အမှောင်ကျသွားတဲ့မြို့
တားမြစ်ထားတဲ့ အသီးကို
မစားမိဖို့
ဂါထာတပုဒ်လို
အခါခါရွတ်ဆိုနေယင်းနဲ့
ဒြပ်မဲ့ရွာလေးထဲက
နတ်သမီးထောင်ချောက်မှာ
အမှတ်တမဲ့ ကျွံယင်း
နံရိုးတချောင်းထပ်ကျိုး
အစိုးမရခဲ့ စိတ်ခန္ဓာနဲ့ ငါ --။
ပြက္ခဒိန် အဟောင်းထဲမှာ
အပွဲပွဲအောင်ခသမျှ
အခုတခေါက်မှ
စာမေးပွဲဝင်မဖြေရဲတဲ့ လူတယောက်
သြော်…
ငါကြောက်တတ်မှန်း
ယင်းနေ့ကမှ သိတယ်--။
ဆုံးဖြတ်ချက် တဖက်တချက်စီမှာ
ငါ နဲ့ ငါ ရန်ဖြစ်လို့
ဂနာမငြိမ်တတ်တဲ့ စိတ်က
အခုမှ ...
အမက်မောဆုံး အပြုံးနဲ့
မပျက်မသုံး ပြုံးနေတဲ့ ပုံရိပ်လေးကို
အိပ်ရေးပျက်ခံ စိုက်ကြည့်နေတတ်ပြီ--။
ဒုတိယအကြိမ်
အသစ်ပြန်မက်လာတဲ့
(၁၆)နှစ်အရွယ် အိပ်မက်က
ဒီတခါ လေးနက်ပြောင်မြောက်လွန်းလို့
ရင်ဖတ်တည်ဆောက်ပုံကို ညွှန်းဖွဲ့ရင်
(၂၁)ရာစု ရာဇဝင်မှာ
ငါသာ စာတင်ကျန်ခဲ့ဖို့ ယုံကြည်မိ--။
ယင်းရင်ဖတ်ထဲမှာ
ပျို့ထုတ်မရတဲ့
ဝေဒနာတစက တစ်ဆို့
ငါ့မြို့တခုလုံး မီးအမှောင်ကျလို့
ညမှာပေးမဲ့ အလင်းနဲ့
အသက်ဆက်ဖို့ လူတယောက်ကို
အစမ်းသုံးတာဖြစ် သုံးကြည့်ပါလား ညလေး--။