ကျနော့်ဘဝ အတွေ့အကြုံများ (အပိုင်း ၁၃)
" မောင်ရင် အိမ်ပြန်လို့ရပြီ"
"ဗျာ.. ကျနော်အိမ်ပြန်လို့ရပြီပေါ့လေ ပျော်တာဗျာ"
"အင်း ဟုတ်တယ် မောင်ရင်! လုပ်အားပေး လုပ်ခဲ့တာ ဆယ်ရက်ကျော်ရှိပြီဆိုတော့ မောင်ရင်လည်း ပြန်လို့ရပြီ ဒီမှာ ဆက်ပြီးတော့ နေစရာမလိုတော့ဘူး"
ဘန်ကောက်ကနေ ပြန်လာသော ကျနော့်အား 999ဂိတ်တွင် ငွေမပေးနိုင်၍ လုပ်အားပေးလုပ်ခဲ့တာ ဆယ်ရက်ကျော်တဲ့နေ့မှာတော့ အိမ်ပြန်ခွင့်ပြုလေတော့သည်။
ဒီလိုနဲ့ အိမ်ပြန်ရတာနဲ့ ကျနော့်အိမ်သို့ တန်းပြန်ခဲ့လေသည်။ အိမ်ရောက်တာနဲ့ ကျနော့်ရဲ့ အဖေနဲ့အမေမှာ ဝမ်းသာအားရနဲ့ ကျနော့်အားဆီးကြိုလေတော့သည်။
"သားး"
"အမေ..."
"သူ့ဖေရေ... ဒီမှာ တော့်..သား ကိုလင်း ပြန်ရောက်နေပြီတော့်"
"ဟာ... ငါ့သား ပြန်ရောက်လာပြီပေါ့လေ၊ သားး..."
အမေ့ရဲ့ လှမ်းခေါ်သံကြောင့် ကျနော့်အဖေမှာ ဝမ်းသာအားရနဲ့ လုပ်လက်စ အလုပ်များကို ပစ်ထား၍ ကျနော့်ပြေး၍ ဖက်လေတော့သည်။
"ဟာ ငါ့သားက ဖြူလို့ ဝလို့ပါလားဟ"
"ဖြူလို့ ဝလို့ဆို အချုပ်ထဲမှာ ဘာမှမလုပ်ရဘဲ အိပ်လိုက်စားလိုက်နဲ့ နေခဲ့ရလို့ အဖေရေ.."
"ဟ ဟား ဒီလိုလား ငါ့သားရ၊ အေးကွာ.. ငါ့သား ဘန်ကောက်မှာ အဖမ်းခံရပြီးတော့ အချုပ်ကျနေတယ် ကြားရတော့ အဖေနဲ့အမေတို့မှာ စိတ်ပူလိုက်ရတာကွာ"
"စိတ်မပူနဲ့ အဖေရာ.. ကျနော်က အဖေမွေးထားတာ သားယောင်္ကျားပဲဟာ.. စကားပုံရှိသေးတယ်၊ အမေကမွေး ထောင်ကကျွေးတဲ့၊ ဒါပေမယ့် သားက ရိုးရိုးအချုပ်ကျတာဆိုတော့ ဘာမှတော့ မဖြစ်ပါဘူး"
"ဒါတော့ ဒါပေါ့ သားရာ.. မိဘဆိုတော့လည်း ကိုယ့်သားသမီးကို စိတ်ပူရတာပေါ့၊ ဒါနဲ့ ဟိုတစ်လောက သားဖုန်းဆက်လာတုန်းက မြန်မာပြည်ကို ပြန်ရောက်နေပြီဆို ဘာလို့ အခုမှ အိမ်ကိုပြန်ရောက်ရတာလဲသား"
"သြော် ဒီလိုပါ အဖေ၊ မြဝတီ၉၉၉ဂိတ်မှာ ငွေမပေးနိုင်လို့ လုပ်အားပေး လုပ်နေရလို့ပါ"
"ဟာ ဒါဆိုလည်း အဖေတို့ကို ပြောပေါ့သားရာ.. အဖေတို့ ငွေလှမ်းပို့ပေးမှာပေါ့"
"မဟုတ်ဘူး အဖေ သူတို့တောင်းတဲ့ငွေက အရမ်းများတယ် အ့ာကြောင့် အဖေတို့အမေတို့ကို သားဘာမှမပြောပဲနဲ့နေလိုက်တာ"
"ကဲ ကဲ တော်တို့သားအဖ အဲ့မှာပဲ တစ်နေကုန် ရပ်ပြီးတော့ စကားပြောနေတော့မှာလား၊ အိမ်ထဲကိုလည်း ကြွခဲ့ကြပါအုံးတော်..."
