ချစ်နာလန်ထသူများ
ချစ်နာလန်ထသူများ
လေ့ကျင့်ခန်းစာအုပ်တွေ စစ်နေသည့် ကျွန်တော့်ကို “ဆရာ” ဟု ခေါ်သံကြားသဖြင့် ခေါင်းမော့ကြည့်လိုက် မိသည်။
“အို … ကိုချစ်ပို ဘယ်လိုဖြစ်လာတာလဲ”
မျက်မှန်တပ်လေ့ရှိသူများ မျက်မှန်မတပ်ထားလျှင် ကြည့်ရသည်မှာ တစ်မျိုးကြီးဖြစ်သည်။ ကိုချစ်ပိုက မျက်မှန် အမြဲတပ်သည်။ ယခု မျက်မှန် မပါဘဲ ကျွန်တော့်ရှေ့မှာ ယို့ယို့လေးရပ်နေသည်။ နောက်ပြီးတော့ ခေါင်းမှာလည်း ပတ်တီးကြီးနှင့်ဖြစ်သည်။ ကျွန်တော်က ထပ်မေးသည်
“ဆရာ ထိုင်လေ။ ဘာဖြစ်လာတာလဲ”
“ကျွန်တော် ခွင့်တိုင်ချင်လို့”
“ယူလေ … ဘာကိစ္စလဲ”
“မျက်မှန် သွားလုပ်မလို့”
“ခင်ဗျား မျက်မှန်က ဘယ်ရောက်သွားလို့လဲ”
ဤသို့ဖြင့် မျက်မှန်မပါသည့် ဇာတ်ကြောင်းအပြင်၊ ခေါင်းကွဲခဲ့ရသော ဇာတ်လမ်းပါ မှတ်တမ်းတင်စရာ ဖြစ်ခဲ့ ရသည်။
“ဒီလိုဆရာရဲ့”
ကျောင်းက မောမောနှင့် ပြန်လာသော ကိုချစ်ပိုတစ်ယောက် သတင်းစာဖတ်နေစဉ် မခင်မိက အိမ်ပေါ်ကို ခြေဆောင့်ပြီး တက်လာသည်။ ကိုချစ်ပိုက မျက်လုံးလေးတစ်ချက် လှန်ကြည့်လိုက်ပြီး သတင်းစာ ဆက်ဖတ်နေ သည်။ အိမ်နောက်ဘက်တွင် ဗြောင်းဆန်နေသည်။ အိုးတွေ ခွက်တွေကို ပစ်ချသလား၊ လွတ်ကျသလားမသိ
“ဂလုံး … ဂလွမ်း … ခွမ်း”
ကိုချစ်ပို စာဆက်ဖတ်နေသည်။ ခဏကြာတော့ မခင်မိက ကိုချစ်ပိုရှေ့လာရပ်ပြီး
“တော့ … ကိုချစ်ပို”
“ဘာလဲကွာ”
“ကျွန်မ ဘာဖြစ်လာသလဲ ရှင် သိသလား”
“မင်း ဘာသာမင်း အပြင်မှာ ဘာဖြစ်လာသလဲ … ငါဘယ်သိမလဲကွာ”
“ရှင့်မှာ မိန်းမက တစ်ခုခုဖြစ်နေတယ်ဆိုတာ သိချင်စိတ်မရှိတော့ဘူးလား”
“နေဦး … ရန်ဖြစ်လာတာလား”
“မဟုတ်ဘူး”
“ဒါဆိုရင်လည်း ဘာဖြစ်လို့လဲ”
“တော်သေးတာပေါ့ … မေးဖော်ရလို့”
“အေးလေ … မေးရတော့တာပေါ့”
“ဆိုင်က ဆန်အကြွေးမရောင်းဘူးရှင့် အဲဒါဘယ်လို လုပ်မလဲ။ ကောင်မက လူပါးဝလို့။ ကျောင်းဆရာကို ယူထားတာကိုးတဲ့ … အဲဒါ ရှင့်ကြောင့် အပြောခံရတာ”
“ငါနဲ့ ဘာဆိုင်သလဲကွာ”
“ရှင့်ကို ပိုက်ဆံ ရှာခိုင်းတယ်လေ … ခု ပိုက်ဆံမပါလာတော့ ဆန်အကြွေးသွားယူတာ အပြောခံရပြီပေါ့”
“ကဲပါကွာ … ငါပဲ သွားယူပါ့မယ် … နေပါ”
“အင်းလေ … ရှင့်ကောင်မက ရှင့်ကို တွေ့ချင်နေလို့လားမှမသိတာ။ ရှင်ကလည်း သွားချင်ချင်”
“အပိုတွေ မပြောပါနဲ့ကွာ … ဆန်ရလာရင် ပြီးရောပေါ့”
