်းမြောက်ရလေသတည်း။
[မှတ်ချက် ဇင်းမယ်ပဏ္ဏာသ အဆို ဥတ္တရာပဉ္စာလမှာ ယခု ပန်ဂျပ်နယ် ၊ ဒေလီမြို့အနီးတစ်ဝိုက်၌ ရှိသည်။
ကရင်မှတ်တမ်းအရ အယုဒ္ဓယ ပြည်နယ်မှာ နှစ်နေရာ နှစ်မြို့ ရှိနေသည်။ အိန္ဒိယပြည် ၊ ရှေး ကောသလတိုင်း၏ မြို့တော်ဟောင်း ဖြစ်သော မူလရင်း အယုဒ္ဓယ မြို့တော် ရှိသည်။ ထို မူလရင်း မြို့တော်၏ အမည်ကို ယူ၍ ယိုးဒယား (ထိုင်း) ပြည်တွင် မြန်မာသက္ကရာဇ် ၇၁၂ ခု (1350 A.D ) တွင်မှ အယုဒ္ဓယမြို့ဟု မြို့သစ် ထပ်မံ တည်ထောင်လေသည်။
ငွေတောင် ခေါ်သော ကေလာသဘတောင် မှ ဥတ္တရာ ပဉ္စာလတိုင်း၏ အရှေ့မြောက် ဟိမဝန္တာနယ်၌ ရှိသည်။ မူလရင်း အယုဒ္ဓယ ပြည်ကသော် မြောက်စူးစူး၌ ရှိလေသည်။
တစ်ဖန် မြန်မာပြည် အရှေ့ပိုင်း ကယားပြည်နယ်၌ ငွေတောင်ပြည်ဟု ရှိပြန်သဖြင့် ယိုးဒယား (ထိုင်း) ပြည်ရှိ ဒုတိယအသစ် အယုဒ္ဓယပြည်၏ မြောက်ဘက်စူးစူးပင် ကျပြန်လေသည်။
သို့ဖြစ်ရာ ထိုဒွေးမယ်နော်ဇာတ် ဖြစ်ပျက်ရာသည် မဇ္ဈိမရှိ မူလရင်း အယုဒ္ဓယနှင့် ကေလာသဘ (ငွေတောင်) သော်လည်းကောင်း ၊ ဒုတိယ အယုဒ္ဓယနှင့် မြန်မာပြည် အရှေ့ဘက်ရှိ ဒုတိယ အသစ် ငွေတောင်သော် လည်းကောင်း နှစ်နေရာလုံး ဖြစ်နိုင်ရန်ရှိသည်။
ကရင်တို့မှာ အာရှတိုက် အလယ်ပိုင်း ယခု ' ဟိုအန်ကို ' ခေါ် မြစ်ဝါမြစ်ဖျား တစ်ဝိုက်ဆီမှ တောင်ဘက်ဆီသို့ ဆင်းသက်လာကြ လေသည်။ ထိုသို့ တောင်ဘက်ဆီသို့ ဆင်းသက်ကြစဉ်က ထို ကေလာသဘ (ငွေတောင်) ဆီသို့လည်း တစ်စုတလေ ရောက်နိုင်ရန်ရှိ၏။
သို့ကြောင့် မဇ္ဈိမ အယုဒ္ဓယနှင့် ကေလာသဘ (ငွေတောင်) ဆီသို့လည်း ဆက်စပ်နိုင်ရန် ရှိလေသည်။
တစ်နည်းကား ထိုမဇ္ဈိမ အဖြစ်အပျက်ကို ယခု ယိုးဒယား (ထိုင်း) ပြည်ရှိ ဒုတိယ အယုဒ္ဓယနှင့် မြန်မာပြည်ရှိ ဒုတိယ ငွေတောင် အရပ်သို့ ယူဆောင်၍ နည်းတူ အဖြစ်အပျက် အမှတ်အသား ထားခြင်းလည်း ဖြစ်နိုင်သည်။
ရှေ့တွင် ပြလတ္တံ့သော ထိုဒွေးမယ်နော်၏ အဆက်အနွယ် အဖြစ်အပျက် အရပ်ဒေသတို့ ကြည့်လျှင်ကား ယိုးဒယား (ထိုင်း) ပြည်နှင့် မြန်မာပြည် အရပ်ဒေသများ ဖြစ်နေလေသည်။ ]
မောင်ဒီ (မောင်တီ)
သုဓနုမင်းနှင့် ဒွေးမယ်နော်တို့ ကြီးရင့် အိုမင်းသောအခါ သားတော် မင်းရွှေကျူအား ထီးနန်းကိုလွှဲ၏။ ရွှေကျူမင်း၏ မိဖုရားကြီးကား အလယ်နန်းဖွား နှမတော် ဖြစ်၏။ ရွှေကျူမင်းမှ သားတော် စောနောင်ရင်နှင့် နန့်သော်က ခေါ် သော်ကစန္ဒီ တို့ကို ဖွား၏။
