ထီး​လေး တစ်ချောင်းတည်းနဲ့

in #esteem6 years ago

အသက်က​လေးရယ်တဲ့ ရှည်​စေလို မြနန္ဒာ​ ရေညိုသမ်းတဲ့ မန်း​တောင်ရိပ်ခို တဲ့။ ယခုမူ ​ရွှေမန်း​တောင်ရိပ် ခိုနိုင်​ရေးထက် ထီးတစ်​လက်လက် အရိပ် ခိုနိုင်​ရေးက ပို၍ အ​ရေးကြီး​ နေပါပြီ။ မထင်မှတ်​ဘဲ မိုး​တွေက မည်းတက်လာ၏။

"ဒုက္ခပဲ ... မိုးရွာရင်​တော့"

မဝါမှာ မည်းတက်လာ​သော မိုးများကို​ မော်​ကြည့်ရင်း စိုးရိမ်နေမိသည်။ စိုးရိမ်စိတ်​​ကြောင့်​ ခြေလှမ်းကို ခပ်သွက်သွက်​ လျှောက်လိုက်သည်။ ထိုစဉ်​မှာပင် မန္တလေးမိုးက ဝုန်းဝုန်းဒိုင်းဒိုင်း ရွာချလိုက်သည်။

"ကလစ်​"

"​ဖျောက်"

"အို ..."

ကလစ်​ဆို​သော အသံနှင့်အတူ ​ဖျောက်ဆို​ ထီးက ပွင့်သွားပြီး မဝါကို မိုးစက်များ​အောက်​ ရောက်မည့် အ​ရေးက ကာကွယ်​ပေး လိုက်သည်။ မဝါ လှည့်ကြည့် လိုက်​တော့ အဘိုးကြီး တစ်ယောက်။

"ငါ့​မြေး ထီးမပါရင် ဒီထီး​ ဆောင်း။ ဘမှာ ထီးအပို ပါ​သေးတယ်"

"ဟုတ်​ ... ဟုတ်​။ ​ကျေးဇူးပဲ"

မဝါမှာ ထီးကို ကပျာကယာ လှမ်းယူလိုက်သည်။

"ဘက မြို့သစ်​ထဲမှာ​ နေတယ်ကွဲ့။ မြန်မာ သမားတော်​ကြီး ဘ ဆိုရင် ​ခြောက်ဆယ့်နှစ်​လမ်း တစ်လျှောက် ဘယ်သူ့​မေး​မေး ရတယ်။ လူတိုင်း သိကြပါတယ်။ ဒါနဲ့ ငါ့​မြေးက ..."

"မဝါ တဲ့။ ချမ်းမြသာစည်မှာ​ နေပါတယ်။ ​လေယာဉ်​ကွင်းနဲ့ မျက်နှာချင်းဆိုင် ခြံအမှတ်​ တစ်​ဆယ်မှာ ..."

"​ဪ ... နီးသားပဲ။ ငါ့​မြေးမှာ ထီးမပါရင် ယူသွားပါ။ ဘ လမ်းကြုံ​တော့ ဝင်ယူလိုက်မ​ယ်။ အဲဒီထီးက အခုမှ ဝယ်လာတာ၊ အသစ်​ပါ"

"အားနာစရာကြီး ..."

"အားမနာပါနဲ့။ ကြုံတုန်း ကူညီခွင့်ရတုန်း ကူညီရတာ ရပါတယ်။ ယူသွားပါ"

မဝါမှာ ယူရ အခက် မယူရ အခက် မိုးကလည်း ရွာ​ကောင်းတုန်း။ ယခုမှ မြင်ဖူးသည့် အဘိုးကြီးဆီမှ ထီးကို ယူသွားရမည် ကိုလည်း မဝံ့မရဲ ဖြစ်နေသည်။

"ယူသွားပါ ငါ့​မြေးရဲ့။ မိုးက ​တော်​​တော်​နဲ့ တိတ်​မယ့်ပုံ မ​ပေါ်ဘူး"

တ​ဗျောင်း​ဗျောင်း ရွာ​နေ​သော မိုး​ကြောင့် မဝါသည် ထီးကို ယူသွားရန် ဆုံးဖြတ်​လိုက်ပြီး

"​ကျေးဇူးပဲဘ။ သမီး လာပို့​ပေး ပါ့မယ်​နော်​"

"ရပါတယ် ငါ့မြေး စိတ်​ချမ်းသာသလို လုပ်"

မဝါက ဘကို ပြုံး၍ နှုတ်​ဆက်လိုက်ပြီး ထီးနှင့်အတူ မိုး​ပေါက်များ ကြားမှာ တိုးဝင်​ပျောက်ကွယ် သွား​တော့သည်။ ဘသည် ခဏတာမျှ ရပ်​ငေးကြည့်​ နေလိုက်သည်။ မဝါမှာ ထီးလိုအပ်​ နေနိုင်သည်ဟု ယူဆ၍ ​ပေးငှါး လိုက်ခြင်းပါ။ ဘသည် သမား​တော်​ကြီး မဟုတ်​ပါလား။


မိုးသည် ရွာ၍​ ကောင်း​နေဆဲ။ မန္တလေးမိုးမှာ မရွာ​သေးလျှင် ​နေ​ရော့။ ရွာပြီ ဆိုလျှင်လည်း သည်းကြီးမည်းကြီး။

ဘ သူ့တိုက်သို့ ပြန်​ရောက်သည် အထိ မိုးကား မတိတ်​​သေး။ ဘ တိုက်ထဲ ဝင်မိသည်နှင့်

"ဟင် ... ဘ၊ ထီးဝယ်မလို့ဆို သွားပြီး မဝယ်ခဲ့ဘူးလား"

ကိုကိုက ဆီး၍ ​မေးခြင်း ဖြစ်​ပါသည်။ ဘက သူ၏ ထီး​ဟောင်းကို တံခါးဝ ချိတ်​မှာ ချိတ်​ထားလိုက်ပြီး ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

"ဝယ်ခဲ့ပါတယ်ကွ"

"ဘယ်မှာလဲ"

"​ကောင်မ​လေး တစ်ယောက် မိုးမိ​နေတာနဲ့ ငှါးလွှတ်​လိုက်တယ်"

"အသိလား ..."

"မသိပါဘူး"

ကိုကိုက သူ့နဖူးသူ လက်ဝါးနှင့် ရိုက်လိုက်ရင်း

"ဆုံးပါပြီ"

"မဆုံးပါဘူးကွ။ ရမှာပါ၊ လာပို့ပါလိမ့်မယ်"

ကိုကိုနှင့် ညီညီမှာ ဘကို ကြည့်၍​ တော်​​တော်​ စိတ်​ပျက် သွားသည်။

"ဘရယ်၊ လူလိမ်ဆိုတာ ​ယောက်ျား​တွေချည်း မဟုတ်​ဘူး။ မိန်းမ လူလိမ်တွေလည်း ရှိတာပဲ"

ဘက ​အေး​အေး​ဆေး​ဆေး ထိုင်​နေရာမှ

"လာပို့မှာ​ပေါ့ကွ။ ငါ အူတူတူ အတတ မဟုတ်​ပါဘူး။ မှန်းဆ တတ်​ပါတယ်"

"လာမပို့ရင် ဘယ်လို လုပ်မလဲ ... ကဲ ..."

"လိုက်​တောင်းမှာ​ ပေါ့ကွ။ ငါ အိမ်လိပ်စာ​​ မေးခဲ့ပါတယ်"

"မထင်ပါနဲ့။ လူလိမ်က အလကား လိပ်စာအမှန်​ ပြောပါ့မလား။ ​ရေထဲ ပစ်​လိုက်တာကမှ ပလုံဆို မြည်လိမ့်ဦးမယ်။ ဒါက ​လေထဲ ပစ်​လိုက်တာ၊ ပလုံ​တောင် ကြားရမှာ မဟုတ်​ဘူး"

"​စောင့်ကြည့် ပါဦးကွာ။ မင်းတို့က လူကို အပြစ်​တင်ဖို့ပဲ တတ်​တယ်"


သို့ဖြင့် ရက်​ပြောင်း၍ ​နောက်တစ်နေ့ပင် ကုန်ခဲ့ပါ​လေပြီ။ မဝါကား​ ပေါ်မလာ။

"ဘယ်မှာလဲ ထီး"

"စောင့်​ကြည့်ပါဦးကွာ။ ​ကောင်မ​လေး ကြည့်ရတာ ရိုးရိုး​လေးပါ"

ကိုကိုက မ​ကျေမနပ်နှင့်

"ဘယ်​လောက်ကြာကြာ​ စောင့်ရမှာလဲ။ ငါးနှစ်​လား ... ဆယ်နှစ်​လား ..."

"ကွာ ... မင်းတို့ကလဲ ထီး​လေး တစ်ချောင်းတည်းနဲ့​ သောကများ​ နေလိုက်ကြတာ။ နက်ဖြန်မှာ လာမပို့ရင် ​နောက်​နေ့ ငါ လိုက်​တောင်း ပါ့မယ်ကွာ"

"ဒါပဲ။ ကျွန်​တော်​တို့သာ ခုလို ဖြစ်​လာရင် ဘ​ ပြောလို့ပြီးမှာ မဟုတ်​​ဘူး"

သည်လိုနှင့်ပင် ​​နေ့ရက်တို့က ကုန်ခဲ့ပြန်ပါပြီ။ ​နောက်တစ်နေ့ ပြီး​တော့ ​နောက်တစ်နေ့။ ​နောက်တစ်နေ့ နံနက်​ စော​စောမှာ​တော့ ဘသည် ​လေဆိပ်သို့ လမ်း​လျှောက်ရင်း ထွက်ခဲ့သည်။

"ကိုယ့်ပစ္စည်း ကိုယ်ပြန်​ တောင်းရ​ပေမယ့် အားနာစရာကြီး ..."

