ဒေါ်လာဈေး

in #esteem6 years ago

(၁)
Nov 22 2016
ဒေါ်လာဈေးနဲ့ မြန်မာ့စီးပွားရေးချောက်ကမ်းပါး

ဒီကနေ့ ဒေါ်လာဈေးကတော့ စံချိန်သစ်တင်သွားပါပြီ။ ဒေါ်လာဈေးတက်မှုကြောင့် မြန်မာ့စီးပွားရေး ယိုင်နဲ့သွားနိင်ပါတယ်။ ဒေါ်လာဈေးတက်နေပေမယ့် မြန်မာ့လယ်ယာထွက်ကုန်တွေရဲ့ ဈေးနှုန်းက တက်မလာပါဘူး။ ဒီကနေ့ စပါးဈေးဟာ ၁၉၉၅ နောက်ပိုင်း အနိမ့်ဆုံးဈေးကို ရောက်ရှိနေပါပြီ။ အခြားသော ပဲ၊ နှမ်း၊ ပြောင်း၊ ဝါ တို့ ဈေးတက်မလာကြပြန်ပါဘူး။ ဒီအတွက် ၇၀%သော ပြည်သူတွေ ပျာယာခပ်နေရပါပြီ။ စပါးစိုက် တောင်သူတွေမှာ ဒီနေ့အထွက်နှုန်း၊ ဈေးနှုန်း အတိုင်းဆိုရင်တော့ စပါး ၁ ဧကစိုက်တိုင်း မြန်မာငွေ ၁၉၅၀၀ ခန့် ရှုံးနေပါတယ်။ ဒီလိုသာ ဆက်နေရရင်တော့ တောင်သူတွေ လယ်တွေကို ပစ်ထားပြီး မြို့ပြဆီ ပြေးတက်လာတော့မှာ သေချာပါတယ်။
တောင်သူထွက်ကုန်တွေသာ ဈေးကျနေပေမယ့် ဝယ်သုံးရတဲ့ ကုန်ပစ္စည်း အားလုံး ဈေးတက်နေပါတယ်။ ဒီကြားထဲမှာ စားသုံးသူတွေ ပေးနေရတဲ့ ကုန်သွယ်လုပ်ငန်းခွန် ၅% ဟာ ထပ်ဆင့်ဝန်ပို ဖြစ်သွားစေပါတော့တယ်။
ဒီဝန်ကို စားသုံးသူတွေ ထမ်းနေရတာ မနိုင်ဝန်ဖြစ်လာနေပါပြီ။ ဒီအခြေအနေမှာ ဒေါ်လာဈေးတက်နေမှုက တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်စေတော့မှာပါ။ ဒီကနေ့ ငွေးဈေးကွက်မှာ ဒေါ်လာ၊ ယူရို အတွက် အဝယ်သာရှိပြီး အရောင်းမရှိသလောက် ဖြစ်နေပါတယ်။ အစိုးရက ချပေးထားတဲ့ Money Changer တွေရဲ့ ရောင်း/ဝယ်စာရင်းတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒေါ်လာငွေဝယ်လိုအားကို ကာမိစေဖို့ မြန်မာနိုင်ငံဗဟိုဘဏ်က နေ့စဉ် ဒေါ်လာ ၃ သန်း နီးပါး၊ ယူရို ၁ သန်းနီးပါး ထုတ်ပေးကာ ထောက်ပံ့နေပေမယ့် ဝယ်လိုအားက တန့်မသွားဘဲ တိုးလာနေပါတယ်။ ဒီလို ဘာကြောင့် ဖြစ်နေသလဲ ဆိုတာ သတိပြုလေ့လာဖို့ လိုနေပါပြီ။ ဒီကနေ့ ငွေဈေးကွက်မှာ အဓိက ဝယ်ယူနေသူတွေက တရုတ်ကုန်သည်ကြီးများနှင့် ခေတ်သစ်လက်သစ်ခရိုနီပေါက်စတွေ ဖြစ်နေပါတယ်။ ကုန်သည်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊ ကျောက်မျက်လုပ်ငန်းရှင်တွေက အဓိကဝယ်သိမ်းနေကြတာ ဖြစ်ပါတယ်။ ဒီကနေ့ ဈေးကွက်မှာ ဝယ်ယူသွားတဲ့ ဒေါ်လာတွေဟာ နိုင်ငံတကာ ကုန်သွယ်ရေးမှာ မလည်ပတ်ဘဲ ဝယ်ယူစုဆောင်းသူတွေ လက်ထဲမှာသာ အိပ်သွားနေပါတယ်။ ဒီလိုဖြစ်နေတာကြောင့် မြန်မာကျပ်ငွေဈေးဟာ ပြိုဆင်းလာနေခြင်း ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုလည်ပတ်နေရတာလဲဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ဒါဟာ မြန်မာပို့ကုန်လျော့နည်းနေလို့ လို့ ပြောကြတာတွေ ကြားနေရပါတယ်။ ကျွန်တော့်အမြင်ကတော့ မြန်မာပို့ကုန်နည်းနေခြင်းဟာ အဓိက အဖြေ အဟုတ်နိုင်ပါဘူး။ နယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှု အားလုံးကို ဒေါ်လာငွေနဲ့ ဆောင်ရွက်နေကြတာ မဟုတ်ပါဘူး။ တရုတ်ယွမ်ငွေ၊ မြန်မာကျပ်ငွေတွေနဲ့ အရောင်းအဝယ်က ပိုများနေပါတယ်။ ဒါဟာ အဓိကပြဿနာပါ။ တရုတ်ကုန်သည်တွေ လက်ထဲမှာ မြန်မာကျပ်ငွေဟာ ထရွီလီယံချီပြီး ရှိနေပါတယ်။ ဒီငွေတွေက ရန်ကုန်ငွေဈေးကွက်ကို ဆင်းလာပြီး ဒေါ်လာငွေကို ဆိုဈေးပေး၍ ဝယ်ယူနေကြပါတယ်။ ဒါကြောင့် မြန်မာကျပ်ငွေဈေး ပြိုဆင်းနေရခြင်း ဖြစ်ပါတယ်။ ဒေါ်လာဈေးဟာ ကျဖို့ အကြောင်း မရှိသလောက်ပါဘဲ။ ဒေါ်လာဈေး တက်ရတဲ့အကြောင်းတွေဟာ နိုင်ငံတကာနဲ့ ယှဉ်ကြည့်ရင် မြန်မာငွေဈေးကွက်က ပိုပြီး အတက်မြန်နေပါတယ်။ မြန်မာငွေ တန်းဖိုး နိမ့်ကျလာနေပါတယ်။ ၂၀၁၆ နှစ်ကုန်ပိုင်းမှာ တစ်ဒေါ်လာကို ၁၃၅၀ ကျပ် ကျော် သွားနိုင်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကုန်မှာ ၁၃၇၀ ကျပ်၊ ၂၀၁၇-၂၀၁၈ မှာ ၁၄၀၀ ကျပ်၊ ၂၀၁၈ နှစ်ကုန်မှာ ၁၈၀၀ ကျပ်အထိ တက်သွားနိုင်ပါတယ်။ ဒေါ်လာဈေးအတက်ကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှုဟာ ရပ်တန့်သွားနိုင်ပါတယ်။ အစိုးရမျှော်လင့်ထားတဲ့ စီးပွားရေးတိုးတက်မှုနှုန်း ၅.၆% မရနိုင်ပါဘူး။ ဌာနဆိုင်ရာ၊ ကော်ပိုရေးရှင်းတွေနဲ့ အစိုးရစီးပွားရေးလုပ်ငန်းများ အများအပြား အရှုံးပေါ်လာပါလိမ့်။ ငွေကြေးလိုအပ်ချက် များပြားလာပါလိမ့်မယ်။ ဒီအခြေအနေကို ထိန်းသိမ်းဖို့ ဗဟိုဘဏ်မှာလည်း သင့်လျှော်တဲ့ နည်း မကျင့်သုံးနိုင်ပါဘူး။ ငွေကြေးဈေးကွက်မှာ လိုအပ်နေတဲ့ ဒေါ်လာငွေကို ထုတ်ရောင်းနေခြင်းဟာ အဖြေမဟုတ်ပါဘူး။ ဒါကြောင့် အစိုးရ နိုင်ငံခြားအရန်ငွေကြေးပါ ကုန်ဆုံးသွားနိုင်ပါတယ်။ ဒါကို ဖြေရှင်းဖို့ လုပ်ဆောင်နေလေ ပိုမိုဆိုးဝါးတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရလေ ဖြစ်လာမှာ မလွဲပါဘူး။ တရုတ်နဲ့ အမေရိကန် အားပြိုင်မှုမှာ မြန်မာဟာ စီးပွားရေးစစ်တလင်း ဖြစ်ခဲ့ရပါပြီ။ တရုတ်ရဲ့ စုပုံရှင်း အရှုံးခံစနစ်သာ ကျင့်သုံးလိုက်ရင် ဒီထက်ဆိုးဝါးတဲ့ အခြေအနေကို ဦးတည်သွားနိုင်ပါတယ်။
ဒေါက်တာကျော်ဆွေ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ


(၂) 18Dec2016
ဒေါ်လာဈေးပြန်လည်ကျဆင်းရန်အခြေအနေရှိ
၁။ ပြည်တွင်းဘဏ်လုပ်ငန်းရှင်များ၏ ပြည်ပဘဏ်ငွေစာရင်းများအား ဗဟိုဘဏ်မှ တောင်းယူထားသဖြင့် မနေ့ကညနေမှ စတင်၍ စင်္ကာပူတွင် away ဒေါ်လာ ရောင်းချမှုများ မြင့်တက်လာပါသည်။
၂။ personal permit ကားလိုင်စင်လျောက်ထားသူများမှာ dead line နီးကပ်လာခြင်း။ လိုင်စင်အတွက် လူတွေ့စစ်ဆေးခြင်းတို့ ကြောင့် အသစ်ထပ်မံ လျောက်ထားရန် မရှိ၍ ဒေါ်လာဝယ်လိုအား demand ကျသွားခြင်း။
၃။ ကားလိုင်စင်လျောက်ရန် account ဖွင့် ဒေါ်လာ ၅၀၀၀ ထည့်ထားသူများမှာ လိုင်စင်ရပါက စင်္ကာပူသို့ ငွေလွတ်ပြီး ပြန်ရောင်းရမည်။ လူခေါ်မရပါကလည်း license လျောက်ရန် dead line ပြည့်သွား၍ bank account ပိတ်ကာ ဒေါ်လာပြန်ထုတ်ရောင်းရမည်ဖြစ်သည်။ bank account ပေါင်း ထောင်ချီမှ ပိတ်နေသော ဒေါ်လာ သန်းပေါင်းများစွာ ဈေးကွက်တွင်း ပြန်လည် ဝင်ရောက်လာ မည်ဖြစ်ပါသည်။
၎။ Importer အများစုမှလည်း ဒေါ်လာဈေး အဆမတန် တက်မှုကြောင့် အဝယ်ရပ်ထား ၍ demand လျော့ကျနေခြင်း
၅။ မြန်မာနိုင်ငံတွင် ဘဏ်လိုင်စင် ရထားသော ဘဏ်(၁၃) ခုအား import & export လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေ account ဖွင့်ခွင့်ပေးမည်။ (ပြည်သူ့လွတ်တော် အထူးကိစ္စရပ်များ ကော်မတီနှင့် ဗဟိုဘဏ်။ ဘဏ္ဍာအခွန်တို့၏ အစည်းအဝေးအရ) ပြည်တွင်းလုပ်ငန်းရှင်များအားဒေါ်လာဖြင့် ငွေချေးခွင့်ပေးမည်ဟုသိရပါသည်။ ဒေါ်လာ supply များလာနိုင်ပါသည်။
