ကိုယ်ရှုပ်ထားတာမဟုတ်ရင်သွားမရှင်းနဲ
ကိုယ်ရှုပ်ထားတာမဟုတ်ရင်သွားမရှင်းနဲ့
လူတွေဟာ ပြဿနာပေါင်းစုံ ရှင်းနေကြရတယ်။ ကိုယ်ရှုပ်ထားတာလည်း ကိုယ် ရှင်းရတယ် ကိုယ်မရှုပ်တာလည်း ရှင်းရတယ်။
မိဘနဲ့လည်း ဖြေရှင်းချက်တွေ ပေးရတယ်။ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေနဲ့လည်း အခန့်မသင့်ရင် အထင်လွဲတတ်ကြလို့ ဖြေရှင်းချက်တွေ တသီတတန်းကြီး ပေးရတယ်။ အသင်းအဖွဲ့နဲ့ လုပ်ရင်တော့ ပြောမနေနဲ့တော့ .. ပေးလိုက်ရတဲ့ ဖြေရှင်းချက် ဆိုတာ နော်။
ဆိုးတာက မနာလိုစိတ်နဲ့ ပုတ်ခတ်ပြောဆိုတဲ့သူတွေရဲ့ စကား။ သူတို့ရဲ့ ဆိုးဝါးတဲ့ စကားတွေကို ဖြေရှင်းရမယ် ဆိုတာတော့ တော်တော်ဆိုးတဲ့ အလုပ်ပဲလို့ ပြောရမယ်။ ခက်တာက ဘယ်သူ့သွား ဖြေရှင်းရမှန်းလည်း မသိတာပဲ။
ဒီလို သူတစ်ပါးကို အပနာပပြောတတ်သူတွေနဲ့ ပတ်သက်ပြီး ရွှေဥမင်ဆရာတော်ဘုရားကြီး ပျံလွန်တော် မမူခင် ဆုံးမခဲ့တာလေးကို တစ်သက်လုံး ရင်ဝယ်သိမ်းထားမိပါတယ်။
အဲဒီအချိန်မှာ ဆရာတော်ကြီးက အင်မတန်အားနည်းနေပြီ။ မေတ္တာကရုဏာ ကြီးမားလှတဲ့ မျက်လုံးလေးတွေက အရောင်မှိန်နေကြပြီ။ ထိုင်ခုံပေါ်ကနေ အသာအယာငုံ့ကြည့်လို့ .. ခေါင်းလေးကို ငဲ့ပြီး .. လေသံလေးနဲ့ မိန့်တော်မူတယ် .. ကိုယ်ရှုပ်ထားတာ မဟုတ်ရင် သွားမရှင်းနဲ့တဲ့။
ဆရာတော်ကြီး ဆုံးမခဲ့တာတွေ အများကြီးပါ။ ဒီတစ်ခွန်းကတော့ အဲဒီတုန်းက ကိုယ့်ရဲ့ ခံပြင်းတတ်တဲ့သဘောကို ထိန်းပေးနိုင်ခဲ့လို့ အင်မတန်ကျေးဇူးကြီးပါတယ်။
အထင်လွဲတယ် ဆိုတာ လူ့သဘာဝပဲနော်။ ကိုယ်လည်း အထင်လွဲတတ်တယ်။ သူလည်း အထင်လွဲတတ်တယ်။
ကိုယ်အထင်လွဲမိရင် သူများဆီက ဖြေရှင်းချက်ကို မရအရ တောင်းနေမယ့်အစား ကိုယ့်ဘာသာ ကိုယ့်စိတ်ကို အရင် သိဖို့ ကြိုးစားသင့်ပါတယ်။ ငါ ဘာဖြစ်နေတာလဲ ငါ့စိတ်က သိမ်ငယ်စိတ်များနေသလား အရင် ကြည့်သင့်တယ်။
