ဝန်ခံဖို့ ခက်တယ်
လူ့လောက လူ့ဘဝကြီး ဖြတ်သန်းလာတဲ့ခရီးလမ်းမှာ လူအမျိုးမျိုး စိတ်အထွေထွေ ကြုံခဲ့ဘူးပါပြီ။ အများအားဖြင့်တော့ လူအများစုလာ သူတစ်ပါးကို အပြစ်မြင်တတ်ကြပြီး ကိုယ်လုပ်တာကိုပဲ အဟုတ် အမှန် ထင်တတ်ကြပါတယ်။ ကျွန်တော်သည်လည်း သာမန်လူသားတစ်ယောက်သာဖြစ်တဲ့အတွက် အားလုံးနဲ့အတူတူပါပဲ။
ကိုယ်ကမှားမှန်းသိနေရင်တောင် အကြောင်းပြချက်တစ်မျိုးမျိုးနဲ့ ဆင်ခြေ ဆင်လက် ဆင်နားရွက်တွေနဲ့ ဖုံးကွယ်တတ်ပါတယ်။ ဒါကို မာနတရားလို့ခေါ်နိုင်လေမလားပဲ။ မာနက ခုခံပြောဆိုအောင် ပြုလုပ်လေသလားပဲ။ ဒါနဲ့ပတ်သက်လို့ ကြားဖူးတာလေးတစ်ခုကို ပြန်ရေးပြချင်ပါတယ်။
တစ်ခါက လူတစ်ယောက်ဟာ ထင်းပေါက်ဖို့အတွက် ပုဆိန် သွားဝယ်တာ ပဲကွပ် နဲ့ ပုဆိန်ကို မသိပဲ မှားဝယ်လာခဲ့တယ်။ အိမ်ရောက်တော့ ပဲကွပ်နဲ့ ထင်းပေါက်တာပေါ့။ ပဲကွပ်နဲ့ ထင်းပေါက်ဖို့က မဖြစ်နိုင်ဘူး။ ထင်းပေါက်မရတော့ ညည်းညူမိတာပေါ့။ မိန်းမဖြစ်သူက ထွက်ကြည့်တော့ ပုဆိန်မဟုတ်ပဲနဲ့ ပဲကွပ် နဲ့ထင်းပေါက်လို့မရတာကိုပြောပြီး ပုဆိန်နဲ့ ပဲကွပ်မှားဝယ်လာတာဖြစ်ကြောင်းပြောတော့ ယောက်ျားက သူမှားတာကို ဝန်မခံတဲ့အပြင် သူတစ်ပါးကိုတောင် ပြန်ပြီးအပြစ်တင်လိုက်ပါသေးတယ်။ သူပြန်ပြောလိုက်တာက "ငါမှားတာက တစ်ချောင်းတည်းပါ၊ ပန်းပဲသမားမှားထားလိုက်တာကမှ အများကြီးပဲ"တဲ့။
အမှားကိုမြင် အမှန်ကို ပြင်နိုင်တဲ့သူများဖြစ်နိုင်ကြပါစေ။
ပြောစမှတ်ဆန်းပါပေ့
တောဒဟတ် ထန်းတွေက ထင်းခွဲလို့ မကောင်း 😁