ဘသည် လမ်း​ဘေး ခြံအမှတ်​များကို ကြည့်လာသည်။

"ခြံအမှတ်​ တစ်​ဆယ်လို့​ ပြောတာပဲ ... ​ဟော .. ခွန် .. ဟုတ်​ပြီ။ ဟိုဘက်မှာ ရှစ်​ ... ကိုး ... တစ်​ဆယ် ..."

ဘက ခြံအမှတ်​ တစ်​ဆယ်ကို​ တွေ့တော့ ရပ်လိုက်ပြီး ခြံတွင်းကို လှမ်းကြည့်သည်။ တံခါးဖွင့်ထား​ သော်​လည်း လူရိပ်မမြင်။ ဘ ဝင်ခဲ့သည်။

ခြံလယ်​ရောက်မှ ပန်းပင်​ ရေ​လောင်း​နေ​သော ဖွားစွာနှင့်​ တွေ့ကာ

"ဘာကိစ္စ ရှိလို့ပါလိမ့်"

"လမ်းကြုံတာနဲ့ ဝင်လာတာ။ အလည် ဆိုပါ​တော့"

ဖွားစွာက မသင်္ကာ​သော မျက်လုံးနှင့် ကြည့်လိုက်ပြီး

"ဘာ ... ​တော်​နဲ့ ကျုပ်နဲ့က သိလို့လား"

"မသိဘူး​လေ"

"မသိဘဲနဲ့ ဘာလာပြီး အူကြောင်​ကြောင် လုပ်ရတာလဲ"

"ဒီလိုပါ။ ကျုပ်က မဝါရဲ့မိတ်​​ဆွေ ဆိုပါ​တော့"

"အမယ်မယ်​လေး ... ဒီ အသက်အရွယ်ကြီးက ကျုပ်​မြေးရဲ့ မိတ်​​ဆွေတဲ့။ သူငယ်ချင်းတဲ့​။ တော်​ ... တိတ်​။ အဓိပ္ပါယ် မရှိတာ၊ အရူးစကား​တွေ မ​ပြောနဲ့။ အခု ပြန်ပါ။ ဒါပဲ။ မဝါလည်း မရှိဘူး"

"အွန် ..."

ထိုအချိန်

"ဒါ ... သမား​တော်​ကြီး ဘတို့တိုက် ပါလားရှင်"

ကိုကိုနှင့် ညီညီသည် အသံကြားရာ ခြံတံခါးဝသို့ ကြည့်မိပြီး​နောက် ပြန်​ဖြေရန်ပင်​ မေ့သွားကြသည်။ နှစ်ယောက်သား မဝါကို​ ငေးကြည့်​ နေမိသည်။

"ဟို ... ဟို ... ကျွန်မ ဘနဲ့​ တွေ့ချင်လို့ပါ"

ဒုတိယအကြိမ် ပြောလာကာမှ ကိုကိုနှင့် ညီညီမှာ ရုတ်​တရက် အသက်ဝင် သတိရလာသလို

"ဘ လမ်း​လျှောက် ထွက်သွား ပါတယ်ခင်ဗျ။ အခု ပြန်လာ​တော့မှာပါ။ ဝင်ပါ။ ထိုင်ပါဦး။ ခု ... လာ​တော့မှာပါ"

မဝါသည် ဝင်ထိုင်ရ​ ကောင်းနိုးနိုး ရပ်​စောင့်​နေရ မလိုလို စဉ်းစား​နေစဉ်

"ဘ ထီးငှါးလိုက်တဲ့ မ ... အဲ ... ထင်တယ်။ ဘက​တောင်​ ပြော​နေတာ ခဏခဏပဲ။ သတိရ​နေတာ ..."

"ရှင် .. ဘယ်လို​ ပြော​နေတာလဲ"

မဝါက စိုးရိမ်စွာ​ မေးသည်။

"ထီး လာပို့ရင်​တော့ ​တွေ့ရဦးမှာ​ပေါ့​လေလို့ ​ပြော​နေတာပါ​။ နေမှ ကောင်းရဲ့လား ဆိုပြီး စိုးရိမ်နေတာ။ အ​တော်​​လေး​ တွေ့ချင်​ နေတာပါ။ လာပါ။ ခဏဝင်ထိုင်​ စောင့်ပါဦး။ ဘ လာ​တော့မှာပါ"

ကိုကို၏ စကား​ကြောင့် မဝါမှာ အားနာလာသည်။ ပြီး​တော့ ဘကိုလည်း​ တွေ့၍ ​ကျေးဇူးတင်စကား​ ပြောချင်သည်။ ထို့​ကြောင့် ဧည့်ခန်းမှာ ဝင်ထိုင်ဖြစ်​ရ ပါ​တော့သည်။

"ဘ လမ်း​လျှောက်တာ သိပ်မကြာတတ်​ပါဘူး"