နန့်သော်က အရွယ်သို့ရောက်သော် ရွှေကျူမင်းထံတွင် ဆင်ထိန်းအမှုထမ်းဖြစ်သော မွန်လူမျိုး မောင်ထော်ပိုင် ဆိုသူနှင့် တိတ်တဆိတ် ချစ်ကြိုက်မိလေ၏။
ခမည်းတော်သိရှိ ၊ ရှက်စနိုး ၊ အမျက်ထွက်၍ မောင်ထော်ပိုင်ကို ဖမ်း၍ သတ်စေဟု လည်းကောင်း ၊ နန့်သော်ကကို အရှင်လတ်လတ် မီးမြှိုက်၍သတ်စေ ၊ ဆွေတော် မျိုးတော် မှန်သမျှ ထင်းတစ်ချောင်းစီယူ၍ ထိုမီးပုံတွင်ထည့်စေ ၊ မီးလောင်ကျွမ်းပြီးသည့် တိုင်အောင်လည်း ကြည့်ကြစေဟု လည်းကောင်း အမိန့်တော် ထုတ်လေ၏။
မောင်ထော်ပိုင်သည် ချက်ချင်း လက်လွတ် ထွက်ပြေးသွားလေ၏။
နန့်သော်က အတွက်ကိုကား ဘွားတော် နန့်နောင်းခါရီ (ဒွေးမယ်နော်) ကဝင်၍ မိန့်ကြား ညွှန်ကြားချက်အရ ရွှေကျူမင်းက အသက်ကိုလွှတ်၍ တိုင်းပြည်မှ နှင်ထုတ်လိုက်လေသည်။
[မှတ်ချက် ရှေးကရင် ထုံးစံတစ်ရပ်ကား အပျိုအိပ်ခန်းတွင် လူပျိုနှင့် မေတ္တာစကားပြောနေစဉ် လူပျို မထိန်းသိမ်းနိုင်ပုံ ပေါ်သော် အပျိုက မီးမွှေး၍ ပြသမြင်စေ၏။ အဓိပ္ပါယ်ကား နန့်သော်ကကို မီးတိုက်သတ်ရန် ဒဏ်ပေးဖူးပါသည်။ သစ္စာစောင့်ထိန်းပါ ၊ သတိထားပါဟု ဆိုလိုသည်။ နောင်ကိုလည်း ဤလူပျိုကို လက်ခံစကား မပြောတော့ချေ။ ]
မောင်ထော်ပိုင်နှင့် ပြန်တွေ့ခန်း
နန့်သော်က သည် ဆင်းရဲနွမ်းပါးစွာဖြင့် ရောက်ရာရောက် ၊ ပေါက်ရာပေါက် ထွက်လာခဲ့၏။ ကာလအတန်ကြာ ဘေးအမျိုးမျိုး တွေ့၍ ခရီးအတန်ကွာ ရောက်ပြီးနောက်မှ ကရင်ရွာတစ်ရွာ ချောင်းအနီး ဝါးအိမ်တစ်ခုပေါ်တွင် မောင်ထော်ပိုင်ကို ရုတ်တရက် မြင်တွေ့ ၊ ကပျာကသီ အပြေးတက်၍ သွားလေရာ ချွတ်ယွင်းနေသော ဝါးကြမ်းတစ်ခုကို နင်းမိ ၊ အပါက်ကျွံ၍ လဲလေ၏။ ထို့ပြင် ကြမ်းစထောင်၍ စားရန် ပြင်ထားသော ထမင်းပွဲရှိ ချဉ်ပေါင်ဟင်းခွက် တစ်ခွက်လုံး မှောက်လေ၏။ ပြီးမှ မောင်ထော်ပိုင်နှင့် နန့်သော်ကတို့ နှစ်ယောက်သား ဖက်၍ ငိုကြကုန်၏။
မောင်ထော်ပိုင် ပြေးခဲ့ရာ ဤအိမ်ရှင် ကရင်မကြီး မနော်မူ ထံတွင် ခိုဝင်နေရခြင်း ဖြစ်သည်။ မနော်မူက မိန်းကလေး ကျွံ၍လဲခြင်း ၊ ဟင်းခွက်မှောက်ခြင်း တို့မှာ နိမိတ်မကောင်း ၊ မင်းတို့လင်မယား ချမ်းသာမည် မဟုတ်ဟု နိမိတ်ဖတ်လေ၏။ ၎င်းပြင် ရှေးထုံးစံအရ မိန်းမက ယောက်ျားအိမ်သို့ လာရ၏။ သို့ကြောင့်လည်း ယခုကဲ့သို့ ဘေးဒုက္ခတွေ့ရ၏။ ယခုမှစ၍ နောင်ကို ယောက်ျားကသာ မိန်းမထံသို့ လာစေဟု ထုံးစံအသစ် ဖြစ်ရလေသော ဟူ၏။
