Home (Chapter 3)
လက်ရှိ အချိန်မှာ အမုန်းဆုံးနှင့် အပျင်းဆုံး အလုပ်ဟု မေးက အိမ်ပြောင်းခြင်းဟု ကျနော် မဆိုင်းမတွ ဖြေမိမည်ထင်၏။ တကယ်လည်း ပင်ပန်းသည်ကိုး။ အိမ်ပြောင်းရတာကို ပျော်သည့်သူ ကျနော့်အား ပြပါ။ တချို့တွေ ပျော်တယ်ဆိုပေမယ့် ပြောင်းရသည် ဆိုသည့် အတွေး အသိ ခံစားမှုကြောင့်သာ ဖြစ်၏။ တကယ်တမ်း ပြောင်းရ ရွှေ့ရသည့် ကိစ္စများကို လုပ်ဆောင်ရပါက ထိုအပျော်တို့ ပျောက်ကွယ်သွားမည် ထင်၏။ အပျော်အစား အမောများ ဝင်လာမည် ထင်၏။
လက်ရှိ ကျနော့် အဖြစ်ကလည်း ထိုနည်းအတိုင်းပင်။ အိမ်ပြောင်းရလို့လည်း မပျော်သည့် အပြင် ကိုယ်တိုင် လုပ်ပါဝင် လုပ်ဆောင်ရသဖြင့် မောကလည်း မောသေး၏။ ပင်ပန်းတာကလည်း ပြောမနေနှင့်တော့။ တကယ်မောရ၏။ ထို ခံစားချက်၊ ထိုပင်ပန်းမှုကို အိမ်ပြောင်းဖူးသူတိုင်း သိနားလည် မည်ထင်၏။ စနေနေ့ မတိုင်ခင်ကတည်းက လုပ်လာ လိုက်ရတာ အင်္ဂါနေ့ ရောက်သည်အထိ မပြီးသေးပေ။ ပစ္စည်း အကုန်လုံး နီးပါး အိမ်သစ်သို့ ပြောင်းရွှေ့ပြီးသွားပေမယ့် နေရာ မချထားရသေးပေ။
သူ့နေရာနှင့်သူ အစီအစဉ် တကျ ဖြစ်ဖို့ကတော့ အတော်လေး အချိန် ယူရပေလိမ့်ဦးမည်။ သိမ်းရ ဆည်းရတုန်းက မောရသလို၊ နေရာ ပြန်ချထားရေးမှာလည်း မောရပေလိမ့်ဦးမည်။ သိမ်းဆည်းတုန်းက အမပါ ပါဝင် ကူညီပေမယ့် ပြန်လည် နေရာ ချထားရေးမှာတော့ ကျနော် တယောက်ထဲ ဖြစ်မည် ထင်၏။ အမက လွိုင်ကော် သွားရဦးမည် မဟုတ်လား။ ဟိုကို (၈) ရက်နေ့ အရောက်လာမည် ပြောထားပြီး ဖြစ်၏။ ဒီရက်ပိုင်းအတွင်း သူ လုပ်ပေးနိုင်သလောက် နေရာချထားပေးမည် ဆိုပေမယ့် အကုန်လုံး သူ့နေရာနှင့်သူ အစီအစဉ် တကျ ဖြစ်ဖို့ကတော့ အချိန် ယူရပေလိမ့်ဦးမည်။
ဒါတောင် တကယ်တမ်း ပြောရလျှင် ကျနော်တို့် အိမ်က ပစ္စည်း သိပ်မများလှပေ။ (၁၀) နှစ်ကျော်လောက် နေခဲ့လို့သာ အတို အထွာတွေ များသွားရခြင်း ဖြစ်၏။ ဟိုနည်းနည်း ဒီနည်းနည်း လိုက်သိမ်းရတာတွေက ပိုမော၏။ ပြီး သေးသေး သေးသေးတွေကို ဘယ်နားထားပြီး ဘယ်နား သိမ်းရမှန်းကို မသိပေ။ အတော်လေး ဂွကျ၏။ အသားမကျသေးခင်တော့ အတော်လေး ပင်းပန်းရ ခေါင်းရှုပ်ရပေလိမ့်ဦးမည်။ ခုရက်ပိုင်း နေ့လည် နေ့ခင်းလည်း ပိုစ့်မရေးနိုင်ပေ။ အိမ်ပြောင်းဖို့ လုပ်နေရသည်ကိုး။
ညဘက်မှ မအိပ်ခင် အချိန်လုပြီး ရေးနေရ၏။ ဒါတောင် လူက ငိုက်ချင်ချင်ရယ်။ စာရေးရင်း အိပ်ချင်လာသည့် စိတ်ကို မနည်းကောင်း အားတင်းထားရ၏။ ဂိမ်းလည်း မဆော့နိုင်ပေ။ ပစ္စည်းတွေ အားလုံး နီးပါး ရွှေ့ပြီး ဖြစ်သဖြင့် နည်းနည်းတော့ သက်သာ လာမည် ထင်၏။ အလုံးစုံ မပြီးသရွေ့တော့ ပင်ပန်းရ ခေါင်းရှုပ်ရပေလိမ့်ဦးမည်။
ဆက်ပါဦးမည်
Don Jaun
MSC 31
အိမ်ပြောင်း ပင်ပမ်းဆို တစ်ဝင်းထဲ အခန်းပြောင်းရတာတောင် လူပမ်း ငွေကုန်သဗျ
ဟုတ်ပ