ညီညီက ဧည့်ခံစကား​ ပြော​နေစဉ်​မှာ ကိုကိုက အတွင်းခန်းသို့ ဝင်သွားကာ ကြက်ဥ​ ပေါင်မုန့်​ကြော်​၊ ​ကော်​ဖီနှင့် အခြား စားစရာများ ယူလာကာ ချ​ပေးသည်။

"စားပါဦး"

"အားနာစရာကြီးရှင်"

"ညီညီ ဧည့်ခံစကား​ ပြောနှင့်ကွာ။ ငါ ​ရေ​နွေး သွားလုပ်လိုက်ဦးမယ်"

ကိုကိုက ပြန်လှည့်ဝင် သွားသည်။

ညီညီက မုန့်များကို မဝါ​ရှေ့သို့ တိုး​ပေးရင်း

"ဘရဲ့ဧည့်သည်ဆို​တော့ ကျွန်​တော်​တို့ရဲ့ ဧည့်သည် ပါပဲဗျာ"

"ဧည့်သည် ဆို​ပေမယ့် ကိုယ်နဲ့ မသိတဲ့လူ​တွေ။ လာပြီး ဒုက္ခ​ပေးသလို ဖြစ်နေပြီ"

"အို ဒုက္ခလို့ မထင်ပါဘူး။ ခုလို ဆုံရကြုံရ သိရကျွမ်းရတာ ကိုပဲ ဝမ်းသာလှပါပြီ။ ကျွန်​တော့်​နာမည်က ညီညီပါ"

"ဟုတ်​ကဲ့ မှတ်​ထားပါ။ ကျွန်မ နာမည်က မဝါတဲ့"

တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးပြလိုက် ကြသည်။ မဝါမှာ သည်အချိန်တိုက​လေး အတွင်းမှာ ဘာလို့ ရင်းရင်းနှီးနှီး အမူအရာ​တွေ ပြမိပါလိမ့်​ဟု ​တွေးမိကာ ​ခေါင်းငုံ့လိုက်သည်။ ​ရှေ့ခန်းသို့ ထွက်လာအံ့ဆဲဆဲ ကိုကိုသည် ညီညီတို့၏ အရိပ်အ​ခြေကို ကြည့်ကာ မထွက်လာ​တော့ဘဲ အသာ ပြန်ဝင်သွားသည်။

ညီညီက

"စားပါဦး။ ဘာလဲ ကျွန်​တော်​ မဝါတို့ဆီ အလည်လာရင် ပြန်ပြီး ဧည့်ခံရမှာ​ကြောင့် မစားတာလား"

မဝါက မျက်​စောင်းထိုး ကြည့်လိုက်ပြီး

"ကိုညီညီ့ကို ဘယ်သူက ဖိတ်​လို့ လာမှာလဲ"

"ကျွန်​တော်​က မဖိတ်​လည်း လာတတ်​ပါတယ်"

"ဒီဧည့်သည်က တစ်​မျိုးပါလား"

ညီညီက ပြုံးလိုက်ရင်း

"ကြုံဖူးပြီ​ပေါ့ ..."

မဝါက မျက်လုံး​ထောင့်ကပ် ကြည့်ကာ

"မ​ခေါ်ဘဲနဲ့ လာတဲ့ ဧည့်သည်များ မနှင်ဘဲနဲ့ ပြန်သွား တတ်​တယ်လို့ ကြားဖူးတာပဲ"

"ကျွန်​တော်​က​တော့ မနှင်ဘဲနဲ့ မပြန်တတ်​ပါဘူး။ ​ပြော မဝါတို့ဆီ ဘယ်​တော့ လာရမလဲ"

"အိုး ... အဲလိုဆို​တော့​ ခေါ်တဲ့ဧည့်သည် ဖြစ်​သွားမှာ​ပေါ့"

"ဒါမှ နှင်လည်း မပြန်လို့ ရမယ်​လေ"

သူတို့နှစ်ယောက် အကြည့်ချင်း ဆုံမိကြပြန်သည်။ သူတို့သည် သူ့အ​ကြောင်း ကိုယ့်အ​ကြောင်း သူ့ကိစ္စ ကိုယ့်ကိစ္စ စကားမရှိ စကားရှာ ပြောကြသည်။ ညီညီက မဝါ၏ အလှမှာ ​ငေး​နေမိသလို မဝါကလည်း ညီညီ၏ တည်ကြည်​သော ရုပ်ရည်နှင့် ရည်မွန်​သော အ​ပြောအဆို ပြည့်စုံ​သော ဘဝတို့ကို သ​ဘောကျမိ​ နေပါပြီ။ မဝါသည် သူအလုပ် လုပ်ရသည့် ကုမ္ပဏီ အ​ကြောင်း၊ ​ယောက်ျား​လေး မိတ်​​ဆွေ အ​ပေါင်းအသင်း လုပ်ခွင့် မရှိ​ကြောင်း၊ ​ယောက်ျား​လေး သူငယ်ချင်း ထားသည်ကိုပင် မကြိုက်​ကြောင်း၊ ဖွားစွာ စိတ်​တိုတတ်​ပုံတို့ကို​ ပြောပြ​နေမိသည်။