ကျနော့်အမေ လှမ်းအော်ပြောမှပဲ အိမ်ထဲဝင်ဖို့ကို သတိရလေတော့သည်။
"အဖေနဲ့အမေတို့ကော အဆင်ပြေကြရဲ့လား"
"အဆင်ပြေပါတယ် သားရယ်၊ လတိုင်း သားပို့ပေးတဲ့ငွေနဲ့ စားလို့လောက်တဲ့အပြင် ပိုတောင်ပိုသေးတယ်၊ ပိုတဲ့ငွေလေးတွေကို စုပြီးတော့ အခုသားမြင်တဲ့အတိုင်းပဲ အိမ်ဆိုင်လေး တည်ထားတယ်သား"
"အင်းး အဆင်ပြေတယ်ဆိုတော့ ဝမ်းသာပါတယ် အဖေနဲ့အမေ၊ ဒါနဲ့ ညီလေး ညီမလေးတွေကော"
"သြော် သားရဲ့ ညီ/ညီမတွေက ကျောင်းသွားကြတယ်လေ ခဏနေရင် ကျောင်းကနေ ပြန်လာကြတော့မယ်၊ ဟော.. ပြောလို့မဆုံးသေး ဟိုမှာ သားရဲ့ ညီ/ညီမတွေ ကျောင်းကနေ ပြန်လာကြပါပြီ"
"ဟေးး ကိုကြီး ကိုလင်း ပြန်ရောက်နေပြီဝေး"
ကျနော့်ရဲ့ ညီ/ညီမတွေမှာ ကျနော့်အားမြင်သည်နှင့် ဝမ်းသားအားရနဲ့ ကျနော့်အား ပြေးဖက်ကြလေတော့သည်။
(အင်းး အဲ့တုန်းက အချိန်တွေကို စာရေးရင်းနဲ့ ပြန်တမ်းတမိတယ်၊ သြော်... အဲ့လို အချိန်တွေကို အခုနေများ နောက်ထပ်တစ်ခေါက်လောက် ပြန်ရခဲ့မယ်ဆိုရင်တော့........)
ဒီလိုနဲ့ ကျနော်လည်း ဘန်ကောက်ကနေ မြန်မာပြည်သို့ ပြန်ရောက်သောအခါ.. အဖေနဲ့အမေတို့အား ဝိုင်းပြီးတော့ လုပ်ကိုင်ကူညီပေးလေသည်၊ သို့သော်.. အပြင်အလုပ်မရှိပဲနဲ့ ဈေးဆိုင်ကရတဲ့ ငွေလေးနဲ့ စားရင်းသောက်ရင်း ကြာလေကြာလေ ဈေးအရင်းပြုတ်သွားနိုင်သည်၊ အခုဆိုရင် အိမ်မှာက ကျနော်က လူပိုတစ်ယောက်ဖြစ်နေသည်၊ ပါးစပ်ပေါက်တစ်ပေါက်တိုးလာတော့ ငွေဝင်နဲ့ ထွက်ငွေက မမျှတော့ချေ၊ အဖေနဲ့အမေက သားသမီးမို့ ဘာမှမပြောပေမယ့် အိမ်ရဲ့ လက်ရှိအခြေနေကို ကျနော်သိနေတယ်၊ အခုဆိုရင် ကျနော်အိမ်ပြန်ရောက်နေတာ အလုပ်မလုပ်ပဲ ၆လတောင် ရှိနေပြီ၊ အလုပ်တစ်ခုခု လုပ်မှဖြစ်တော့မည်၊ အလုပ် လုပ်ဖို့အတွက် စဉ်းစားပြန်တော့လည်း ကျနော်တို့နေတဲ့ ရပ်ထဲရွာထဲမှာကလည်း အလုပ်အကိုင် အရမ်းရှားပါးသည်၊ အလုပ်တစ်ခု ရဖို့အတွက် မနည်းရှာနိုင်မှ ရနိုင်မည်၊ ဒီတော့ ကျနော့်ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်၊ မြဝတီ နယ်စပ်မြို့သို့ ပြန်သွားပြီးတော့ အလုပ်လုပ်ရန် ကျနော်ဆုံးဖြတ်လိုက်လေသည်။
မြဝတီမြို့က နယ်စပ်မြို့ဆိုတော့ အလုပ်ကိုင်ပေါများသလို လူမျိုးလည်းစုံသည်၊ အဖေနဲ့အမေအား ကျနော်အလုပ်ထွက်လုပ်ရန် ဖွင့်ပြော၍ မြဝတီသို့ ကျနော်ထွက်ခဲ့လေတော့သည်။
ဒီလိုနဲ့ ကျနော် မြဝတီမြို့သို့ ပြန်လည်ခြေချမိလေတော့သည်၊ မြဝတီသို့ ရောက်သည်နှင့် ကျနော်စပြီး လုပ်ကိုင်သော အလုပ်မှာ ဆမ်ပလောနင်းခြင်း အလုပ်ဖြစ်လေသည်၊ ဆမ်ပလောဆိုသည်မှာ မြဝတီမြို့ရဲ့ အခေါ်အဝေါ ဖြစ်လေသည်၊ အမှန်ကတော့ သုံးဘီးဆိုက်ကားပါ၊ မြဝတီမြို့က ဆိုက်ကားနဲ့ ကျနော်တို့အရပ်ဒေသက ဆိုက်ကားနဲ့ ပုံစံကွဲပြားသည်၊ အောက်အရပ်ဒေသက ဆိုက်ကားများမှာ ဘေးတွဲဖြစ်ပြီးတော့၊ မြဝတီမြို့က ဆိုက်ကားများမှာ ရှေ့တွဲဖစ်လေသည်၊ မြဝတီမြို့က ကုန်းတက် ကုန်းဆင်းများတဲ့အတွက် တစ်ချို့ ဆိုက်ကားများမှာ ရှေ့တွဲဆိုတော့ အလွယ်တစ်ကူ ဆိုင်ကယ်အင်ဂျင်ထည့်ပြီးတော့ မောင်းနှင်ကြလေသည်။
ဆက်လက်ရေးသားသွားပါမည်။
Myanmar Steemit မှ Admin များနဲ့တစ်ကွ အဖွဲ့သားများ အားလုံးကို ကျေးဇူးတင်ပါသည်။
MSC-160
Author - @kolinn
နောက်တွဲတော့ မနင်းဖူးဘူး
ဘေးတွဲတော့ ကြိတ်တာပဲ ကျနော်လည်း
အဲ့တုန်းက လခစားသူငယ်ချင်းတွေ ကိုယ့်ဆီက ကပ်စားရတာမှတ်မိသေး
ဟားး အ့ာတော့ ဟုတ်တယ် ကိုသက်ရေ... ဆိုက်ကားနင်းတာ တော်ရုံလစာကောင်းတဲ့သူကို မှု့စရာမလိုဘူးဗျ
နောက်တစ် ခေါက်ပေါ့ နောက်တစ်ခေါက်အတွေ့အကြုံတွေလာဦးမှာပေါ့
ဒါပေါ့ ဒါပေါ့☺☺☺☺
ကိုလင်းရဲ့ ဆမ်ပလောက စက်တပ်ထားလား ခြေနဲ့နင်းရတာလားဗျ။
ဘဝကကြမ်းတော့ ခြေနင်းပေါ့ ကိုထွေးရယ်..😢
ဖတ်ရတာ စိတ်ဝင်စားဖို့အရမ်းကောင်းတယ် ဆက်ရေးပါဦးဗျာ
ဟုတ်ကဲ့ကြိုးစားရေးသွားပါ့မယ်ခင်ဗျာ...
ဆက်မျှော်နေတယ်အကိုရေ☺☺
ကျေးဇူးပါညီ
ဆိုက်ကားဆရာလည်း ဖြစ်ခဲ့တယ်ပေါ့လေ
ဘဝမှာ အလုပ်တွေ အတော်လေး အစုံလုပ်ခဲ့ဖူးပါတယ် ကိုစောရေ...
ကိုလင်းရဲ့ဘဝ ဇာတ်ကြောင်းက စိတ်ဝင်စားစရာကောင်းတယ်ဗျာ
စာဖတ်ရတာလည်း မပျင်းရိသွားစေဘူး
ဆွဲဆန့်နိုင်သလောက် ဆွဲဆန့်ပြီးရေး ကိုလင်းရေ
အဲ့ဒါမှ postများများရမှာ
ဟုတ်ကဲ့ ကိုဇော်ရေ.. အတတ်နိုင်ဆုံးတော့ ဆွဲဆန့်ထားတယ် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းကအဖြစ်ပျက်တွေကို အခုမှ စရေးတာဆိုတော့ ဘယ်တော့များမှ ရေးပြီးမှာလည်းဆိုတာတော့ မပြောတတ်သေးဘူးဗျ😂😂😂😂
ကိုလင်းရဲ့ ဘဝ ဖြတ်သန်းမှုတွေကို ဆက်လက်မျှော်
နေပါတယ် ခင်ဗျ
ဟူတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ
မြဝတီမှာ ဘာတွေဆက်ဖြစ်ဦးမလဲဗျာ
😊😊😊😊😊
postတ်ခုလုံးကိုမဖတ်ပေးနိုင်လို့တောင်းပန်ပါတယ်ဗျ ကျွန်တော်တို့ရုံးမှာမကွေးတိုင်းအတွက်တစ်တိုင်းလုံးအစည်းအဝေးရှိနေတဲ့အတွက်ခွင့်လွှတ်ပေးပါဗျ sundayမှာ postအားလုံးကို ဖတ်ဖြစ်အောင်ဖတ်ပေးပါမယ်ဗျ
😂😂😂😂😂😂