ကျီးအာသီး
ကျီးအာသီး
ဥမ္မာ့အကြောင်း ပြောရင် သိန်းဝင်းကို သတိရတယ်။ ဆရာဆိုတာ လူဆိုးလေးတွေ လူညံ့လေးတွေကို လူတော်တွေထက် ပိုပြီးတော့ အမှတ်ရ၊ ပိုပြီးတော့ ချစ်တတ်ကြတယ်။
သိန်းဝင်းက အရမ်းဆိုးတယ်။ သူဘာကြောင့် ဆိုးသလဲဆိုတာကို ကျွန်တော်က ဇာစ်မြစ်လိုက်တယ်။
“ဟေ့ … မောင်သိန်းဝင်း … ကျောင်းလွှတ်ရင် မင်းအိမ်ကို ငါလိုက်ချင်တယ်”
“ဘာလုပ်လို့လဲဆရာ”
“မင်း အဖေနဲ့ တွေ့မလို့”
“အဖေ ရှိမှာ မဟုတ်ဘူး”
“အဖေမရှိရင် အမေနဲ့တွေ့မယ်ကွာ”
“ဆရာကြီး … သား စာမရလို့လား။ သားနောက်ဆိုရင် ကြိုးစားပါ့မယ်။ အိမ်တော့ မလိုက်ပါနဲ့။ အဖေက ရိုက်လိမ့်မယ်”
“နေပါဦးကွ … မင်းအဖေက အိမ်ကို ဆရာလိုက်ရင် ရိုက်တတ်သလား”
“အဲလိုတော့ မဟုတ်ဘူး။ ဆရာက သားကို အဖေနဲ့ လာတိုင်မှာ မဟုတ်လား”
“အလိုကွာ … မင်းအိမ်လာတိုင်း မင်း အဖေကို တိုင်စရာလား။ အလှူလိုက်ခံမလို့”
ဒီလိုနဲ့ ကျွန်တော် ရထားလမ်း တစ်ဖက်ခြမ်းက အလွန်စုတ်ပြတ်တဲ့ ကျူးကျော်ရပ်ကွက်ထဲကို ရောက်ခဲ့တယ်။ အိမ်လေးတွေက ဝါး၊ ထရံ၊ တောင်ထန်း၊ ဂုန်နီအိတ်ကာတွေချည်း။ ဒါပေမဲ့ သိန်းဝင်းတို့ တစ်အိမ်ပဲ ခြေတံရှည်၊ သစ်သားအိမ်၊ သွပ်မိုးနဲ့ဖြစ်နေတယ်။ ကျောင်းက ဆရာကြီးက ကျွန်တော့်ကို ပြောပြီးသား။ သိန်းဝင်းတို့ မိဘတွေက အခြေအနေကောင်းတယ်တဲ့။ ဒါကြောင့် ကျောင်းအတွက် လိုအပ်နေတဲ့ သောက်ရေကန် အုတ်ကန်လေးဆောက်ဖို့ အလှူလာခံတာ။
“အမေရေ … ဆရာပါလာတယ်”
တပည့် မောင်သိန်းဝင်းက အိမ်ပေါ်ကို ပြေးတက်သွားတယ်။ ကျွန်တော်က အိမ်အုတ်ခုံလှေကားမှာ ရပ်ပြီးတော့ ကျန်ခဲ့တယ်။ ခဏနေတော့ အမျိုးသမီးတစ်ယောက် ထဘီရင်ရှားနဲ့ ဆင်းလာတယ်
“သြော် ဆရာ … ဘာကိစ္စလဲရှင့် … အပေါ်ကို တက်ပါဦး”
ကျွန်တော်က အိမ်ပေါ်ကို တက်သင့် မတက်သင့် စဉ်းစားနေတုန်း မောင်သိန်းဝင်းက ဆင်းလာပြီး
“လာပါ ဆရာ … အိမ်ပေါ်ကို တက်ပါဦး” တဲ့
ကျွန်တော်က အိမ်ပေါ်ကို လိုက်တက်လာမိတယ်။ အိမ်က ဆောက်ထားတာ မကြာသေးဘူး။ အိမ်ပေါ်မှာ ကောင်မလေး သုံးယောက်ကို တွေ့လိုက်ရတယ်။ ၂၀ ဝန်းကျင်လေးတွေ။ ကျွန်တော်က မောင်သိန်းဝင်း အမေကို
“ကျွန်တော်တို့ ကျောင်းမှာ ကျောင်းသောက်ရေအတွက် အုတ်ကန်လေးတစ်ခုဆောက်နေပါတယ်။ အဲဒါ အလှူလာခံတာပါ”
“သြော် … ဟုတ်ကဲ့ ဆရာ … ကျွန်မ ၁၀၀၀ လှူပါ့မယ်။ သား အဖေများ ရောက်လာရင် ပြောကြည့်ပါ့မယ်။ ထပ်လှူ ပါဦးမယ်။ သားက ဆရာ့အကြောင်း ပြောပါတယ်။ ဆရာက သားတို့ကို ဒီနှစ် စာမေးပွဲအောင်ဖို့ လုပ်နေတယ် ဆိုတာ။ ဆရာ ရိုက်စရာရှိရင် ရိုက်နော်။ မညှာနဲ့။ ကျွန်မတို့က သားကို ပညာတတ်ကြီး ဖြစ်စေချင်တာရှင့်”