ကိုယ်တိုင်က စိတ်အားနည်းနေမယ် သိမ်ငယ်စိတ်ရှိနေမယ် ဆိုရင် သူတစ်ပါး သူ့ဘာသာချောင်းဆိုးတာတောင် အဲဒါ ငါ့ကို တမင်သက်သက် လုပ်တာလို့ ထင်ရင်ထင်တတ်တယ်။ အဓိက က ကိုယ့်စိတ်က အားနည်းနေတာ အားငယ်နေတာ သိမ်ငယ်နေတာဆိုတာ လက်ခံဖို့ ကြည့်ရဲဖို့ သတ္တိရှိရမယ်။ အဲဒါ မသိရင် အပြင်ကို အပြစ်ရှာတယ်။
ကိုယ့်ကိုလည်း သူတစ်ပါးက မဟုတ်မဟပ်တွေ လုပ်ကြံပြီး ဂုဏ်နိမ့်အောင် လုပ်ဖို့ ကြိုးစားကြတာလည်း ရှိမှာပဲ။ တစ်ခါတလေ ရင်းမြစ်ဘယ်သူလဲ ဆိုတာတောင် အစရှာမရဘူး။ မနာလိုသူတွေ စုပေါင်း လက်ဆင့်ကမ်းလိုက်ကြတာနော်။ အဲဒီအခါ ဘယ်လိုသဘောထားမလဲ။ စိတ်ဆိုးမလား။ ဖြေရှင်းမလား။
တကယ် တန်ဖိုးရှိတဲ့အလုပ်ကို လုပ်နေတဲ့သူတွေကတော့ ခွေးဟောင်တိုင်း ထမကြည့်နဲ့ ဆိုတဲ့အတိုင်း သူတို့ဘဝကိုသူတို့ယုံကြည်ချက်နဲ့ ဆက်လက်လျှောက်လှမ်းနေကြတာ မျက်မြင်ပဲနော်။
တန်ဖိုးရှိတဲ့လူက တန်ဖိုးရှိတဲ့အလုပ်ကို တန်ဖိုးရှိမှန်းသိတဲ့စိတ်နဲ့ နေ့ရော ညရော လုပ်နေပြီဆိုရင် သူ့မှာ အချိန်ပို မရှိဘူး။ အဲဒီ အပနာပစကားတွေ လိုက်ဖြေရှင်းနေဖို့ အချိန်လည်း မပေးဘူး။
အဲဒီတော့ ခုနပြောသလိုပဲ။ ကိုယ်ရှုပ်ထားတာ မဟုတ်ရင် သွားမရှင်းဘူး။ ဥပက္ခာ အပြည့်နဲ့ နေနိုင်တယ်.. နေနိုင်တဲ့ စွမ်းအားလည်း ရှိတယ် .. စိတ်အင်အားလည်း ရှိတယ်။
လူတွေမှာ ကိုယ်လုပ်မိတဲ့ အမှားတောင် ကိုယ်တာဝန်ယူရတာ မနည်းပါဘူးနော်။ ကိုယ်ရှုပ်ထားမိတာရှိလည်း ရှင်းကို ရှင်းရမှာပါပဲ။
ကိုယ်ရှုပ်မထားရင်တော့ သွားရှင်းမနေပါနဲ့။
တကယ်အလုပ်ကြီးကြီးကို စိတ်ကြီးကြီးနဲ့ လုပ်မယ် ဆိုတဲ့သူအတွက် သူတစ်ပါးအထင်အမြင်တွေကို ဥပက္ခာပြုတတ်တာ ပိုတောင် အရေးကြီးပါတယ်။
ကောင်းကင်မှာ လမင်းကြီးက သူ့ဘာသာ သာ နေတာပါပဲ ...
မနာလို ဝန်တိုစိတ် အားကြီးတဲ့သူတွေကလည်း သူတို့အကျင့်အတိုင်း လုပ်နေကြတာပါပဲ..
တန်ဖိုးရှိတဲ့သူတွေကလည်း တန်ဖိုးရှိတဲ့အလုပ်ကို လုပ်မြဲအတိုင်း လုပ်နေကြတာပါပဲ ...
ကမ္ဘာလောကကြီးကလည်း ခွေးဟောင်တိုင်း ထမကြည့်ဖို့ လိုအပ်နေဆဲပါပဲ ..
photo: google