Wars.....
စစ်ပွဲများ..
ဘာအတွက်စစ်တိုက်ကြတာလဲ။ ဘာကြောင့်စစ်တိုက်ကြတာလဲ။
အကျိုးအမြတ်အတွက် စစ်တိုက်ကြတာတော့ မဟုတ်တာသေချာပါတယ်။ရှေးခေတ် စစ်ပွဲတွေမှာတော့ အကျိုးအမြတ်က သမိုင်းထဲမှာ နေရာကျယ်ကျယ် ယူဖို့စစ်တိုက်ခဲ့ကြတာပါ။ စစ်ပွဲတွေမှာ အနိုင်အရှုံးဆိုတာကို တွက်ကြတယ်။ တကယ်တော့ နိုင်သူလည်း ရှုံးရတာပါပဲ။ အနည်းဆုံးတော့ အသက်တွေနဲ့ လူတစ်ချို့ရဲ့မျှော်လင့်ချက်တွေ ဆုံးရှုံးရတာပါပဲ။
ရှုံးသူလည်း ရှုံးရတာပါပဲ။ငွေကြေး စည်းစိမ် သိက္ခာ....
အများဆုံး ဆုံးရှုံးကြရသူတွေကတော့ ပြည်သူတွေပါပဲ။ အသက်ဘေးအတွက် အေးချမ်းမှုတွေကို စွန့်လွှတ်လိုက်ရတယ်။ဘဝမျှော်လင့်ချက်တွေကို အသက်ရှင်ရေးဆိုတဲ့ မျှော်လင့်ချက်ထဲမှာပဲ ထည့်ထားလိုက်ကြရတယ်။ အချိန်တွေအများကြီးကို တုန်လှုပ်ချောက်ချားမှုတွေထဲမှာပဲ ထည့်ထားလိုက်ကြရတယ်။နီးရာဓားကို ကြောက်ကြရင်း ကိုယ့်အသက်ကို ကိုယ်မပိုင်ဆိုင်ကြတော့ဘူး..အရာရာ စိုးရွံ့မှုတွေထဲမှာ ရှင်လျက်နဲ့ သေဆုံးခဲ့ကြရတယ်။
တရားသော စစ်ဆိုတဲ့ စကားလုံးရဲ့နောက်မှာ မတရားသဖြင့် အသက်ပေးလိုက်ရတဲ့ အပြစ်မဲ့ ကလေးငယ်တွေ မဆီမဆိုင် မိုင်းမှန် သေနတ်မှန်လို့ ကိုယ်လက်အင်္ဂါချို့တဲ့သွားကြတဲ့ ပြည်သူတွေ ဘယ်လောက်တောင်များနေကြပြီလဲ။
ကြီးကျယ်မြင့်မြတ်ပြီး အသိဉာဏ်မြင့်မားပါတယ်ဆိုတဲ့ လူတွေမှာပဲ စစ်ပွဲဆိုတာရှိတယ်ထင်ပါရဲ့..။လူတွေက ကောက်ကျစ်ယုတ်မာလှပါတယ်ဆိုတဲ့ မြေခွေးတွေမှာတောင် စစ်ပွဲဆိုတာ မရှိကြဘူး။သူတို့အသက်နဲ့ သူတို့အစာအတွက် သူတို့တွေ တိုက်ပွဲဝင်ရင်တောင် သူတို့ကလေးတွေ မသေကြရဘူး ။
သူတို့မှာ ဂုဏ်သိက္ခာတွေ မျှော်လင့်ချက်တွေမထားတန်လို့လည်း ဖြစ်ကောင်းဖြစ်မှာပေါ့လေ။
လူသားတွေမှာက ဂုဏ်သိက္ခာရှိတယ် သမိုင်းတွေရှိတယ်။အငြိုးအာဃာတတွေနဲ့ ဟန်ဆောင်လှည့်စားမှုတွေကို ထည့်သိုထားတဲ့ ဦးနှောက်တွေရှိတယ်။ ခံစားတတ်တဲ့ နှလုံးသားတွေနဲ့ ကြင်နာသနားတတ်တဲ့ မေတ္တာတရားတွေ ပိုပြီး အားကြီးကြတာကိုး။အဲ့ဒီတော့ ပိုပြီး ရက်စက်ယုတ်မာတတ်ကြတာပေါ့။
စစ်ပွဲတွေကို ကြည့်လိုက်ရင် ရန်သူလို့ ဟိုဖက်ကနေ ဒီဖက်ကို ဒီဖက်ကနေ ဟိုဖက်ကို လက်ညှိုးထိုးပြတတ်ကြတယ်။ သူတို့အချင်းချင်း တစ်ဦးချင်း တစ်ယောက်ချင်းစီမှာ တစ်ယောက်နဲ့တစ်ယောက်တောင် မြင်ဖူးခဲ့ကြလို့လားလို့ မေးဖို့ကောင်းပါတယ်။ ရန်သူဆိုသူတွေက ရန်သူတွေကို တိုက်ကြခိုက်ကြတဲ့အခါ ပြည်သူဆိုသူတွေက ဘာကြောင့် ပိုပြီး ဆုံးရှုံး သွားကြရတာလဲ. ..
