သံယောဇဉ်
သံယောဇဉ်
ကျွန်တော်လမ်းလျှောက်ရင်း တွေ့ကြုံရတာလေးတွေကို ပြန်ရေးနေတာ စာအုပ်တစ်အုပ်စာလောက်တောင် ရတော့မယ်ထင်ပါတယ်။ လမ်းလျှောက်ချိန်ဟာ တွေးလို့အကောင်းဆုံးအချိန်ဆိုတော့ စိတ်ကူးတွေလည်း မြူးတာပေါ့။
လမ်းလျှောက်ဇာတ်လမ်း ကြုံခဲ့ရတာ ပြောဦးမယ်
ကျွန်တော်က နေအိမ်နဲ့ ၁၅ မိနစ်လောက် လျှောက်ရတဲ့ နေရာက ရေကန်ကြီးတစ်ကန်ဆီကို နေ့တိုင်း သွားပြီးတော့ ကန်ပတ်လမ်းလျှောက်ပါတယ်။ ကန်ပေါ်လျှောက်ရတာ ကားအန္တရာယ်ကင်းတယ်လေ။
ကန်ဆီကို သွားတဲ့အခါလည်း ကားတွေသွားနေတဲ့ လမ်းမကြီးတွေကို ရှောင်ပြီးတော့ လမ်းကြားလေးတွေ ထဲကနေ ဟိုဖြတ် သည်ကွေ့ထွက်တာများတယ်။
လမ်းကျဉ်းလေးတစ်ခုကို ဖြတ်နေတာ သုံးရက်လောက်ရှိပြီ။ တစ်ထပ်တိုက် ခြံလေးရှေ့ကဖြတ်တိုင်း ခွေးဟောင်သံကြားတယ်။ ခြံစည်းရိုး သံတိုင်တွေကြားကနေ ထိုးဟောင်နေတာ။ ခွေးကြီးကလည်း အကြီးကြီးပဲ။ ကျွန်တော့် ခါးစောင်းလောက်ရှိမယ်။ တန်ဖိုးလည်း နည်းမယ်မထင်ဘူး။
ကျွန်တော်က ခွေးတော့ချစ်တယ်။ ဒါပေမဲ့ ကြောက်တယ်။ ဒါကြောင့် ခွေးတွေ့ရင် ဝေးဝေးကရှောင်တာများ တယ်။
တစ်နေ့ ထုံးစံအတိုင်း အဲဒီ လမ်းလေးထဲ ဝင်ခဲ့ချိန်မှာ ခွေးကြီးက ခြံပြင်က လမ်းပေါ်ရောက်နေတာ တွေ့လိုက်ရ တယ်။ အိမ်ရှေ့က အုတ်ခုံပေါ်မှာလည်း အဘွားအိုတစ်ယောက် ထိုင်နေတာတွေ့ရတယ်။
ခွေးကြီးက ကျွန်တော့်ရှေ့က သွားနေတဲ့ ကုလားလေးတစ်ယောက်ကို ထိုးဟောင်တယ်။ ကုလားလေးက ကြောက်ပြီး ပြေးမယ်လုပ်တော့ အဘွားအိုက
“မပြေးနဲ့ … မကိုက်ဘူး … မပြေးနဲ့” လို့ အော်ပြောတယ်။
ကုလားလေးက ပြေးတာကို ခွေးကြီးက လိုက်သေးတယ်။ ဒါပေမဲ့ ပြန်လှည့်လာတယ်။ ကျွန်တော့် အလှည့်ပဲ ခွေးကြီးကို ရင်ဆိုင်ရတော့မယ်။ စိတ်ထဲက ကြောက်လိုက်တာ။ သူ့အရပ်ကြီးကလည်း နည်းတာမဟုတ်ဘူး။ ဟပ်လိုက်ရင် လည်ပင်းပဲ။
ကျွန်တော်က တွန့်ဆုတ်ဆုတ်နဲ့ ခွေးကို မျက်ခြည်မပြတ်ကြည့်ပြီး သွားနေမိတယ်။ ခွေးကြီးက ကျွန်တော့်ရှေ့မှာ ပိတ်ရပ်လိုက်တယ်။ အသက်ကို ထိန်းရှူရင် အဘွားအိုကိုကြည့်ကာ စစ်ကူတောင်းလိုက်မိတယ်။
“ရမ္ဘို … လာ … ဒီကိုလာခဲ့သား”
ေခြးနာမည္က ရမ္ဘိုဆိုပါလား
သူက မသြားဘူး။ ကျွန်တော့်ရှေ့က ပိတ်ရပ်နေပြီးတော့ ကျွန်တော့်ကို မော့ကြည့်တယ်။ ခွေးနဲ့ တစ်ခါမှ မျက်နှာချင်း မဆိုင်ဖူးပါဘူး။ ဒီတစ်ကြိမ် ခွေးနဲ့ မျက်နှာချင်း ဆိုင်လိုက်ရတာ ရင်ထဲ တစ်မျိုးကြီးပဲ
“မကိုက်တတ်ပါဘူး … ဆက်သွား … ရပါတယ်”
အဘွားအိုက ကျွန်တော့်ကို ပြောလိုက်တာ။ ဒါပေမဲ့ ခွေးကြီးက ကျွန်တော်လည်း လှုပ်လိုက်ရော ကျွန်တော့် ခါးကို မတ်တတ်ရပ်ပြီး ဖက်လိုက်တယ်။ အသက်ထွက်သွားပြီလား အောင့်မေ့ရတယ်။ ဘာလုပ်ရမှန်းမသိ
“ရမ္ဘို … လာခဲ့”
အဘွားအိုက ထပ်အော်တယ်။ ရမ်ဘိုက ကျွန်တော့်ခါးကို ဆက်ဖက်ထားပြီး အမြီးနှံ့နေတဲ့အပြင် ပါးစပ်ကလည်း
“အီ … အီ … အီ” လို့ အော်နေတယ်။
ကျွန်တော်က မကိုက်တာသေချာပြီမို့ သူ့ခေါင်းလေးကို မရဲတရဲ ပွတ်ပေးလိုက်မိတယ်။ ကျွန်တော့်ရင်ခွင်ကို သူ့ခေါင်းနဲ့တိုးဝှေ့နေလိုက်တာ ကလေးလေးလိုပဲ။ အဘွားအိုက
“လမ်းလျှောက်လာတာလား … ထိုင်ပါဦးလား”
ကျွန်တော့်မှာ ခွေးက မဖယ်မချင်း သွားလို့လည်းမရ။ အဘွားပြောသလို ထိုင်ရုံပဲရှိတော့တာပေါ့။ ဒါကြောင့် အဘွားနဲ့ မျက်နှာချင်းဆိုင်က ခုံမှာ ဝင်ထိုင်လိုက်တယ်။ ရမ်ဘိုကလည်း ကျွန်တော့်ကို ဖက်လျက်သား ကန့်လန့် ကန့်လန့်နဲ့ ပါလာတယ်။
ကျွန်တော်ထိုင်လိုက်တော့ ရမ်ဘိုက ကျွန်တော့်ပေါင်ပေါ်ကို မေးတင်ထားတယ်။ အဘွားအိုက မျက်စိကို လက်ကိုင်ပုဝါနဲ့ သုတ်နေတယ်။ သေသေချာချာကြည့်မှ မျက်ရည်တွေ ကျနေတာပါလား
“အဘွား … ဘာဖြစ်လို့လဲခင်ဗျာ”
“အင်း … သားကို သတိရလိုက်တာကွယ်”
“ဘယ်ကသားများလဲအဘွား”
“ရမ်ဘို့ သခင်လေ။ အဘွား သားပေါ့”
“သြော် ခရီးထွက်သွားလို့လား”
“မဟုတ်ဘူး … သေသွားပြီ … အဘွား မင်းကို သတိထားကြည့်နေတယ်။ မနက်တိုင်း မင်းတိုက်ရှေ့ကဖြတ်ရင် ရမ်ဘိုက အရမ်းသောင်းကျန်းတာပဲ။ မနက်တိုင်း အဘွား သားကလည်း လမ်းလျှောက်တယ်လေ။ သူက လမ်းလျှောက်ရင် ရမ်ဘိုကို ခေါ်သွားနေကျ။ နောက်ပြီး မင်းလိုပဲ ဘောင်းဘီတို၊ လမ်းလျှောက်ဖိနပ်နဲ့ဆိုတော့ ရမ်ဘိုက သူ့သခင်ကို သတိရမှာပေါ့ကွယ်”
အဘွားအိုက အသံတိမ်ဝင်သွားပြီး မျက်ရည်ကို သုတ်လိုက်ပြန်တယ်
“အဘွားလည်း သူဘာကြောင့် ဒီအချိန် ဟောင်နေသလဲပေါ့။ သူက သားနဲ့ မနက်တိုင်း လမ်းလျှောက်ထွက် နေကျဆိုတော့ အပြင်ကို လျှောက်လည်ချင်မှာပေါ့။ သူက မင်းကို ခင်ပုံရတယ်။ ကြည့်ပါဦး အိပ်နေလိုက်တာ”
ရမ်ဘိုက ကျွန်တော့်ပေါင်ပေါ်မှာ ခေါင်းတင်ပြီး မျက်လုံးလေးမှိတ်ထားတယ်။ ကျွန်တော်က သူ့အမွှေးတွေကို လက်နဲ့ ပွတ်ပေးနေတာကို ဇိမ်ယူနေတာ။
“အဘွား ကျွန်တော်သွားဦးမယ်”
“သြော် … အေး … အေး … သွား … သွား”
သွားလို့သာဆိုတယ် ခွေးကို ဘယ်လိုဖယ်ရမှန်းမသိဘူး။ ကျွန်တော်က သူ့မေးလေးကို မပြီးတော့ အောက်ကို ချလိုက်တယ်။
ရမ်ဘိုက အမြီးတွေနှံ့ပြီးတော့ ကျွန်တော့်ကို လက်လေးလှမ်း လှမ်းပေးနေတယ်။ ကျွန်တော်က မဖြစ်တော့ပြီမို့ ကျောခိုင်းပြီး ဇွတ်ထွက်ခဲ့တယ်။ ရမ်ဘိုက နောက်က ပြေးလိုက်တယ်။ ခုန်ပေါက်ပြီး မြူးတယ်။ ကျွန်တော့်ကို လှည့်ပတ်ပြီးပြေးတယ်။
ခက်တော့နေပြီ
photo ; google