ကြည်နူးပျော်ရွှင် မှော်ဘီတစ်ခွင်steemCreated with Sketch.

in #myanmar7 years ago

သီတင်းကျွတ် အလုပ်ပိတ်ရက်ဖြစ်၍ ကျမတို့ အဆောင်ရှိ မိန်းကလေးများ မိမိတို့အိမ်သို့ အသီးသီးပြန်ကြရန် စောစောထပြီး ပြင်ဆင်နေကြပါသည်။ ကျမရဲ့ သူငယ်ချင်းများကတော့ အောင်ဇမ္ဗူ တောရ (ဂျပန်ဘုရား) ဖူးမျှော်ရန်နှင့် သီတင်ကျွတ်မီးထွန်းပွဲတော်များ ဘုရားပွဲများနှင့် စီကားလေ့ရှိသည့် ကျမတို့ မှော်ဘီမြို့လေးသို့ ကျမနဲ့အတူ လိုက်ပါလည်ပတ်ရန် ပြင်ဆင်နေကြပါသည်။ ရန်ကုန်မြို့တွင် အလုပ်လာရောက်လုပ်ကိုင်စဉ် ကတည်းက လူနေထူထပ်ပြီး ရောင်စုံကားများ တိုက်တာအဆောက်အဦးများသာ နိစ္စဓူဝ မြင်နေရသော ကျမတို့လို နယ်မြို့လေးမှ လာရောက်လုပ်ကိုင်ကြသည့်သူများအတွက် အလုပ်ပိတ်ရက်လေးများ ရတိုင်း မိမိတို့အိမ်ကိုသာ ပြန်လည်အနားယူခြင်မိကြပါသည်။ သဘာဝ အလှတရားများနှင့်ဝေးကွာပြီး လူဦးရေထူထပ်မှုများကြောင့် ကျင်းကြပ်သော နေရာထိုင်ခင်းများဖြင့်သာ နေထိုင်စားသောက်ပြီး အလုပ်လုပ်နေရသော ကျမတို့အတွက် ကိုယ့်မြို့ကိုယ့်ရွာ ပြန်ချိန်တိုင်း နွေးထွေးလှသော မိသားစု အရိပ်နှင့် အေးချမ်းသာယာလှသော ပတ်ဝန်းကျင် တို့ကို ပြန်လည်ခံစားရသောကြောင့်လည်း စိတ်ကြည်နူးပျော်ရွင်ရပါသည်။

image
ကျမတို့ မှော်ဘီမြို့လေးသည် ရန်ကုန်-ပြည်လမ်းမပေါ်တွင် တည်ရှိပြီး ရန်ကုန်မြို့မှ ၂ နာရီးခန့်လောက်သာ ကားဖြင့်သွားရသည့် ခရီးဖြစ်သောကြောင့် အခြားသောနယ်မြို့များကဲ့သို့ ဝေးလန်ခေါင်သီခြင်းမရှိပါ။ သို့ပေမဲ့ စပါးခင်းများ သစ်ရိပ် ဝါးရိပ်များနှင့် ဆည်မြောင်းတာတမံများရှိခြင်းကြောင့် မှော်ဘီမြို့သူ/သားများ အေးချမ်းသာယာစွာနေထိုင်ရပါသည်။ လမ်းပန်းဆက်သွယ်မှု အဆင်ပြေခြင်း ခေတ်မှီ အသုံးဆောင်များ အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်း ဆေးရုံဆေးလန်းများ ဘဏ်များနှင့် ခေတ်မှီ 3D ရုပ်ရှင်ရုံများ ရှိခြင်းတို့ကြောင့် ရန်ကုန်မြို့ အစွန်တွင်တည်ရှိသော မြို့လေးတစ်မြို့ ဖြစ်ပေမယ့် အတော်သင့် ခေတ်မှီဖွင့်ဖြိုးလှပါသည်။ ထို့ပြင်မြို့၏ အစွန်၌လည်း ဘောလုံးစက်ရုံ သံမဏိစက်ရုံ ဆေးထိုးအပ်စက်ရုံ ရေသန့်စက်ရုံ အချိုရည်စက်ရုံ နှင့် အထည်ချုပ်စက်ရုံ များလဲ အမြောက်အများရှိသောကြောင့် အသေးစား စက်မှုမြို့လေးဟု ဆိုလျင်ပင်မမှာနိုင်ပေ။