ထိုစဉ်

"ဟိတ်​"

"ဟင် ... ဘ"

"ဘ"

ညီညီနှင့် မဝါတို့က ပြိုင်တူလိုလို နှုတ်​ဆက်လိုက်သည်။

ဘသည် သူတို့​ဘေးမှာ ဝင်ထိုင်လိုက်ရင်း

"ငါ့​မြေးက ဒီ​ရောက်​ နေတာကိုး။ ဘက ငါ့​မြေးတို့တိုက်​ ရောက်ခဲ့​သေးတယ်။ ထီးတောင်းချင်လို့ မဟုတ်​ဘူး​နော်​။ မိုးမိလိုက်​တော့ ​နေမှ​ ကောင်းရဲ့လားလို့ စိုးရိမ်လို့။ ဟီး ... ဟီး ... အဘွားကြီး တစ်ယောက်နဲ့​ တွေ့ပြီး​ ဟောက်လွှတ်​တာနဲ့ ထွက်​ပြေး လာရတာ"

"ဖွားကိုယ်စား မဝါ​ တောင်းပန်ပါတယ် ဘရယ်။ မိုးနည်းနည်း မိလိုက်ပြီး​ နေမ​ကောင်း ဖြစ်​သွားတာနဲ့ မဝါလည်း ထီးလာမပို့ ဖြစ်​တာ"

ထိုစဉ်​ ကိုကိုလည်း အသီးအနှံများ ယူ၍ ထွက်လာသည်။

ဘက

"ကဲ ... ဘယ်လိုလဲ။ မင်းတို့ ငါ့ကို ထီးငှါးရ​ ကောင်းလားလို့ အပြစ်​တင်ကြ ဦးမှာလား"

မဝါက ကိုကိုနှင့် ညီညီကို လှမ်းကြည့်သည်။

ညီညီက ဘကို

"အပြစ်​တင်တဲ့ အထဲ ကျွန်​တော်​ မပါဘူး​နော်​ ကိုကို"

မဝါက ပြုံး​နေသည်။ ဘနှင့် ခဏကြာမျှ စကား​ပြော​ပြီးမှ ထပြန်သွားသည်။

ဘသည် မဝါကို ခြံဝအထိ လိုက်ပို့ရင်း

"​နောက်လည်း အလည်လာနိုင် ပါတယ်​နော်​ ငါ့​မြေး"

"ဟုတ်​ကဲ့။ လာခဲ့ပါ့မယ်"

"ကဲ ... ကဲ ... သွား​တော့"

မဝါ ထွက်သွားသည်ကို မျက်စိတဆုံး ကြည့်​နေပြီးမှ ပြန်ဝင်ခဲ့သည်။

ဘသည် တိုက်ထဲသို့ ပြန်ဝင်လာပြီး

"​ခွေး​ကောင်​တွေ ငါ့ရိက္ခာထုပ်​တွေ ထုတ်​ပြီး မျက်နှာလုပ်လိုက် ကြတာ​ပေါ့​လေ၊ ဟုတ်​လား"

ကိုကိုနှင့် ညီညီတို့က ပြုံး​နေကြသည်။

ကိုကိုက

"ဘ"

"ဘာလဲ"

"ကျွန်​တော့်​ဖို့ပါ တစ်ယောက်​လောက် ရှာ​ပေးရင် ပိုပြီး အဆင်​ပြေမယ်"

"မင်းဖို့က​တော့ အချိန်ယူ ရှာရမယ်ကွ။ ​လော​လောဆယ် ငါ့ဖို့​တော့ ​တွေ့ခဲ့ပြီ။ သူ့အဘွား​လေ ... ​ဟေး​ ... ဟေး ..."


နေ့ရက်တို့သည် ကုန်လွန်ခဲ့ပါပြီ။

ညီညီမှာ မဝါ၏ အလုပ်သွား အလုပ်ပြန် အလုပ်နားချိန်တိုင်း အတွက် သက်​တော်​​စောင့် ဖြစ်နေပါပြီ။ သွားအတူ လာအတူ စားအတူ တစ်ယောက်ကို တစ်ယောက် ချစ်ကြောင်း မ​ပြောဘဲနှင့် သိ​နေ​သော စုံတွဲ ဖြစ်​ပါသည်။ တစ်ယောက်ကို တစ်ယောက် ကြင်နာပြသည်။ ​စေတနာထား ကြသည်။ အလိုလိုက် ကြသည်။ တစ်ယောက် မကြိုက်တာကို တစ်ယောက်က မလုပ်။

တစ်​ရက်မှာ​တော့ ညီညီက

"မဝါ"

"ရှင်"

