အလိုရှိသည်
အလိုရှိသည်
စကားများလွန်းတဲ့ ပုဏ္ဏားတစ်ယောက်ကို ဗြဟ္မဒတ်မင်းက အမြင်ကပ်နေတာကြာပြီ။
ဘယ့်နှယ် သူ့ကို နန်းတော်ထဲ ပညာရှိအမတ်ဆိုပြီးခန့်ထားတာ မှားတော့တာပဲ။ အရာရာကို သူပဲသိ၊ သူပဲတတ်၊ သူပဲ နားလည်။
လွှတ်တော်ထဲလည်း စကားလုပြော။ သူမှသူသိ၊ သူပဲနားလည်၊ ဘာမဆိုမေးလိုက်ရင်
“မှန်လှပါ တိုင်းပြည်ကြီးသာယာ၊ စပါးတွေ တောင်လိုပုံ၊ ဆေးရိုးမီးလှုံပြီး၊ ဆီတွေကိုတောင် သွန်ပစ်နေရပါတယ် ဘုရား”
အမှန်တော့ တိုင်းပြည်က ငတ်နေလို့ လွှတ်တိုင်ရှေ့ကို ပြည်သူတွေ ရောက်လာပြီး
“ကယ်တော်မူပါဘုရား”
ပြည်သူက ကယ်တော်မူပါဘုရားဆိုတာကို ပညာရှိအမတ်ပုဏ္ဏားက
“တယ်တော်သူပါဘုရား” လို့ကြားပုံရပါတယ်။
ဗာရာဏသီမင်းလည်း အမြင်ကပ်လာပြီ။ မဖြစ်တော့ဘူး။ ဒီအမတ် စကားများလွန်းတာ တစ်ခုခုတော့ လုပ်မှ ဖြစ်တော့မယ်။
တစ်နေ့ ဘုရင်က တိုင်းပြည်ထဲလှည့်လည်၊ ဥယျာဉ်တစ်ခုထဲက ညောင်ပင်အောက်မှာ လူတွေ ဝိုင်းနေတာ တွေ့ရတယ်။
“ဘာဖြစ်နေသလဲကွယ်တို့”
“မှန်လှပါ ငဆွံ့တစ်ယောက် ကျောက်စရစ်အစွမ်းပြနေတာပါဘုရား”
“ဘယ်မှာလဲ ကြည့်စမ်းမယ်”
တယ်တော်တဲ့ ငဆွံ့ပဲ။ ညောင်ရွက်တွေကို ကျောက်စရစ်ခဲတွေနဲ့ ပစ်ပြီးတော့ အရုပ်တွေပုံဖော်နေတာ။ လူတွေက ငဆွံ့ကို ဆင်ရုပ်လေးပုံဖော်ပေးပါ။ မြင်းရုပ်လေး ပုံဖော်ပေးပါဆိုပြီး သူ့အတတ်ကို ပိုက်ဆံပေးပြီး ချီးမြှောက်သဘောကျနေတာ။
ဘုရင်ကအကြံရသွားပြီး ငဆွံ့ကို နန်းတော်ထဲခေါ်လာ။ တိတ်တဆိတ်နှစ်ယောက်တည်းတွေ့
“ဟဲ့ ငဆွံ့ ငါ့အမတ်တစ်ယောက် စကားများလွန်းတယ်။ အဲဒီအမတ် စကားပြောဖို့ ပါးစပ်ဟတိုင်း သူ့ပါးစပ်ထဲကို တစ်ခုခု ပစ်ထည့် နိုင်ပါ့မလား”
“မှန်လှပါ ဆိတ်ချေး တစ်ကွမ်းစားသာ ပေးသနားတော်မူပါ”
နောက်တစ်နေ့ ညီလာခံမှာ ထုံးစံအတိုင်း လေပေါအမတ်က သူချည်းပဲ ပြောတော့တာ။ ဒီအချိန်မှာ တင်းတိမ် နောက်မှာ ပုန်းအောင်းနေတဲ့ ငဆွံ့က သူပါးစပ်ဟတိုင်း ဆိတ်ချေး တစ်တုံး ပစ်သွင်းတော့တာပဲ။
ဒီအမတ်ကလည်း ဘယ်လောက် ပြောချင်သလဲဆိုတာ ပစ်လိုက်လို့ ပါးစပ်ထဲ ချေးဝင်တာ ထွေးတောင် မထုတ်ဘူး။ မျိုချပြီး ဆက်ပြော။ ဆိတ်ချေး တစ်ခွက်ကုန်ရော၊ ပြောတုန်းပဲ။
ဘုရင်လည်း မနေနိုင်တော့ဘူး
“ဆရာ … ဆရာ့ဗိုက်ထဲမှာ ဆိတ်ချေး တစ်ခွက်သားလောက် ရောက်နေပြီ။ အိမ်ပြန်ပြီး ဝမ်းနုတ်လိုက်ပါဦး” လို့ ပြောရတော့တယ်။
ဒီတော့မှ ပုဏ္ဏားအမတ်လည်း ရှက်ပြီးတော့ အိမ်ပြန်၊ နောက်ဆို လွှတ်တော်ထဲမှာ ပေါက်ကရလည်း မပြောရဲ တော့ပါဘူး။ ချေးတစ်ခွက်ကုန်တာတောင် ကိုယ်ဘာတွေကို မျိုချထားမှန်း မသိအောင် ပြောချင်ရာ ပြောနေတတ်တဲ့ အမတ်တွေဟာ ဟိုး … ဗာရာဏသီခေတ် ဗြဟ္မဒတ်မင်းလက်ထက်ကတည်းက ရှိနေတာပဲ။
ခုခေတ်လည်း ငဆွံ့တွေကို ရာထူးနေရာ ပေးထားဖို့ လိုကောင်း လိုမယ်ထင်ပါတယ်။
(ရည်ညွှန်း - ငါးရာ့ ငါးဆယ် နိပါတ်တော်၊ သာလိတ္တကဇာတ်)
တင်ညွန့်
photo : facebook