ပဋိပက္ခသံသရာ
ပဋိပက္ခသံသရာ
ပြည်ပ နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့ ပြည်တွင်းစစ်တွေအကြောင်းပြောတဲ့အခါ၊ အကြောင်းအရင်း တွေကို ထုတ်ပြတယ်။ ဒီ အကြောင်း (၈) ချက်က၊ အီဂေါဗလာဇီဗစ် ရဲ့ ကောက်ချက်ဖြစ်ပါတယ်။
ပြည်တွင်းစစ်ရဲ့ အကြောင်းက၊ အကွဲအပြဲတွေကြောင့်လို့ ဆိုတယ်။
ဘယ်ပေါ်မှာ ထိုင်ပြီး၊ ကွဲပြဲကြသလဲ ဆိုတော့၊
- သယံဇာတကြောင့် ပဋိပက္ခဖြစ်တယ်။
- နယ်မြေကြောင့် ပဋိပက္ခဖြစ်တယ်။
- ကိုယ်ပိုင်အုပ်ချုပ်ခွင့် (သို့) ခွဲထွက်ခွင့်ကြောင့် ပဋိပက္ခဖြစ်တယ်။
- အစိုးရစနစ်ကြောင့် ပဋိပက္ခဖြစ်တယ်။
- အုပ်ချုပ်မှု ပုံစံကြောင့် ပဋိပက္ခဖြစ်တယ်။
- ပုဂ္ဂိုလ်ရေးတွေကြောင့် ပဋိပက္ခဖြစ်တယ်။
- အမှတ်သရုပ်တွေကြောင့် ပဋိပက္ခဖြစ်တယ်။
- လွတ်မြောက်လိုမှုကြောင့် ပဋိပက္ခဖြစ်တယ်။
ဒီနေရာမှာ ၊ ထပ်ရှင်းဖို့ လိုတာတွေကို ရှင်းချင်ပါတယ်။
အစိုးရ စနစ်ဆိုတာ၊ ဒီမိုကရေစီ စနစ်လား၊ အာဏာရှင်စနစ်လား၊ စစ်အစိုးရလား၊ ဆိုရှယ်လစ်လား၊ ကွန်မြူနစ် လား စတဲ့ အထိုင်အပေါ်မှာ၊ သဘောကွဲလွဲမှုဖြစ်တာပါ။
အာဏာရှင်စနစ်ကို မကြိုက်လို့၊
ကွန်မြူနစ်စနစ်ကို မကြိုက်လို့၊
စစ်အုပ်ချုပ်ရေးစနစ်ကို မကြိုက်လို့… စသည်ဖြင့်၊ ပဋိပက္ခတွေ ဖြစ်ကြတယ်။
နောက်တစ်ခုက၊ အုပ်ချုပ်ရေးစနစ်။
ဥပမာ - တရုတ်ပြည်။
အစိုးရအမျိုးအစားကတော့၊ ကွန်မြူနစ်ပဲ။
သို့ပေမယ့် အုပ်ချုပ်မှုပုံစံက ကွန်မြူနစ်စစ်စစ် မဟုတ်တော့ဘူး။ ဒါဟာ၊ အစိုးရစနစ်နဲ့ အုပ်ချုပ်မှု ပုံစံက၊ မတူဘူး ဆိုတာကို ထုတ်ပြတာ ဖြစ်ပါတယ်။ တချို့လည်း တူတယ်။ တချို့လည်း မတူဘူးပေါ့။ တရုတ်ကို ချွင်းချက်ထား ပြီး ကြည့်ရင် ရပါတယ်။ လာအိုတို့၊ ဗီယက်နမ်တို့၊ ကမ္ဘောဒီယားတို့ကိုလည်း အဲ့လို ကြည့်လို့ရပါတယ်။
တရုတ်ဥပမာအရကြည့်ရင်၊ အစိုးရစနစ်ကို မနှစ်သက်ပေမယ့်၊ အုပ်ချုပ်မှု ပုံစံ ကောင်းလို့၊ တိုးတက်တယ်။ ပြည်သူက၊ အုံကြွမှု မဖြစ်ဘူး။ ဒါဟာ၊ အုပ်ချုပ်မှုကောင်းခြင်း၊ တရားဥပဒေစိုးမိုးခြင်းတို့ကြောင့် ဖြစ်တယ်။ အသွင်ကူးပြောင်းရေးနဲ့ ပက်သက်တဲ့ ဖူကူယားမားရဲ့ ကောက်ချက် တချို့ကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။
အစိုးရစနစ်ကလည်း၊ အာဏာရှင် ၊ ကွန်မြူနစ်၊ စစ်အုပ်ချုပ်မှု…. အုပ်ချုပ်မှု ပုံစံကလည်း၊ ဖိနှိပ်တယ်။ အကြမ်း ဖက်တယ်။ လက်နက်ကိုင် အင်အားသုံးတယ်။ ခြစားမှု မြင့်တယ်။ ဥပဒေက လိုသုံးဖြစ်တယ်။ ဗဟိုချုပ်ကိုင်မှု တင်းကျပ်လွန်းတယ်ဆိုရင်… အစိုးရ မကောင်း၊ အုပ်ချုပ်မှု ညံ့ စာရင်း သွင်းနိုင်ပါတယ်။