ပျက်စီးခန်း
မနော်မူအိမ်တွင် နေကြ၍ များမကြာမီ တစ်ည၌ ၎င်းရွာသားတို့ ပဒိုးမှုတ်ခြင်း ၊ ဖားစည်နှက်ခြင်း ၊ ဝါးချက်တီးခေါက်ခြင်း ၊ ဒီတုတ်ခြင်းတို့ကို ပြုကြလေ၏။ (ပဒိုးမှာ ကျွဲချိုကို တိုတိုဖြတ်၍ ခရုသင်းကဲ့သို့ မှုတ်သောအရာဖြစ်၏။ ဒီတုတ် ဆိုသည်မှာ အကြောင်းကြီးငယ် ရှိက ဒီ ၊ ဒီ ၊ ဒီ ဟု ပါးစပ်က မြည်ကြွေးကြော်သော အကြောင်းကြား အချက်ပေးသော အသံဖြစ်၏။)
ဤသို့ အထိတ်တလန့် လှုပ်ရှားခြင်းကား ရွာကို ကျားဝင်၍ လူတစ်ယောက်ကို ကျားဆွဲသွားခြင်းကြောင့် ဖြစ်၏။ ထိုရွာသားတို့ ကြောက်လန့်၍ အခြားတစ်နေရာသို့ ရွာရွှေ့ပြောင်းကြလေ၏။
ဤသို့ ဗရုတ်ဗရက်အထဲတွင် နန့်သော်က သားငယ် ဖွားမြင်၍ မပြေးမလွှားနိုင် ၊ အလွန် ဒုက္ခကြီးစွာ ရောက်ကြရကုန်၏။ ဤသို့ ကျားရဲသောအခါ၌ မိမိတို့ မပြေးမလွှားနိုင် ၊ အသက်သေကြရတော့မည်ဟု သိကြသောအခါ ဘွားတော် နန့်နောင်းခါရီ ပေးထားသော ရွှေဖက်လိပ် နားတောင်းတစ်စုံကို ဖြန့်၍ မိမိတို့ အမျိုးအနွယ် ၊ အဖြစ်အပျက်တို့ကို ကလေး၏ လည်ပင်းတွင် ဆွဲထားလေ၏။
ကလေးကို ကျားဘေးမှ လွတ်ရန်ဟု အိမ်အနီး ညောင်ပင်ကြီး ၊ အမြစ်ကြား ကျဉ်းမြောင်းလုံခြုံရာတွင် ထည့်၍ထားလေ၏။ နို့တိုက်ချိန်မှ ထုတ်၍တိုက်၏။
မကြာမီ မောင်ထော်ပိုင် မီးနေထင်း အရှာသွားစဉ် နန့်သော်ကကို ကျားဝင်၍ဆွဲလေ၏။ မောင်ထော်ပိုင် ပြန်ရောက် ၊ လိုက်ရှာ ၊ ကျားစားနေသည်ကို တွေ့ရှိ ၊ အလောင်းကို အတင်းဝင်၍လုရာ ကျားက ကိုက်လိုက်ပြန်သဖြင့် သေရရှာလေ၏။
မောင်ဒီ (မောင်တီ) ကို ဝံလိုငှက်တို့က ကျွေးမွေးထားခြင်း
နောက်တစ်ဖန် ကလေးငိုသံကြား၍ ကျား လာခဲ့ပြန်ရာ ထိုအခိုက်၌ ညောင်ပင်ပေါ်ရှိ ဝံလိုငှက်ကြီး ဖိုမ တို့က မြင်၍ ကလေးကို ထိုးသုတ် ယူဆောင်သွားကြလေ၏။
Boost Your Post. Send 0.100 STEEM or SBD and your post url on memo and we will resteem your post on 5000+ followers. check our account to see the follower count.
Congratulations! This post has been upvoted from the communal account, @minnowsupport, by moekhaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.