“အင်း … ရိုက်တိုင်း ပညာတတ်မဖြစ်ပါဘူး။ ဒါပေမဲ့ ဒီကောင် အရမ်းကြိုးစားတယ်။ ရန်လည်း သိပ်မဖြစ်တော့ဘူး”
“ဟုတ်တယ်ဆရာ … ခါတိုင်းဆို အိမ်ပြန်လာရင် မျက်နှာက ဖူးရောင်နေတာပဲ။ သူ့အဖေက သူ့သား ခံလာရမှန်း သိရင် ပိုရိုက်တယ်”
“ခင်ဗျား အမျိုးသား ဘယ်သွားလို့လဲ”
“ဟိုး ချောင်းထဲမှာ နွားသွားပေါ်နေတယ်”
ကျွန်တော် အလှူခံပြီးတော့ ပြန်ခဲ့တယ်။ ကျွန်တော် ရပ်ကွက်ထဲရောက်တော့ လူတွေက ကျွန်တော့်ကို ပြုံးစိစိနဲ့ ကြည့်နေကြတယ်။ ဘာလဲဟပေါ့။ ကျွန်တော်က ကျောင်းဘက်ကို ပြန်ရောက်တော့ စက်ဘီးလေးကိုယူ အိမ်ပြန်ဖို့ လုပ်တယ်။
ဆရာမ ဒေါ်ခင်တင့်က ကျောင်းပေါ်ကဆင်းလာပြီးတော့
“ဆရာ ဘယ်က ပြန်လာတာလဲ။ ကျွန်မ ကျောင်းတံခါးပိတ်ဖို့ ဆရာ့စက်ဘီးတွေ့တာနဲ့ ဆရာမပြန်သေးဘူးဆိုပြီး စောင့်နေတာ”
“ကျွန်တော် သိန်းဝင်းတို့အိမ်မှာ အလှူသွားခံတာ”
“ဘယ် သိန်းဝင်းလဲဆရာ”
“ကျွန်တော့်အတန်းကလေ”
“ဟာ … ဟို ဝက်ရွှေထွန်းသားလား”
“သိဘူးဗျ … သံလမ်း ဟိုဘက်က တဲစုထဲကပဲ။ သူတို့တစ်အိမ်ပဲ အိမ်ကောင်းရှိတာ”
“အလိုရှင် … အဲဒီအိမ်ပေါ် ဆရာတက်ခဲ့တယ်”
“တက်ခဲ့တာပေါ့ဗျ။ အလှူခံပဲဟာ။ စကားတက်ပြောရတာပေါ့”
“အိမ်ပေါ်မှာ ဘာတွေတွေ့ခဲ့သလဲဆရာ”
“အင်း ကောင်မလေးတွေတော့ တွေ့ခဲ့တယ်”
“ဆရာ … နောက် အဲဒီ အိမ်ကို မသွားနဲ့”
“ဘာဖြစ်လို့လဲဗျ”
“ဆရာတော့ ခက်တယ်နော် … ဘယ်လိုပြောရပါ့ … ဟင်း … ဆရာ”
“ဘာလဲဗျာ”
“အဲဒါ မကောင်းတဲ့အိမ်ရှင့်”
“ဟာ ဆရာမကလည်း ခက်တော့နေပြီ … အိမ်က အသစ်ကြီး ကောင်းပါတယ်”
“ရှင်တော့ ခက်တယ်နော် … ဘာမှကို အရိပ်သုံးပါး နားမလည်ဘူး။ ကဲ … မပြောမပြီး ပြောရတော့မှာ … အဲဒါ ဖာအိမ်ရှင့် … ဖာအိမ်။ ရပ်ကွက်ထဲ နာမည်ကြီး ဖာအိမ် … သိပြီလား”
“ဟာ … ဒါကြောင့် ကျွန်တော်ထွက်လာတော့ လူတွေ ဝိုင်းကြည့်နေတာပဲ။ ဟာဗျာ … ခက်ပြီ။ ဘာဖြစ်ဖြစ်ဗျာ ကျွန်တော့်တပည့်ဆီသွားတာပဲ ကျွန်တော် လိပ်ပြာသန့်ပါတယ်”
“ဆရာ သတိထား … အဲဒီ သိန်းဝင်းအဖေက ဝက်ရွှေထွန်းတဲ့။ ဝက်ပေါ်၊ အမဲပေါ်။ ဒီရပ်ကွက်မှာ လူမိုက်။ သိန်းဝင်းအမေကလည်း ဖာ။ ဖာကို ယူထားပြီး အိမ်မှာ ဖာထောင်နေတာ”
“အလို ဆရာမရယ် … မပြောရဲပေလို့ပဲ … ပြောလိုက်တော့လည်း ပက်ပက်စက်စက်။ ဘာဖြစ်ဖြစ်ဗျာ။ ကျွန်တော့် တပည့်ကတော့ လိမ်မာပါတယ်။ ဒါပေမဲ့ နောက်ဆိုရင်တော့ အဲဒီအိမ် မသွားရဲတော့ဘူးဗျာ”
photo : google