ကိုချစ်ပိုက ထွက်သွားသည်။ မကြာမီ ဆန်ထုပ်လေးတစ်ထုပ်နှင့် ပြန်လာသည်။
“ကဲ ရော့ … ဒီမှာ ဆန်ရလာပြီ မဟုတ်လား။ ချက်တော့။ ထမင်းဆာနေပြီ”
“ရှင်ဟာလေ စားဖို့ပဲသိတယ်။ ထမင်းက ဒီအတိုင်း စားလို့မရဘူး။ ဘယ်မှာလဲဟင်း”
“မင်းအဲဒီလို ပြောမယ်ဆိုတာ သိတယ်။ ဒါကြောင့် ဘဲဥနှစ်လုံးပါ အကြွေးယူလာတယ်။ ရော့ ဒီမှာ”
ကိုချစ်ပိုက ခါးပုံစထဲ ထည့်လာသည့် ဘဲဥနှစ်လုံးကို ထုတ်ပေးလိုက်သည်။
“ရှင့် ကောင်မကို မွှေးမွှေးရော ပေးခဲ့ရသေးလား”
“မင်းကွာ … ကလေးကလားစကားတွေ မပြောပါနဲ့။ ငါးပိရည်ကောင်းကောင်းလေးဖျော်ထား”
ကိုချစ်ပိုက စာအုပ်စင်မှ စာအုပ်တစ်အုပ်ကို ဆွဲပြီး ပက်လက်ကုလားထိုင်တွင် သွားထိုင်ဖတ်နေပြန်သည်။ စာအုပ်ဖတ်ကောင်းနေစဉ်
“ကိုချစ်ပို ရေချိုးတော့ … ထမင်းစားမယ်”
စာထဲတွင် စိတ်ဝင်စားနေသဖြင့် ကိုချစ်ပိုက မကြား။ မခင်မိက အိုးတွေ ခွက်တွေကို ထုပြန်သည်။ ကိုချစ်ပိုက စာဆက်ဖတ်နေသည်။
“ထမင်းစားမယ်”
“အေး”
အေး နောက်တွင် လူကမထ။ ၁၅ မိနစ်လောက်ထပ်ကြာသည်။ ကိုချစ်ပိုရောက်မလာ။
“ကိုချစ်ပို”
“ထမင်းစားဖို့ခေါ်နေတယ်လေ”
“အေး … ခဏလေး … ခဏလေး”
ကိုချစ်ပိုမထနိုင်။ စာကကောင်းခန်းရောက်နေသည်။ မခင်မိက မီးဖိုခန်းထဲက ဝုန်းဒိုင်းကျဲပြီး ထွက်လာသည်။ တစ်အိမ်လုံး သိမ့်သိမ့်ခါသွားသည်။
ကိုချစ်ပိုရှေ့တွင် မျက်လုံးတွေ မီးဝင်းဝင်းတောက်နေသည့် မခင်မိက
“ကိုချစ်ပို”
“ဟေ”
“ထမင်းစားမယ်လေ”
“အေး … လာခဲ့မယ်”
ကိုချစ်ပိုကမထ။ စာဆက်ဖတ်နေသည်။ မခင်မိ၏ဒေါသတွေ အဆုံးစွန်ကို ဆောင့်တက်သွားသည်
“ကိုချစ်ပို”
ကိုချစ်ပိုက လက်ကာပြသည်။ စာဆက်ဖတ်သည်။ မခင်မိက ကိုချစ်ပို မျက်မှန်ကို ဆောင့်ဆွဲယူလိုက်ပြီး ကြမ်းပြင်ပေါ် ပေါက်ခွဲသည်။ ပြီးတော့ အိမ်နောက်ဖေးကို ဝင်သွားသည်။ ငရုတ်ကျည်ပွေ့ယူလာပြီး မျက်မှန်ကို ထုထောင်းလိုက်သည်။
“ကဲ … မှတ်ပြီလား … မှတ်ပြီလား … မှတ်ထား … မှတ်ထား”
ကိုချစ်ပို ဝုန်းခနဲ မတ်တတ်ရပ်လိုက်သည်။
“မင်းကွာ … မင်းကွာ … ငါ့ကို ထုလိုက်တာ ခံနိုင်သေးတယ်။ ခုတော့ ငါ့မျက်မှန် … ငါ့မျက်မှန် … သွားပါပြီ … သွားပါပြီ”
ကိုချစ်ပို အိမ်အောက်ဆင်းသွားသည်။ ခြံထဲတွင် သွားထိုင်နေသည်။ မှောင်လာပြီ။ မခင်မိက အိမ်ပေါ်တွင် မီးမဖွင့်။ ရှိုက်သံတွေ ကြားနေရသည်။ အတော်ကြာတော့မှ