"ကျွန်​တော်​ ဘယ်​​တော့ စာ​မေးပွဲ​ ဖြေရမှာလဲ"

"ဘာ စာ​မေးပွဲလဲ"

"အချစ်​ စာ​မေးပွဲ​လေ။ ကျွန်​တော့်​ အချစ်​ကို ​စေတနာထားတဲ့ ဘာသာရပ်၊ အလိုလိုက်တဲ့ ဘာသာရပ်၊ အချစ်​စကား နား​ထောင်တဲ့ ဘာသာရပ်​တွေဆို ဂုဏ်​ထူး​တောင် ထွက်မယ် ထင်တာပဲ"

မဝါက ညီညီ့ကို စူးစူးစိုက်စိုက် ကြည့်​သည်။

"မဝါက​တော့ ကိုညီ့ကို စိတ်​ရှည်မှု ဘာသာရပ်မှာပါ ဂုဏ်​ထူးထွက်​စေ့ ချင်တယ်​လေ။ ဒီ​တော့ ခဏစောင့် ပါဦးလား"

စကား အဆုံးမှာ မဝါက ပြုံးလိုက်သည်။

ညီညီက မဝါကို ဦးညွတ်​ အ​လေးပြုလိုက်ပြီး 

"လေးစားပါတယ်"

နှစ်ယောက် ပြိုင်တူ ပြုံးမိပြန်သည်။

မဝါက

"ဒါနဲ့ ဒီ​နေ့ လာတဲ့ကိစ္စ​ ပြောပါဦး။ ခါတိုင်းလို ထမင်းအတူ စားဖို့ပဲလား"

"အပို​ ပြောစရာ စကားလည်း ပါတယ်"

"ဘာပါလိမ့်"

"ဘ ကားအသစ်​ တစ်​စီး ဝယ်လာလို့ နက်ဖြန် ကားစမ်းရင်း ပြင်ဦးလွင် တက်ရ​အောင် မဝါကို လာ​ခေါ်မယ်​လေ"

"အပိုင်ကြီးပါလား"

"မဝါက မလိုက်ဘူး​ပေါ့"

"ဘယ်သူက မလိုက်ဘူး​ ပြောလို့လဲ"

"ဒါဖြင့်​ ပြော။ ဘယ်ကို လာ​ခေါ်ရမလဲ"

"အလုပ်ပိတ်​ရက်ကြီး"

"ဒါ့​ကြောင့် ​ခေါ်တာ​ပေါ့။ ဖွားကို အချိန်ပို ဆင်းရမှာ ဆိုပြီး​ ပြောခဲ့"

"လိမ်နည်း သူ သင်​ပေးတာ​နော်​"

မဝါက မျက်​စောင်းထိုး ကြည့်ရင်း​ ပြောသည်။ ညီညီ၏ ရင်မှာ ကြည်နူးမှု အပြည့်နှင့်။


နောက်တစ်နေ့ နံနက်မှာ​တော့

"ဟိုက် ငါ့ကား​ရော"

ဘမှာ အိပ်ယာထ မျက်နှာသစ်​ပြီး၍ တိုက်​ရှေ့သို့ ထွက်လိုက်သည်နှင့် သူ ဝယ်လာ​သော ကားကို မ​တွေ့ရ၍​ ပြောလိုက်ခြင်း ဖြစ်​ပါ၏။

"ကိုကို"

"ဗျာ"

"ခင်ဗျာ ထားခဲ့။ လူ လာခဲ့"

ကိုကိုက ​ပြေးထွက်လာသည်။

"ငါ့ကား​ရော"

"ညီညီ ယူသွားတယ် ဘ"

"ဟ ကားက ဘာမှ မလုပ်ရ​သေးဘူး။ ကာပရိုက်တာ လဲရမယ်။ အင်ဂျင်ဝိုင်​တွေ စစ်​ရဦးမယ်။ ဒုက္ခပဲ။ ဘယ်နား ထိုးရပ်​နေမယ် မသိဘူး"

"သူ တက်​မောင်းသွား​တော့​​ ဒေါက် ဝှီးပဲ။ ​သော့ဖွင့် လိုက်တာနဲ့ စက်နိုးသွားတာ။ ဘ သွားစရာရှိရင် သူ့ကားနဲ့ သွားတဲ့။ သူ့ကား ထားခဲ့တယ်"

"ထားခဲ့ရမှာ​ပေါ့ကွ။ နှစ်​စီးပြိုင် တစ်ယောက်တည်း မောင်းယူလို့မှ မရတဲ့ဟာကို။ အင်း ... ဟိုနားဒီနား ဆိုရင်​တော့ ကိစ္စမရှိဘူး။ မြို့ပြင် ထွက်သွားလို့ က​တော့ မင်း​ကောင် ကားရွက်ပြီး ပြန်လာရလိမ့်မယ်"

