ဘုရားရှိခိုးခြင်းဟူသည်
ဘုရားရှိခိုးခြင်းဟူသည် စိတ်တည်ငြိမ်အောင်ပြုလုပ်သည်ဟု မှားယွင်းစွာ ထင်မြင်သူအချို့ ရှိကြလေသည်။ အမှန်စင်စစ် ယင်းထက် အဓိပ္ပါယ်များစွာ ကျယ်ဝန်းသည်ကို သိရှိရန် လိုအပ်ပါသည်။ ဘုရားရှိခိုးပူဇော်ရန် နည်းလမ်းမှာ - ရတနာသုံးပါးအပေါ် ယုံကြည်မှုထက်သန်သော သဒ္ဒါ၊ စင်ကျယ်သော သီလ၊ တည်ငြိမ်သော သမာဓိ၊ မပြန့်လွင့်သော သတိ၊ သစ္စါလေးပါးနှင့် မြတ်တရားအကျိုး အကြောင်းတို့ကို သိမြင်သော ပညာ စသည့် ဗိုလ် အင်္ဂါ ငါးပါး ကပ်၍ ရှိခိုးရမည်ဟု အဘိဓမ္မာကျမ်းတွင် မြတ်စွာဘုရားရှင်ကိုယ်တိုင် အတိအလင်း ဟောကြားထားပါသည်။
ဘုရားရှိခိုးခြင်းဆိုတာ တန်ဖိုးရှိတဲ့အချိန်အခါကို အသုံးချတတ်ခြင်းလို့ ဆိုနိုင်ပါသည်။ ကိုယ့်ဘဝ၏ တန်ဖိုး ရှိသော အချိန်ဆိုတာ လောက၏ အနှစ်သာရကို အပြည့်အဝ ခံစားတာ ဖြစ်ပါစေ၊ လောကရဲ့ ကိုယ့်အပေါ်ထိုးနှက်ချက်တွေကို အဖြေရှာတွေ့တာ ဖြစ်ပါစေ တစ်ခုခု ဖြစ်မြောက်အောင် အားထုတ်နေတာကို တန်ဖိုးရှိတဲ့အချိန်ဆိုပြီး သတ်မှတ်ရပါလိမ့်မည်။ ဘုရားရှိခိုးခြင်း အမှုကို ပြုသည့်အခါ အဲ့ဒီ အနှစ်သာရ ပါဝင်သင့်ပါသည်။ မပါဝင်ပဲနဲ့ ဒီတိုင်း ပြီးစလွယ် ပုဆိန်ပေါက် ပေါက်ချတာမျိုး ကျတော့ ဒါ ကိုယ်ကိုးကွယ်ရာ ဘာသာရဲ့ ဥသျှောင်ကို မလေးစားရာ ကျသလို ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်ကိုလည်း ဖြုန်းတီးရာကျပါသည်။
ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ဆိုရင်တော့ ကိုယ်မသိသော ပါဠိတစ်ပိုဒ်ကို ရွတ်လို့ ကိုယ့်စိတ်လေး အေးချမ်းရင်တော့ ဒါပြဿနာမရှိပါဘူး။ တန်ဖိုးရှိတဲ့ အချိန် တစ်ခု ဖြစ်လာတာပဲလေ။ စိတ်လေး အေးချမ်းတော့ တစ်နေ့တာ အလုပ်တွေ သာယာစိုပြေလာပါသည်။ လူတိုင်းအပေါ် အပြုံးနဲ့ ဆက်ဆံနိုင်ပါလိမ့်မည်။ အပြုံးဆိုတာ ဖလှယ်တတ်တဲ့ အစွမ်းလည်း ရှိတော့ ကိုယ်ပြုတဲ့ကံတိုင်းဟာလည်း ကိုယ်ပြန်ရလာသကဲ့သို့ သူတစ်ပါးရဲ့ အပြုံးမေတ္တာတွေ ကိုယ့်ဆီ ပြန်ဟပ်လာစေသည်။ ဆိုတော့ ပါဠိလို နားမလည်ပဲ ရွတ်လို့ မရဘူး မဟုတ်ပါဘူး။ ကိုယ့်စိတ်လေး