နောက်တစ်ခုက၊ ပုဂ္ဂိုလ်ရေးကြောင့် ဖြစ်တဲ့ ကိစ္စ။ သားတူညီများ ကောင်းစားရေးတို့၊ ဆရာ-တပည့်ဆက်ဆံရေး တို့ ဆိုတာ… မူဝါဒဖြစ်စဉ်ကို နှောက်ယှက်တဲ့ အချက်တွေ ဖြစ်ပါတယ်။ လူနဲ့ မူအကြားမှာ ဖြစ်တဲ့ ပဋိပက္ခဖြစ်ပါ တယ်။ လူနဲ့မူအကြားမှာဖြစ်တဲ့ ၊ ရှုပ်ထွေးမှု ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်ကို အခြေပြုပြီး လုပ်တယ်။ မူပေါ် အခြေမခံ ဘူး။ လုပ်ထုံးလုပ်နည်းတွေကို ကျော်တယ်။ ခွတယ်။ ခြစားတယ်။ လာဘ်စားတယ်။ အင်စတီကျူးရှင်းကို တည်ပြီး မလည်ဘူး။ လူပေါ် တည်ပြီး အလုပ်လုပ်တယ်။ ဒါ့ကြောင့် လူ့အတ္တ၊ လူ့ဗီဇ၊ လူ့သဘာဝနဲ့ ဆက်စပ် တဲ့ ပြဿနာတွေ ပေါ်လာတယ်။
နောက်တစ်ခုက အမှတ်သရုပ် ပြဿနာ။
ကျနော်တို့ နိုင်ငံမှာ၊ တောင်ပေါ် မြေပြန့်ကွဲတယ်။ တောင်တန်း ပြည်မ ကွဲတယ်။ အထက်၊ အောက် ကွဲတယ်။ လူမျိုးအရ ကွဲတယ်။ အသွေးအရောင်အရ ကွဲတယ်။ လူမျိုးစုနယ်တွေထဲမှာတောင်၊ လူမျိုးစုအငယ်လေးတွေနဲ့ ထပ်ပြီး ကွဲတယ်။ ဒါက အမှတ်သရုပ်ကွဲလွဲချက်ဖြစ်ပါတယ်။ တောင်ပေါ် မြေပြန့်ဆိုတာ၊ နယ်မြေပေါ် အခြေခံပြီး ကွဲတာ ဖြစ်ပေမယ့်၊ လူမျိုးအရ ကိုးကွယ်မှုအရ၊ ဘာသာရေးအရ၊ ယုံကြည်ချက်အရ၊ အမျိုးသားရေးအစွဲတွေနဲ့ ကွဲလွဲတာက၊ အမှတ်သရုပ် အကွဲအပြဲဖြစ်ပါတယ်။ ဒါတွေက၊ ပြည်တွင်းစစ်ကို မီးထိုးပေးတဲ့ အကြောင်းတွေ ဖြစ် ပါတယ်။
နောက်ဆုံးတစ်ချက်က၊ လွတ်မြောက်ရေး ကြိုးပမ်းမှုတွေကြောင့် ဖြစ်တဲ့ ပဋိပက္ခ။
ကိုလိုနီစနစ်အောက်က ၊ လွတ်မြောက်ဖို့၊ စစ်ကို ပြုတယ်။ ဗမာကြီးစိုးရေးကို မလိုလားလို့၊ ပြည်တွင်းစစ်ကို စတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့်ကြောင့်၊ ပြည်တွင်းစစ်ကို စ တယ်။ ခွဲထွက်ရေး လှုပ်ရှားမှုတွေကြောင့် ၊ ပြည်တွင်းစစ်ဖြစ်တယ်။
ပြည်ပကျူးကျော်မှုတွေကို သာဓက တင်လို့ ရတယ်။
အင်္ဂလိပ် ဗြိတိသျှက၊ ကိုလိုနီ လုပ်တယ်။ ဖက်ဆစ်ဂျပန်က ဂုတ်သွေးစုပ်တယ်။ တရုတ်ဖြူ ကူမင်တန်တွေ၊ နယ်ကျွံလာတယ်။ ဒါတွေက၊ ပြည်ပ ကျူးကျော်မှုတွေဖြစ်ပါတယ်။ ပြည်ပ အန္တရာယ်ကြောင့်လည်း၊ ပဋိပက္ခတွေ မရပ်နိုင်အောင်ဖြစ်ရတယ်။ ကိုရီးယားကျွန်းဆွယ်ဆိုရင်၊ အခုအချိန်ထိ စစ်ရေးအရ ထိတ်လန့်မှု ရှိနေကြတုန်းပါ ပဲ။
ဒီလို အဖြစ်မျိုးတွေက နေရာတိုင်းမှာ ရှိတယ်။
ရုရှားနဲ့ ဂျော်ဂျီယာတို့ ဖြစ်တယ်။ အာရပ် နဲ့ အစ္စရေးတွေ ဖြစ်တယ်။ ခရိုင်းမီးယားလည်း ရှိတယ်။ အာဖရိက မှာလည်း ရှိတယ်။ လက်တင်အမေရိကမှာလည်း ရှိတယ်။
ဒါတွေနဲ့ ဆက်စပ်ပြီး နယ်မြေလုပွဲတွေလည်း ရှိတယ်။
၁၉၈၂ လောက်က၊ ဖောက်ကလန်ကျွန်းစစ်ပွဲဟာ၊ အာဂျင်တီးနားနဲ့ ဗြိတိန်တို့အကြား၊ နယ်မြေလုပွဲဖြစ်တယ်။ အခုလည်း အရှေ့ပင်လယ်၊ တောင်တရုတ်ပင်လယ်တွေမှာ၊ ကျွန်းလုတဲ့ ပဋိပက္ခတွေ ဖြစ်တယ်။ တရုတ်မှာ တိဘက်၊ တိုင်ဝမ်တွေက အခုထိ အငြင်းပွားဖွယ် ဖြစ်တုန်း။ နယ်မြေ လွတ်မြောက်ရေးအတွက်ဖြစ်တဲ့ ပဋိပက္ခ တွေ အမြဲ ဖြစ်နေပါတယ်။
မင်းသေ့
photo : google