ဆရာကြီးများ
ဆရာကြီးများ
မြို့ထဲက ပန်းဆိုးတန်း တံတားအဆင်း လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့အဖြတ်
“ကိုတင်ညွန့် … လာပါဦးဗျ … မတွေ့တာကြာပြီ”
လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲက ထွက်ခေါ်တာ။ ကျွန်တော် ရန်ကုန်ရောက်စက ခင်မင်ခဲ့ရတဲ့ သူတစ်ဦးပါ။ ကျွန်တော်က
“လက်ဖက်ရည် ဖြတ်ထားတယ်ဗျ။ မသောက်တော့ဘူး”
“ခဏပါဗျာ … လာပါဦး … ဟိုမှာ ဆရာ … လည်းရောက်နေတယ်”
ခက်တော့နေပြီ။ အဲဒီ စာရေးဆရာဆိုတဲ့ သူတွေနဲ့ ပိုပြီးတော့ မထိုင်ချင်သေး
အားနာနာနဲ့ ခေတ္တဆိုပြီးတော့ လက်ဖက်ရည်ဆိုင်ထဲဝင်ထိုင်လိုက်တယ်။ သူတို့ ဆရာဆိုတဲ့ သူနဲ့ မိတ်ဆက် ပေးတယ်
“ဆရာ … ဒါ စာရေးဆရာ တင်ညွန့်”
“ဟာ … မဟုတ်ဘူး … ကျောင်းဆရာ … အငြိမ်းစား ကျောင်းဆရာပါ”
“ခင်ဗျားကလည်းဗျာ စာတွေရေးနေပြီးတော့”
“စာရေးတာ ဝါသနာပါလို့ရေးတာ။ စာရေးဆရာမဟုတ်ပါဘူး”
သူတို့ပြောတဲ့ ဆရာဆိုသူက ကျွန်တော့်ကို ကြည့်ပြီးတော့
“ဘာစာတွေ ရေးသလဲ” တဲ့
ကျွန်တော်က ထို ဆရာကို
“အလကားပါခင်ဗျာ။ Facebook ပေါ်မှာ လျှောက်ရေးတာပါ”
“အင်း … ခင်ဗျားတို့ပြောတဲ့ ဖေ့စဘွတ်ဆိုတာ တစ်ခါမှ မကြည့်တော့ ခင်ဗျားကို မသိဘူးပေါ့”
“ဟုတ်ကဲ့ … ကျွန်တော် လူသိအောင် ရေးတာလည်း မဟုတ်ပါဘူး။ လက်ရည်စမ်းနေတာပါခင်ဗျာ”
ဆရာကြီးက ရေနွေးကြမ်းတစ်ခွက်သောက်၊ ပလုတ်ကျင်းပြီး ဘေးနားကို “ဖွီ” ဆိုပြီး ထွေးထည့်လိုက်တယ်။ ပြီးတော့
“ကမ္ဘာမှာ …”
သူအစချီလိုက်တာက ကမ္ဘာ … နိုင်ငံရေးတွေ ပါလာပြီ။ Non-Stop
ကျွန်တော်က မတ်တတ်ရပ်လိုက်ပြီး
“ဆောရီးဗျာ … ဆရာတို့ ပြောနေတဲ့ နိုင်ငံရေးတွေ ကျွန်တော် နားလည်းမလည် … သိလည်း မသိပါဘူး။ သွားခွင့်ပြုပါ”
ဆရာကြီး ဆိုသူက
“အိမ်း … စာလေးဘာလေးလည်း ဖတ်ကွယ့်။ အဲဒီ ဖေ့စဘွတ်ဆိုတာမှာ မသာယာနေနဲ့။ အပြင်လောက မှာလည်း စာလေးဘာလေးရေး … နေဦး ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ရေးဖူးသလား”
“မရေးဖူးပါဘူးခင်ဗျာ”
“အေး … အေး … စာလေးဘာလေးများ ရေးချင်စိတ်ရှိရင်၊ လက်ရည်သွေးချင်ရင် ရေးလာခဲ့ ဟုတ်ပြီလား … အသိတိုက်တွေရှိတယ်။ ပြောပေးမယ်”
“ဟုတ်ကဲ့ခင်ဗျာ … ကျေးဇူးတင်ပါတယ်။ ကျွန်တော် သွားပါဦးမယ်။ ခွင့်ပြုပါဦး”
တင်ညွန့်
photo : google