မင်းတို့အတွက် ငါတို့အတွက် စစ်ကို တိုက်ရတာပါလို့ ပြောသူတွေရှိကြရင် အနိုင်အရှုံးဆိုတဲ့ ဂုဏ်သိက္ခာနဲ့ အနိုင်မခံမရှုံးမပေးဆိုတဲ့ မာနတွေ ဘာလို့ ထားနေကြတာလဲ။ လူတစ်ဦးတစ်ယောက်ရဲ့ အကျိုးအမြတ်ထက် စစ်ပွဲတွေက လူတွေရဲ့ အတ္တတွေကြောင့် ဖြစ်ကြရတာများပါတယ်လေ..။
စစ်ပွဲကို ဖန်တီးပြီး သမိုင်းကို ရေးခဲ့ကြတဲ့ နပိုလီယံတို့ အလက်ဇန္ဒြားဒီဂရိတ်တို့ ဟစ်တလာတို့ရှိမယ်။ သမိုင်းကြီးကြီးတွေနဲ့ လူအဆက်ဆက် ခေတ်အဆက်ဆက်မှာ လူတွေရဲ့ သူတို့အပေါ်ထားတဲ့အမြင်တွေကို ခံစားသိရှိနိုင်ကြပါတယ်။ပြီးတော့ သမိုင်းအဆက်ဆက်ကို အဲ့ဒီပုဂ္ဂိုလ်တွေကို ဖန်တီးခဲ့ကြတဲ့ မာသာထရီဇာတို့ ဟင်နရီဒူးနန့်တို့ လီနင်တို့ ဂျော့ရှ်ဝါရှင်တန်တို့ အိုင်းစတိုင်းတို့ သောမတ်အက်ဒီဆင်တို့ ဂရေဟမ်ဘဲလ်တို့လည်း သမိုင်းအတွင်ခံရသူတွေပါပဲ။ ဒါပေမဲ့ သူတို့ကြောင့် သွေးတစ်စက်မြေမခခဲ့ကြရဘူးလေ..။ဒါပေမဲ့ သမိုင်းတော့ တွင်တာပါပဲ။
ငါတို့က စစ်ပွဲတွေနဲ့အဝေးမှာပါလို့ ပြောနေကြပါစေ။ စစ်ပွဲရဲ့ စိတ်မချမ်းမြေ့မှုတွေဟာ လူသားအားလုံးဆီကို ရိုက်ခက်လွှမ်းခြုံနိုင်ပါတယ်။စစ်ကြောင့် စိတ်ချမ်းသာပါတယ်ဆိုသူဟာ ဒီကမ္ဘာမှာ ဘယ်တုန်းကမှ မရှိခဲ့သလို ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။
ကျွန်မကို စစ်ကို ဘယ်လိုမြင်သလဲလို့မေးခဲ့ရင်
နောင်တစ်ချိန် သမိုင်းမှာ စာမျက်နှာတွေတိုးစေဖို့
စစ်ဗိုလ်ကြီးတွေရဲ့ ပခုံးထက်မှာ အပွင့်ကြီးတွေ ဖြစ်စေဖို့(အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုထဲမှ ကဗျာဆရာမတစ်ယောက်၏ ကဗျာစာသား)
သားပျောက်မိခင်တွေနဲ့ မိခင်ပျောက်သားတွေ ပိုများလာစေဖို့
ချစ်သူချင်းကွေကွင်းကြစေဖို့
သေကွဲရှင်ကွဲခံစားမှုတွေကို ခံစားတတ်ကြစေဖို့
မျှော်လင့်ချက်တွေ သေဆုံးနေတဲ့ ဘဝတွေ ပိုင်ဆိုင်ကြစေဖို့
အပြစ်မဲ့ကလေးငယ်တွေရဲ့ အနာဂတ်တွေ ပဲ့ကြွေကြစေဖို့
စစ်ကို တိုက်ြကရတယ် စစ်ပွဲတွေ ဖြစ်ကြရတယ်လို့ ဖြေလိုက်မိမယ် ထင်ပါရဲ့...
(စစ်ရဲ့ပရိယာယ်သဘောတရားတွေကို မသိ နားမလည်ခြင်းတွေထဲကနေ စစ်ပွဲတွေအပေါ်ထားရှိမိတဲ့ ကျွန်မရဲ့ စိတ်ခံစားမှု သက်သက်သာ ဖြစ်ပါတယ်။)
I'm ATM.
@ayethatmon
MSU 021
Photo credit by google image.
သမီးအေးသက်မွန်
တော်လိုက်တာကွယ်..ဒီလိုအတွေးအမြင်တွေ..အသိတရားတွေ..တို့နိုင်ငံကလူငယ်တွေအားလုံးမှာရှိစေခြင်တယ်။
လူကြီးတွေတော့..မပြောခြင်တော့ဘူး။ခေါက်ရိုးကျိုးနေသောပိုးပုဆိုးကြီးများဆိုတော့..ပရုတ်လုံးနံ့..နံတဲ့အပြင်
ဒယ်အိုးသွားမဲ့လမ်းမှာ..လွှမ်းပေးရမဲ့..ဝတ်စုံဖြစ်နေလို့။
ကျေးဇူးအထူးတင်လှပါတယ်ရှင့်...
ကျမအတွက်က ဘယ်လိုအကြောင်းပြချက်နဲ့ပဲလာလာ စစ်ပွဲဆိုတာ ရွံ့မုန်းစရာ ဖြစ်နေတာမို့ပါ