ဘက တိုက်ထဲ ပြန်လှည့်ဝင် သွားသည်။ ကိုကိုက ​နောက်မှ ကပ်ပါသွား၏။


ထိုအချိန် ညီညီနှင့်မဝါတို့မှာ ပြင်ဦးလွင်သို့​ ရောက်​နေပါပြီ။

"ဘ​တော့ ခုချိန်ဆို သူ့ကား​ ပျောက်သွားလို့ စိတ်​တို​ နေ​ရော့မယ်"

"ကိုညီက ​ပြောပြီး ယူခဲ့တာ မဟုတ်​ဘူးလား"

"​ပြောယူလို့ ရမှာ မဟုတ်​တာနဲ့ မ​ပြောဘဲ ယူခဲ့တာ။ ဘကလည်း အသစ်​ဆို ဘာဖြစ်​ဖြစ်​ သူအရင် သုံးလိုက်ရမှ"

ညီညီတို့်မှာ ​ရေတံခွန်လည်း​ ရောက်ခဲ့ပြီ။ ဘုံ​ကျောင်းလည်း​ ရောက်ခဲ့ပြီ။ ရုက္ခ​ဗေဒလည်း​ ရောက်ခဲ့ပြီ။

ရုက္ခ​ဗေဒ ဥယျာဉ်​မှ ပြန်အထွက်တွင်မူ

"ဖွတ်​ ... ဖွတ်​ ... ဖွတ်​ ... ဒုန်း ... ဒုတ်​ ..."

ကားက အသံမျိုးစုံ မြည်ပြီး​နောက် ထိုးရပ်သွားသည်။

"ဘာဖြစ်​ပါလိမ့်"

ညီညီက ကား​ပေါ်မှ ဆင်းကာ စက်ဖုံးကို ဖွင့်ကြည့်သည်။ ကြည့်သာ ကြည့်​နေ​သော်​လည်း သူလည်း ဘာမျှ မသိပါ။

မကြာမီ ​နေဝင်​တော့မည်။


"ကိုကို"

"ဘ"

"ကား​ရော လူ​ရော ပြန်မ​ရောက်ပါလား။ ငါထင်တဲ့ အတိုင်း ကားက လူပြန်စီး​နေပြီ ထင်တယ်"

ထိုအချိန်မှာပင်

"သမား​တော်​ကြီး ဘ ဆိုတာ"

အသံကြား၍ ဘက လှမ်းကြည့် လိုက်သည်။ တိုက်တံခါးဝမှာ ဖွားစွာကို​ တွေ့လိုက်ရသည်။

"ဟုတ်​တယ်။ အီစကိုပဲ"

"​ဪ ... တော်​ကိုး။ ​တော့်​မှာ ​မြေးညီညီ ဆိုတာ ရှိသလား"

"ညီညီနဲ့ မင်းနဲ့က သူငယ်ချင်းလား"

"ဒီမယ် ကျုပ်​မေးတာ ​ဖြေပါ"

"မရှိဘူး။ ​တွေ့ချင်ရင် မနက်မှ တစ်​ခါ လာပါ"

ဖွားစွာသည် စဉ်းစားလိုက်ပြီး

"ဒါဖြင့်ရင်​တော့ ​သေချာပြီ။ ဟုတ်​ပြီ။ သူ့သူငယ်ချင်း​တွေ ကလည်း ​ပြောတယ်။ ညီညီနဲ့ တွဲ​နေတာတဲ့။ ဒီ​နေ့မနက် ကလည်း ညီညီနဲ့အတူ ကားအနီ​လေးနဲ့ ​တွေ့လိုက်သတဲ့"

ဘ သည်မျှ မအပါ။ အရိပ်ပြလိုက်​တော့ အ​ကောင်မြင် ပါပြီ။

"ဒီမယ် အဖိုးကြီး"

"ဗျာ"

"ကျုပ်​မြေးကို​ တော့်​​မြေး ခိုးသွားတာပဲ ဖြစ်​ရမယ်။ ညမကူးခင် လာအပ်ပါ။ မအပ်ရင် နက်ဖြန် မနက်မှာ သက်ဆိုင်ရာကို တိုင်မယ်။ ​တော့်​ကိုပါ ကြံရာပါ ဆိုပြီး တရားစွဲမယ်။ ဒါပဲ"

"ဗု​ဒ္ဓေါ"

ဘနှင့် ကိုကိုမှာ ဖွားစွာ ပြန်သွားသည်နှင့် တိုက်တံခါးကို​ သော့ခတ်​ပြီး ညီညီသွားမည် ထင်သည့် ​နေရာများကို လိုက်ရှာသည်။ ဘယ်သူငယ်ချင်း အိမ်မှာမှ မ​တွေ့။ အ​မှောင်ထုသည်ပင် မန္တလေးမြို့ကို လွှမ်းမိုး သွား​လေပြီတကား။

နောက်တစ်နေ့နံနက်မှာ

""ဘ ... ဘ"

"ဘာလဲကွ။ ပျာယာပျာယာနဲ့"

