တောင်ပေါ်မြေမှာ ကြွေတဲ့မျက်ရည် (ဒုတိယပိုင်း)steemCreated with Sketch.

in #myanmar7 years ago

မြေပြန့်မြို့များတွင်သာ အနေများရသည့် ကလျာတို့မိသားစုသည် အေးချမ်းလှသည့် တောင်ပေါ်မြို့လေးသို့ ရောက်ခါစတွင် အသိမိတ်ဆွေများရှားပါးခဲ့ပါသည်။ကလျာတို့ကျောင်းသို့ အိမ်မှ ဆယ်မိနစ်ခန့် လမ်းလျှောက်ရသည်။ကလျာ ကျောင်းသွား ကျောင်းပြန် အသုံးပြုရန် ကလျာ့ဖေဖေက စက်ဘီးလေးတစ်စီး ဝယ်ပေးထားပါသည်။အိမ်နားတစ်ဝိုက်တွင် ရွယ်တူ အတန်းဖော် မိန်းကလေးသူငယ်ချင်းမရှိ၍ ကလျာတစ်ယောက်တည်း နေ့စဉ် စက်ဘီးလေးကိုအဖော်ပြုပြီးသာ ကျောင်းသွားကျောင်းပြန်လုပ်ရပါသည်။ကလျာတို့ အိမ်မှ တစ်လမ်းကျော်တွင်တော့ အတန်းတူကောင်လေးတစ်ယောက် ရှိပါသည်။ကလျာကျောင်းစတက်သည့် နေ့ကတည်းက ထိုကောင်လေးမှပင် ကလျာ့ကိုအကူအညီများစွာ ပေးခဲ့ပါသည်။ထိုကောင်လေးကတော့ ဆိုင်ကယ်လေးဖြင့် ကျောင်းသွားကျောင်းပြန် ပြုလုပ်ပါသည်။တောင်ပေါ်ဒေသမှာ နေထိုင်သူများ၏ ဖြူစင်ရိုးသားသည့် စိတ်ဓါတ်လေးများ အခြေခံကာ တစ်ဦးနှင့်တစ်ဦး ကျား မ မခွဲခြားဘဲ ကူညီတတ်ကြသည့် အိမ်နီးနားချင်းများရဲ့ ချစ်စရာအကျင့်စရိုက်လေးများကြောင့်လည်း ကလျာတို့တစ်မိသားစုလုံး စိတ်ချမ်းသာခဲ့ရပါသည်။

အထက်တန်းကျောင်းသူကြီးဖြစ်သည့် ကလျာမှာ သူမကိုယ်တိုင် စာကြိုးစားသည့် ကျောင်းသူတစ်ဦးဖြစ်သည့်အပြင် ကျောင်းစာများကပါ တစ်နေ့တစ်ခြားပိုခက်လာသည့်အတွက် နေ့စဉ် အချိန်ဇယားဆွဲပြီး စာကြည့်ဖြစ်သည်။တောင်ပေါ်ဒေသ၏ မိုးဥတုမှာ အလွန်ပင်အေးချမ်းလှသည့်အတွက် ညဥ့်နက်သည်အထိလည်း ကလျာစာမကျက်နိုင်ပါ။နေ့စဉ် မနက် ည အချိန်ခွဲပြီးစာကျက်ရသည့် ကလျာမှာ မနက်ပိုင်းတွင် ၅နာရီထိုးသည်နှင့်အိပ်ယာမှ ထရသည်။မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ၆နာရီခွဲထိစာကျက်သည်။၆နာရီခွဲမှ ၇နာရီအထိ ရာသီဥတုဒဏ်ခံနိုင်ရည် ရှိစေရန် နာရီဝက်ခန့် စက်ဘီးထွက်စီးသည်။ကျောင်းတက်ချိန်မှာ ၈နာရီ ၄၅မိနစ်ဖြစ်၍ ၇နာရီမှ ၈နာရီ၁၅မိနစ်အထိ မနက်စာစား ရေချိုး အဝတ်အစားလဲ ဘုရားရှိခိုးပြီး ကျောင်းသွားရန်ပြင်ဆင်ရသည်။ဒါတွေက ကလျာနေ့စဉ်နှင့်အမျှ ပြုလုပ်နေကြဖြစ်သည့် နိစ္စဓူဝ အလုပ်များဖြစ်သည်။စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင်တော့ စက်ဘီးစီးပြန်လာပြီးရင် ကလျာ တစ်ရေးပြန်အိပ်လေ့ရှိပါသည်။