ထို့မပြင် အနာဂတ် လူငယ်လေးများ၏ ရည်ရွယ်ချက် ပန်းတိုင်များထဲမှ တစ်ခုဖြစ်သည့် အင်ဂျင်နီယာများစွာ မွေးထုတ်ပေးသည့် နည်းပညာတက္ကသိုလ်လဲတည်ရှိပါသည်။ နှစ်စဉ်ကျောင်းဖွင့်ချိန်တိုင်း နည်းပညာတက္ကသိုလ် တက်ရောက်သည့်
ကျောင်းသားကျောင်းသူလေးများဖြင့် စည်ကားနေခြင်းတို့အား မှော်ဘီမြို့သူ တစ်ယောက်အနေဖြင့်လည်း ဂုဏ်ယူမိပါသည်။ မှော်ဘီမြို့၏ ကျက်သရေဆောင်ဖြစ်သော ရွှေမှော်တင်ဘုရားကြီးသည် မြို့လယ်ခေါင်တွင် တည်ရှိပြီး နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓပူဇနိယပွဲတော်အကြို တရားပွဲများ ပြုလုပ်ခြင်းဖြင့် မြို့သူမြို့သားများအား စိတ်တည်ငြိမ်အေးချမ်းမှုများနှင့် အချင်းချင်းစုပေါင်းညီညာစွာ ပူးပေါင်းဆောင်ရွက်လိုသော စိတ်ဓါတ်လေးများလည်း ဖြစ်ပေါ်စေပါသည်။နိုင်ငံကျော်ဓမ္မကထိက ဆရာတော်များ၏ (၁၀)ည တိုင်တိုင် တရားရေအေး တိုက်ကျွေးမှုများဖြင့် မှော်ဘီမြို့သူ မြို့သားများသာမက ရွာနီးစပ်ချုပ်မှ တရားနာဧည့်ပရိတ်သတ်များဖြင့်လည်း နှစ်စဉ်နှစ်တိုင်း စည်ကားလှပါသည်။"ကြီးသူကို ရိုသေ ရွယ်တူကို လေးစား ငယ်သူကို သနားညှာတာ" ဟူသည့် ဆောင်ပုဒ်အတိုင်း နှစ်စဉ်သက်ကြီး ပူဇော်ပွဲများ၌လည်း မှော်ဘီမြို့သူ/သားများ စုပေါင်းကာ သက်ကြီးရွယ်အို ဘိုးဘွားများ ထောက်ပံ့လှူဒါန်းခြင်းနှင့် တော်သလင်းလပြည့်နေ့တိုင်း ရာကျော်လှသော သံဃာတော်များအား ဆီးဆွမ်းလောင်းသည့် ဓလေ့များ၌လည်း မှော်ဘီမြို့သူ/သားများ၏ အလှူအတန်းရက်ရောမှုများနှင့် ဘာသာတရားကိုင်းရှိုင်းမှုများအား တွေ့မြင်နိုင်ပါသည်။