၆။ အဆိုပါပြည်ပဘဏ်များသည် ပြည်တွင်းလုပ်ငန်းရှင်များအား project loan, trade financing, 2 step loan များပေးရန် ရှိနေပြီး ဗဟိုဘဏ်မှ ခွင့်ပြုပါက ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် ဒေါ်လာကို ရောင်းချပေးမည်ဖြစ်ကြောင်းသိရပါသည်။ ပြည်တွင်းဘဏ်များကဲ့သို့ အရောင်းပိတ်ထားခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်းသိရပါသည်။
၇။ ပြည်ပအလုပ်လုပ်နေသူများ ပြည်တွင်းသို့ remittances ငွေလွဲခြင်းကို တရားဝင်ခွင့်ပြုရန် စီစဉ်နေပါသည်။
၈။ ပြည်ပသို့ ဆန်များတန်ပေါင်းများစွာ တင်ပို့နေပြီး (MRF ထုတ်ပြန်ချက်အရ တန်ချိန်၃သိန်း) ဒေါ်လာများ ဝင်လာရန် ရှိနေုပါသည်။ ဇန်နဝါရီလတွင် ပြည်ပသို့ ပဲမျိုးစုံ တိုးချဲ့တင်ပို့လာဖွယ်ရှိပြီး(ပဲ exporter တစ်ဦး) ဒေါ်လာများ ဝင်ရောက်ရန်ရှိပါသည်။
၉။ လုပ်ငန်းရှင်အများစုကလည်း တရုတ်နှစ်ကူးနားတွင် ဒေါ်လာဈေး အကျဆုံး ရှိနိုင်မည်ဟု ယူဆနေကြပါသည်။ အထက်ပါအခြေအနေများအရ အမေရိကန်ဒေါ်လာဈေုး ပြန်လည်ကျဆင်းမည်ဟု ကျနော်၏ ပုဂ္ဂလိက အမြင်အရ သုံးသပ်ရပါသည်။
credit ဒေါက်တာစိုးထွန်း


(၃) 18Dec2016
ဒေါ်လာဈေးအပေါ် တက်နိုင်/ကျနိုင်ခြေကို ဒီအမြင် ၂ ခုအပေါ် လေ့လာကြည့်မိပါတယ်။ ကျွန်တော့်ရဲ့ ဒေါ်လာဈေးတက်နိုင်ခြေ အမြင်မှာ တရုတ် လက်ဝယ်ရှိ မြန်မာကျပ်ငွေများသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုတွင် မစီးဝင်ပဲ ငွေဈေးကွက်အတွင်း စီးဝင်နေမှုကို ထောက်ပြထားပါတယ်။ ဒေါက်တာစိုးထွန်းရဲ့ဒီဇင်ဘာ ၁၇ ရက်နေ့ သုံးသပ်မှုတွင် ဒေါ်လာဈေးပြန်ကျနိုင်ခြေ ခန့်မှန်းမှုမှာ လက်ရှိ ကုန်သွယ်ရေးအခြေအနေနဲ့ ဒေါ်လာငွေစီးဝင်နိုင်မည့် အခြေအနေများကြောင့် ဈေးပြန်ကျမည်ဟု ခန့်မှန်း ထားပါတယ်။
ကျွန်တော့်အမြင်မှာတော့ စီးဝင်လာမည့်ဒေါ်လာပမာဏသည်လည်းကောင်း၊ တရုတ်နှစ်သစ်ကူး အနားယူမည့်ရက် အခြေအနေအရသည်လည်းကောင်း မြန်မာငွေကြေးဈေးပြန်တက်နိုင်ခြေ မရှိနိုင်ဘူးလို့ မြင်မိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒေါ်လာငွေဈေးဟာ နိုင်ငံတကာမှာလည်း အကျဘက်ကို ခြေဦးမလှည့်သေးပါဘူး။ မြန်မာ့ Export earning မှ ဒေါ်လာစီးဝင်မှုပမာဏဟာ မပြောပလောက်တဲ့ ပမာဏလို့ ပြောရမှာပါ။ ၂၀၁၆ နှစ်လည်ကျောက်မျက်ရတနာပြပွဲမှာ ဒေါ်လာနဲ့ ယူရိုငွေတွေ အမြောက်အများ ရရှိလာလိမ့်မယ်လို့ မျှော်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒေါ်လာရောင်းလိုအားမြင့်တက်လာပြီး ဒေါ်လာဈေးကျလိမ့်မယ်လို့ အမြင်တွေ လွဲခဲ့တာ ဒီကနေ့ မြင်တွေ့နိုင်ပါတယ်။ ဒီနေ့ ငွေဈေးကွက်မှာ ဒေါ်လာဟာ အရောင်းမရှိသလောက်ဖြစ်နေပြီး ဝယ်သူဘက်က ဆိုဈေးပေးဝယ်ယူနေမှုလည်း ရပ်တန့်မယ့်အရိပ်အယောင် မပြသေးပါဘူး။ နောက်တစ်ချက်ကတော့ အစိုးရဌာနတွေရဲ့ ဘက်ဂျက်မှာ ထည့်မထားခဲ့တဲ့ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ဒေါ်လာဈေးအတက်အတွက် အရန်အပိုဆောင်းကို ဘက်ဂျက်မှာ မထည့်ထားမှုတွေက တိုင်းပြည်ရဲ့ GDP ကို ဆွဲချနိုင်တဲ့ အခြေအနေထိ ဖြစ်လာပါနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ အမေရိကန်ဗဟိုဘဏ်က အခုလ ၁ ရက်မှာ စတင်ထုတ်ရောင်းတဲ့ ဘွန်းစာချုပ်တွေဟာလည်း ၃.၅ ထွီလီယံဟာ ၂ ပတ်အတွင်း ရောင်းကုန်သွားခြင်းက လည်ပတ်ငွေလျော့သွားတယ်လို့ မြင်နိုင်ပေမယ့် အဓိက ဝယ်ယူသွားကြတာက တရုတ်ကုန်သည်ကြီးတွေဖြစ်နေပါတယ်။ ဒါဟာ ဘာကိုညွှန်ပြနေသလဲဆိုရင် တရုတ်ကုန်သည်တွေဟာ သူတို့လက်မှာ ရှိနေတဲ့ ကုန်သွယ်ရေးပိုငွေတွေကို လည်ပတ်ငွေကြေးအဖြစ်မထားဘဲ အလုံးအရင်းနဲ့ ပြန်ထုတ်နေတာ တွေ့နိုင်ပါတယ်။ ဒီအလေ့အတိုင်း တရုတ်လက်ဝယ်ရှိ မြန်မာငွေကြေးတွေကို သူတို့အမေရိကမှာ ရင်းလိုက်တဲ့ ဒေါ်လာအဖြစ် ပြန်လည်ဖော်ယူမယ်ဆိုရင် မြန်မာငွေကြေးဈေးကွက်က ဒေါ်လာတွေကို ဆိုဈေးပေးဝယ်မှာ သေချာပါတယ်။ ဒီဝယ်လိုအားကို မြန်မာငွေကြေးဈေးကွက်က ဒေါ်လာပမာဏလောက်ဟာ မပြောပလောက်တဲ့ ပမာဏလို့တောင် ပြောရမှာပါ။ ဒါကြောင့် ဒေါ်လာဈေးဟာ ဆက်လက် တက်နေမှာ သေချာပါတယ် ခင်ဗျာ။ ကျွန်တော် နိုဝင်ဘာ ၂၂ က ခန့်မှန်းခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အကုန်မှာ တစ်ဒေါ်လာကို ၁၃၅၀ ကျပ်၊ ၂၀၁၇-၂၀၁၈ မှာ ၁၄၀၀ ကျပ်၊ ၂၀၁၈ နှစ်ကုန်မှာ ၁၈၀၀ ကျပ်အထိဆိုတဲ့ ခန့်မှန်းမှု မှန်/မမှန်တော့ စောင့်ကြည့်ကြပေတော့။
ဒေါက်တာကျော်ဆွေ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ။

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 62284.56
ETH 2424.79
USDT 1.00
SBD 2.58