တောင်ပေါ်မြို့လေး၏ မနက်ခင်းမှာ ဆွယ်တာအထူကြီးဝတ်ပြီး စက်ဘီးစီးရသည့် ဖီလင်ကို ကလျာသိပ်နှစ်သက်သည်။မြူခိုးတွေရစ်ဆိုင်းပြီး ဆီးနှင်းများကျနေသည့် အေးချမ်းလှသည့် ပါတ်ဝန်းကျင်ကိုလည်း ကလျာချစ်သည်။တောင်ပေါ်မြို့လေးရှိ အိမ်တိုင်းသည် ခြံဝန်းအကျယ်ကြီးထဲမှာ ဆောက်ထားခြင်းဖြစ်၍လည်း ပါတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လှပြီး နေထိုင်ရ အလွန်ပင်ကောင်းလှသည်။စက်ဘီးစီးရာ လမ်းတစ်လျှောက်တွင့် ဖူးပွင့်နေကြသည့် တောင်ဇလပ်ပန်း ချယ်ရီပန်း မြတ်လေးပန်းတို့၏ ရနံ့လေးများသည်လည်း လေအဝှေ့မှာ တိုးဝှေ့နေကြသည်။အိမ်တိုင်း ၏ခြံစည်းရိုးတွင် သဘာဝအလျောက် ကပ်၍ပေါက်ရောက်နေသော ပန်းခက်ပန်းနွယ်လေးများသည်လည်း လေအရူးတွင် ကွန့်မြူးလျက်ရှိသည်။လိမ္မော်ခြံရှိသည့် အိမ်ရှေ့တွေရောက်တိုင်းလည်း အပင်ပေါ်မှာရော မြေပြင်ပေါ်မှာပါ ကြွေကျ ပြန့်ကျဲနေသည့် လိမ္မော်သီးတွေကို ကြည့်ပြီး လိမ္မော်သီး သိပ်ကြိုက်သည့် ကလျာတစ်ယောက် စက်ဘီးစီးရင်း သမင်လည်ပြန်ငေးရပြန်သည်။
image

"ဟေ့ ., ဘာတွေငေးနေတာလဲ"

အရှေ့တည့်တည့်မှ ထွက်ပေါ်လာသည့် ရင်းနှီးနေသည့် အသံတစ်ခုကြောင့် စက်ဘီးစီးရင်း လိမ္မော်ခြံတွေကို ငေးကာ အတွေးနယ်ချဲ့နေသည့် ကလျာတစ်ယောက် ရုတ်တရက်တုံ့ဆိုင်းသွားသည်။

"သြော်, ဘယ်သူများလဲလို့ နင်ကိုး"

"အေး,နင် မနက်တိုင်း စက်ဘီးထွက်စီးတာ ငါတွေ့သားပဲ,နင်ကသာ လိမ္မော်ပင်တွေငေးပြီး ငါ့မမြင်တာ"

"ဟီး.....ဟုတ်တယ်,လိမ္မော်သီးတွေမြင်ရင် မငေးဘဲ မနေနိုင်တာ ငါ့အကျင့်"

"နင်က လိမ္မော်သီးကြိုက်တယ်ပေါ့,ဒါငါတို့ခြံလေ ငါတို့က မနက်တိုင်းလိမ္မော်သီးတွေခူးပြီး ဖောက်သည်ပေးတာ,ငါက မနက်စောစောထပြီး အလုပ်သမားတွေနဲ့အတူလိမ္မော်သီးဆွတ်ရတယ်လေ"

image

"ဟုတ်လား, နင်က ခုချိန်တည်းက မိဘတွေကို ကူညီနိုင်တာပေါ့နော်,တော်လိုက်တာ"

"အဲ့လောက်လည်း မဟုတ်ပါဘူး,နင်ကလိမ္မော်သီး ကြိုက်တယ်ဆိုတော့
နင်စက်ဘီးနင်း ထွက်တဲ့အချိန် ငါလိမ္မော်သီး ထွက်ပေးမယ်လေ"

"အာ,ရပါတယ် တကူးတကကြီး"

"တကူးတက မဟုတ်ပါဘူး လိမ္မော်သီးဆွတ်ချိန်ဆိုတော့ နင်လည်းလတ်လတ် ဆတ်ဆတ် စားရတာပေါ့"

"အင်းပါ မနက်ပိုင်းဆို ငါ့မေမေက ဘုရားဆွမ်းတော်တင်နေကြလေ, နင်လည်း ကုသိုလ်ရအောင် ဆွမ်းတော်တင်ပြီးမှ စားပါ့မယ်,
ငါသွားပြီနော်"
တတိယပိုင်း ဆက်တင်ပေးပါ့မယ်ရှင့်။
thanks
Author: @jesminpoe
မြူနှင်းကဗျာ image

Sort:  

ဟုတ်စောင့်မျှော်ဖတ်ရှုပါမယ့်ခင်ဗျာ

ကျေးဇူးပါရှင့်

တတိယပိုင်း စောင့်နေမယ်

ဟုတ်ကဲ့ ကျေးဇူး

ဖတ်ရင်းနဲ့ဆက်တငံ့ငံ့ဖြစ်နေပီ

ဆက်လက်အားပေးနေပါတယ်ဗျ။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54461.78
ETH 2294.45
USDT 1.00
SBD 2.28