မာတာမိခင် ဂုဏ်စွမ်းအင်းများ
ဤကမ္ဘာမြေပေါ်ရှိ သက်ရှိလူသားအားလုံးတို့သည် အမိ၏ ကျေးဇူးနှင့်ကင်းကွာ၍ မရပါ။ လူသားဟူသမျှ အမိဝမ်းတွင်းမှ ဆင်းသက်လာခဲ့ခြင်းကြောင့် အမိ၏ကျေးဇူးတရားသည် မဟာမထဝီမြေထုထက်ပင် များပြားလှသည်ဟု မြတ်ဗုဒ္ဓဘုရားရှင်က ဟောကြားခဲ့သည်။ အမိသည် ကာလရေကြည် သန္ဓေတည်စမှ ဒုက္ခဆင်းရဲမျိုးစုံခံစားခဲ့၍ ကိုးလလွန်မြော ဆယ်လရောက်မှ လူ့လောကသို့ ရောက်ရှိခြင်းကြောင့် အမိ၏ကျေးဇူးတရားသည် အနှိုင်းမဲ့ ကြီးမြတ်လှသည်။ လူ့လောကသို့ အူဝဲ…………အူဝဲ………… အသံစာစာပေး၍ ဟစ်ကြွေးပြီး ရောက်လာကြသော ရင်သွေးကလေးငယ်အား ကြည့်မဝ ရှုမဝသော အကြည့်မျိုးဖြင့် ကြည့်ရှုရင်းက ရင်၌ဖြစ်သော အမှန်စင်စစ် အမိထံမှ ဆင်းသက်လာသော နို့ရည်ဖြူ ဖွေးသည် အမိ၏ထူထပ်သိပ်သည်းသော မေတ္တာတရားကြောင့်ဖြစ်လာရသည်ဟု ပညာရှင်များက ခေတ်အဆက်ဆက်ပြောခဲ့ကြသည်။ လူသားဖြစ်တည်မှု ခန္ဓာကိုယ်ကလာပ်စည်းဆဲလ် ၃၂မျိုးတွင် သွေးသားမှဖြစ်သောနို့ရည်ကြည်ဖြစ်လာရသည်။ နို့ချိုတိုက်ကျွေးပြီး မှတ် ခြင် ယင် အကိုက်မခံရလေအောင် ယုယစွာ မွေးမြူရင်းဖြင့် ခုနကခံစားရသော အာဝေဏိကဒုက္ခများ လွင့်ပျောက်သွားခဲ့ရသည်။ မိခင်အားလုံးတို့သည် ရင်သွေးလိုအင်မှန်သမျှကို အစွမ်းကိုဖြည့်ဆည်းပေးလိုကြသည်။ ရင်သွေးကလေး ငိုညည်းသံကို မကြားရက်ကြပါ။ ရင်သွေးကလေးငယ်တို့သည် အမိ၏ရင်ငွေ့အနွေးဓာတ် ခိုလှုံရုံမျှမပြီး ဆာလောင်မွတ်သိပ်မှု ပြေပျောက်စေရန် ရင်တွင်းဖြစ် နို့ချိုဆိမ့်အေးတိုက်ကျွေးပြီး အသက်ရှင်ကျန်းမာဝဖြိုးစေရေး ကာယပဥာဏစွမ်းစွမ်းတမံ ပြုစုခဲ့ကြပါသည်။ ရင်သွေးက ကလေးငယ်ရက်သာမှ လသားအရွယ်ရောက်လာသည်အထိ အမေ့လက် တေးပုခက်မှ အရောင်စုံ ဒီဇိုင်းစုံ ခေတ်မီပုခက်များပေါ်တွင် မြန်မာ့ရိုးရာ တေးသီချင်းမှားနှင့် အိပ်စက်ပျော်မွေ့ရင်း ကြီးပြင်းရလေသည်။
ရင်သွေးကလေးငယ်သည် အော်ဟစ်ငိုယိုနေသောအခါ မိခင်ဖြစ်သူက
'အို အေ အေ အိပ်ပါတော့ လူလေးရယ်………
'လူကလေးရဲ့ အိပ်ချိန်ပြီ ဝဲတိုင်ကိုမှီ အိပ်ချင်ပြီးကွဲ့ စံပယ်ကုံး လွှဲကြပါအုံး။
လူကလေးရဲ့အိပ်ချိန်တန် ဗျိုင်းရှေ့ကပျံ ပျံလေတဲ့ ကိုရွှေဗျို င်း ညွှတ်တွေက ဝိုင်း။
လူကလေးရဲ့ငို ခိုဖမ်းလို့ပေး ခိုဖြူခိုပြာနက်ကယ် ဖမ်းခက်လှတယ်လေး။
လူကလေးရဲ့ ချော့စရာ မိတ္ထီလာကန်တော်အောက်က ဖားကောက်ခဲ့ပါ ဖားပါရင် တစ်ကောင်းပေးပေါ့ မျက်လုံးရယ်ကြောင်တောင်တောင်နဲ့ ဖားကောင်းက သေး။' ဟူ၍ တေးသီချင်းအသံကြားရမှ နှစ်ခြိုက်စွာ အိပ်စက်မှေးမှိတ်ရရှာသည်။ ကလေးငယ်များအဖို့ မြန်မာ့ရိုးရာ တေးသီချင်းများဖြင့် နားသောတဆင်ရပြီး ကြီးပြင်းရသည်က များလေသည်။
MSU-007