“ကိုချစ်ပို ထမင်းစားမယ်”
“မစားဘူး”
“ထမင်းစားမယ်လို့ ပြောနေတယ်နော်”
“မစားဘူး။ မင်းဘာသာစား”
“ရှင် စိတ်ဆိုးနေတာလား”
“ဟုတ်တယ်”
“ရှင် တက်မလာရင် ထမင်းတွေကို ခွေးကျွေးပစ်မယ်”
“သဘောပဲ”
ကိုချစ်ပို ရပ်ကွက်ထဲ ထွက်သွားသည်။ သူအတော်လေး စိတ်ဆိုးသည်။ ဘာမှလည်း သဲသဲကွဲကွဲ မမြင်ရ။ သူက မျက်မှန်အားကိုးနေရသူဖြစ်သောကြောင့် လမ်းပင်ကောင်းကောင်း မလျှောက်တတ်တော့။ လမ်းမပေါ် ထွက်လျှင် ကားတိုက်၊ စက်ဘီးအတိုက်ခံရမည်စိုးသောကြောင့် အိမ်ပြန်လာသည်။ ပက်လက် ကုလားထိုင်တွင် ထိုင်နေသည်။ စာလည်း ဖတ်လို့မရတော့။
ညဥ့်နက်လာပြီ။ အိမ်ခန်းထဲက ခေါ်သည်
“ကိုချစ်ပို … အိပ်မယ်”
သူက တစ်ခွန်းမှ ပြန်မပြော။ စိတ်ဆိုးလွန်းသဖြင့် ဒီအတိုင်းထိုင်နေမိသည်။
“ကိုချစ်ပို … လာအိပ်”
ကိုချစ်ပိုက မလှုပ်၊ ငုတ်တုတ်ဆက်ထိုင်နေသည်။
ညဥ့်နက်လာပြီ။ မအိပ်၍လည်းမဖြစ်။ အိပ်ချင်နေသောကြောင့် အိမ်ခန်းထဲဝင်လာပြီး ကုတင်စွန်းတွင် သူ့ဘက်မလှည့်ဘဲ ကွေးကွေးလေး ဝင်အိပ်လိုက်သည်။
“ကိုချစ်ပို”
“ကိုချစ်ပို”
“ဘာလဲ”
“စိတ်ဆိုးလား”
“စိတ်ဆိုးတယ်”
“အဲဒါဆိုရင် … ရှင်ဘာလုပ်မလဲ … ကျွန်မကို သတ်မလား”
“မသတ်ဘူး”
“ရှင်မသတ်ရင် ကျွန်မကိုယ်ကျွန်မ လုပ်မယ်”
မခင်မိက ကုတင်တိုင်နှင့် သူ့ခေါင်းကို တိုက်သည်။
“မင်းသောက်ရူးထမနေနဲ့ အိပ်ချင်နေပြီ”
“ကိုချစ်ပို”
“ဘာလဲ”
“ကျွန်မဘက်လှည့်”
“မလှည့်ဘူး”
“ဒီမှာ ကျွန်မကိုကြည့်”
“မကြည့်ဘူး”
“ကြည့်လို့ပြောနေတယ်လေ”
“ငါ့မှာ မျက်မှန်မရှိဘူး”
“မျက်မှန်ရှိစရာမလိုဘူး”
“လို လို … မလိုလို … မကြည့်ဘူး”
“ရှင်ကြည့်မလား … မကြည့်ဘူးလား”
“ငါ့မှာ မျက်မှန်မရှိဘူး”
“မျက်မှန် မလိုဘူးလို့ပြောနေတယ်နော်”
“မကြည့်ဘူး”
“ဝုန်း”
“အောင်မယ်လေး … သေပါပြီ”
ကျွန်တော် ကိုချစ်ပိုပြောသည့်အတိုင်း ပြန်ရေးပြခြင်းဖြစ်သည်။ မခင်မိက ကိုချစ်ပိုကို ကုတင်ပေါ်က ကန်ချ သည်။ ကုတင်အောက်ပြုတ်ကျပြီး ကုတင်တိုင်နှင့် ခေါင်းဆောင့်ကာ ခေါင်းကွဲသည်။
ကျွန်တော်က သူ့ကို
“အင်း … ခင်ဗျားတို့ အချစ်စမ်းတာကလည်း တစ်မျိုးကြီးပဲ”
“အင်းလေ … အဲဒီအရသာ ဆရာသိနိုင်မှာ မဟုတ်ဘူး”
“မသိချင်ပါဘူးဗျာ … ထိပ်ပေါက်ခေါင်းကွဲ”
“အဲဒါလေးကိုက ချစ်စရာဗျ”
ကျွန်တော်ဘာမှ မပြောတော့ပါ။
တင်ညွန့်
photo : facebook