အေးတယ်ဆိုရင် အားလုံးက အဆင်ပြေနေတာပါပဲ။ သို့သော် ဘုရားရှိခိုးစဉ် စိတ်နဲ့ လူနဲ့က မကပ်၊ တောင်ရောက် မြောက်ရောက်၊ ခုနှစ်အိမ် ရှစ်အိမ်ကြား အသံပြဲကြီးနဲ့ အော် ကြေးစည်တွေတီး လင်ဗန်းတွေထုနဲ့ ဝုန်းဒိုင်းကြဲပြီး ရှိခိုးတယ်ဆိုတဲ့အခါ ဒီလူရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေဟာ ကိုယ် ရှိခိုးသလောက် အကျိုးများလာပါ့မလား သံသယရှိမိစေပါသည်။
များသောအားဖြင့် ဒီလို လူတွေဟာပဲ တွေ့ကရာလူ မျက်စောင်း တထိုးထိုးနဲ့ ဣဿ မစ္ဆရိယတွေ ပွားများနေတဲ့ လူမျိုး ဖြစ်တတ်ကြတာ မဆန်းပါဘူး။ ဒီတော့ ပြောချင်တာက အချိန်ကလေးများ ရခဲ့လို့ ရှိရင် ပါဠိ အနက်ကလေးတွေကိုလည်း နားလည်အောင် အားထုတ် အပ်ပါသည်။ အကြံပြုလိုတာက ပါဠိစာပေကို လေ့လာရာမှာ ဘာသာစကား တစ်ရပ်ကို လေ့လာသလိုကို စိတ်ထားပြီး စိတ်ဝင်တစားမှတ်သား လေ့လာရင် ပိုမြန်လိမ့်မယ်လို့ ဆိုချင်ပါသည်။ ဒီလိုကျတော့မှ ကိုယ်ပြောဆို ရွတ်ဖတ်တဲ့ စကား အဝဝဟာ ကိုယ့်ဆီကနေ နားလည်မှုနဲ့ အတူ ထွက်ခွာလာမှာဖြစ်ပြီးတော့ အနည်းဆုံး တရားတော်၏ အနက်ကိုပါ လိုက်လံ တွေးခေါ်ရင်းနဲ့ ကုသိုလ်ကို ပွားများ ယူနိုင်ပါလိမ့်မည်။ မလိုလားအပ်သော သူများ အပေါ် ငြူစူ စောင်းမြောင်း တာမျိုး၊ မနာလို ဝန်တိုတာမျိုးလည်း လျော့နည်းစေပါသည်။
ဘုရားရှိခိုးခြင်းဟူသည် ပြုခဲ့သော အပြစ်၊ အကုသိုလ်များ ပျောက်စေ ရန်လည်း မဟုတ်ပါ။ မည်သည့် ကံကိုမှ ဘုရားက ပြန်လည် ပြုပြင် စီရင်ပေး၍မရ။ ဘုရားရှိခိုးခြင်းက မိမိဟာ သဒ္ဒါ၊ သတိ၊ သမာဓိ၊ ပညာ၊ သီလ စတာတွေနဲ့ ပြည့်စုံနေသေးပြီး ရတနာသုံးပါးကို အမြဲပူဇော်ဆည်း ကပ်တယ်ဆိုတာကို ပြန်လည် အမှတ်ရ သတိကပ်စေခြင်း၊ သာသနာ မကွယ်ပျောက်စေရန် ဘုရားဟော ဂါထာများကို ပြန်လည် ရွတ်ဖတ်ခြင်း၊ နတ်လူ အပေါင်း အမျှဝေသည်က မေတ္တာ ဘာဝနာ ကုသိုလ်ယူခြင်း၊ စသည်ဖြင့် စသည်ဖြင့်ဘုရားရှိခိုးခြင်း၏ အကြောင်းတရား များက အင်မတန် ပေါများလှပါတယ်။ အကြောင်းတရားများသလောက် အကျိုးတရား အဖြင့် မဟာကုသိုလ်ထူးများ ရရှိစေပါသည်။
#လင်းညို့တာရာ
right