နှစ်စဉ် သင်္ကြန်ပိတ်ရက်များရောက်တိုင်း တရားစခန်းများ ဖွင့်လစ်ရာ ရိပ်သာများသည်လည်း မှော်ဘီမြို့တွင် အမြောက်အများ ရှိသောကြောင့်
အနယ်နယ်အရပ်ရပ်မှ ဓမ္မမိတ်ဆွေ အပါင်းအတွက် တရားအရိပ်ခိုလုံရာ မြို့လေးတစ်မြို့ လည်းဖြစ်ပါသည်။ နိုင်ငံကျော် ဓမ္မကထိက ဥူသုမင်္ဂလ (ဒယ်အိုးဆရာတော်) နှင့် ချမ်းမြေ့ဆရာတော် ပန်းတစ်ပွင့်တောင်ဆရာတော် သဲအင်းဂူဆရာတော် ဆရာတော်ကြီးများ သတင်းသုံးနေထိုင်ရာ မြို့လေးဖြစ်ပြီး ရှေးဟောင်းစေတီပုထိုးများ များစွာရှိသောကြောင့် ဗုဒ္ဓသာသနာ ထွန်ကားရာ နယ်မြေလေးတစ်ခုဟုလည်း ဆိုနိုင်ပါသည်။ မြန်မာ့စာပေသမိုင်းတွင် ထင်ရှားလှသော စာရေးဆရာကြီးဖြစ်သည့် မှော်ဘီဆရာသိန်း၏ ဇာတိမြို့လေးဖြစ်သည့် မှော်ဘီမြို့သို့ လာရောက်လည်ပတ်မည်ဆိုပါက ဆရာကြီးအား ရည်ညွှန်းဖွင့်လှစ်ထားသော စာကြည့်တိုက်လေး၌လည်း စာပေများ လေ့လာဖတ်ရှုသွားနိုင်ပါသည်။ထို့ပြင် နိုင်ငံကျော် ဗေဒင်လက္ခဏာ ပညာရှင်ကြီး တစ်ဦးဖြစ်သည့် ဆရာကြီးမင်းသိင်္ခ၏ မရမ်းတလင်းခြံလေးသည်လည်း မှော်ဘီမြို့စွန်တွင်ရှိပြီး ဆရာကြီးမဆုံးမီအချိန်ထိ နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့များ၌ တစ်နိုင်ငံလုံးမှ ဆရာကြီး၏ ဧည့်ပရိတ်သတ်များဖြင့် ဆေးပေါင်းခသည့် ပွဲတော်များလည်း စည်ကားစွာပြုလုပ်လေ့ရှိပါသည်။

ပျော်ပွဲရွှင်ပွဲများ နှစ်သက်သည့် ကျမအတွက် ငယ်စဉ်ကတည်းက အစ်ကိုအစ်မ များနှင့်အတူ နှစ်စဉ် မှော်ဘီမြို့၏ သီတင့်ကျွတ် တန်ဆောင်တိုင်ရက်များ၌ မီးထွန်းပွဲတော်များ သီချင်းဆိုပြိုင်ပွဲများ ဇာတ်ပွဲ အငြိမ့်ပွဲများ လည်ပတ်ကြည့်ရှူ ရခြင်းကို ပျော်ရွင်ကျေနပ်မိပါသည်။ ကျမ၏ သူငယ်ချင်းများကိုလည်း အလုပ်ပိတ်ရက်များ၌ စိတ်အပန်းပြေ ပျော်ရွင်နိုင်ကြစေရန် ကျမတို့မြို့လေးသို့ လိုက်လည်စေပြီး သမိုင်းဝင် ရွှေမှော်တင်ဘုရားကြီးနှင့် ဂျပန်ဘုရားအား ဖူးမျှော်ရင်း ဗုဒ္ဓပူဇနိယပွဲတော်များနှင့် သီတင်းကျွတ် မီးထွန်းပွဲများအား ဆင်နွဲ၍ ပျော်ရွင်ကြည်နူးစေပါမည်။ အခြားသောအနယ်နယ် အရပ်ရပ်မှ မိတ်ဆွေများကိုလည်း အခါခွင့်သင့်ပါက ခေတ်မှီတိုးတတ်ပြီး အေးချမ်းသာယာလှတဲ့ ကျမတို့ မှော်ဘီမြို့လေးသို့ လာရောက်လည်ပတ်ရင်း စိတ်အပန်းဖြေ ပျော်ရွင်နိုင်ရန် ဖိတ်ခေါ်ပါသည်။
OWN WRITER: @jesminpoe
image

Sort:  

မှော်ဘီမြို့လေးက နေချင်စရာကောင်းပါတယ်။ ရန်ကုန်နဲ့ သိပ်မဝေးသလို စိုက်ပျိုးသမျှ ဖြစ်ထွန်းတဲ့ မြေသားနီနီတွေလည်း ရှိလို့ ရေခံမြေခံကောင်းတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

မှော်​ဘီနဲ့ နီးနီး​လေးပါ😁

ကြုံရင်လာလည်မယ်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54414.30
ETH 2295.54
USDT 1.00
SBD 2.30