"ဒီမယ် ညီညီ့ဆီက စာရောက်လာတယ်။ ကားပျက်ပြီး အချိန်လွန်သွားလို့ ပြန်မရ​တော့လို့ သူ မဝါကို ခိုး​ပြေးပါပြီတဲ့။ ကိစ္စအားလုံး​ ပြေလည်​အောင် လုပ်​ပေးပါ​တော့ တဲ့"

"​ဟေ"

"ဟေ မ​နေနဲ့။ ခုမှ​တော့ ဘာမှ မတတ်​နိုင်​တော့ဘူး။ သူ့အဘွားကိုသာ သွား​ပြော​ပေ​တော့"

"အိမ်း​ ... ပြောဆို ခု သွား​ပြောမှပဲ။ ​တော်​​နေကြာ လူ​ပျောက်မှု ဖွင့်လိုက်ရင် မရှုပ်သင့်ဘဲ ရှုပ်ကုန်မှာ"

ကိုကိုက ဘကို မ​ကျေမနပ်ကြည့် ကြည့်လိုက်ပြီး

"ထီးအငှါး​ကောင်း လိုက်တာ​လေ ..."

"မင်းကလည်းကွာ အ​ရေးထဲ"


ဖွားစွာမှာ မ​ကျေမနပ်နှင့် ဧည့်ခန်းတွင်းဝယ် ထိုင်​နေရာမှ ဝုန်းခနဲ ထရပ်လိုက်ပြီး

"ဘယ်နှယ့်​တော်​။ ​ယောက်ျား​လေးရှင်ပဲ ဆိုပြီး ငါတို့က အသာစီးရတယ် ဆိုပြီး ပမာမခန့် လုပ်တာ။ မ​နေ့ကတည်းက ​ပြေ​ပြေလည်လည် ဖြစ်​ဖို့​ တောင်းပန်စကား ဆိုရမယ့်ဟာကို ဘာမှမသိသလို လုပ်​နေတာ။ ဒီ​နေ့မနက်လည်း လာမယ်ဆိုပြီး ခုထိ ဘာမှ လာမ​ပြောဘူး။ ငါတို့ဘက်က အရှုံးမရှိဘူးဆိုပြီး ပစ်​ထားတာ"

ဖွားစွာက တိုက်တံခါးကို ​သော့ခတ်​ကာ ထွက်ခဲ့သည်။ ခြံဝ​ရောက်​တော့ ခြံတံခါးကိုပါ​ သော့ခတ်​လိုက်သည်။

"ခု ... သွားတိုင်မယ်"

ဖွားစွာ​ ဒေါသနှင့်​ လျှောက်ထွက် လာခဲ့သည်။

"ဟင်"

ထိုစဉ်​ မိုး​ပေါက်များ စကျလာသည်။

"မိုး​တွေ မည်းတက် လာပါလား"

ဒေါသ​ကြောင့် သတိမထားမိ​သော ရာသီဥတုကို မိုးစရွာကာမှပင် သတိထားမိ​ တော့သည်။ ​ရွေ့လျားလာ​သော တိမ်ထုကြီးနှင့်အတူ မိုး​ပေါက်များပါ ပါလာသည်။

"ဒုက္ခပဲ။ ဘယ် ဝင်ခိုရပါ့"

"ဘယ်မှ ဝင်ခိုဖို့ မလိုပါဘူးကွာ"

"က​လောက်"

"​ဖျောင်း"

ဘ၏ အသံနှင့်အတူ ထီးက ပွင့်သွားကာ ဖွားစွာအ​ပေါ်​ ဆောင်း​ပေးပြီး ဖြစ်​သွားသည်။

"ဘယ်သွားမလို့လဲ မဖွားစွာ"

"ကျုပ်ဟာကျုပ် ဘယ်သွားသွား ..."

"မိုးရွာ​ နေတယ်​လေ။ ကျုပ်က လိုက်ပို့​ပေးမလို့​ မေးတာပါ။ မင်းတကယ် သွားသင့်တဲ့​ နေရာက​တော့ မင်းရဲ့တိုက်ပဲ မဖွားစွာ။ တို့များ က​လေး​တွေရဲ့ ကိစ္စကို ​အေး​အေး​ဆေး​ဆေး​ ဆွေး​နွေးရ​အောင်လား မဖွားစွာ။ လာပါ။ မိုးများလာရင် နှစ်ယောက်စလုံး စိုကုန်မှာ"

ဖွားစွာ သက်ပြင်းချကာ ပြန်လှည့် လိုက်သည်။

"ထီးက​လေး တစ်ချောင်းတည်းနဲ့ ဆို​တော့ မင်းက ဒီဘက် နည်းနည်းတိုး။ မိုးပက်မယ်"

ဖွားစွာက ဘလက်မှ ထီးကို ယူလိုက်ပြီး

"​ပေး ... မိုးမပက်​အောင် ကျုပ်ဟာကျုပ်​ ဆောင်းသွားမယ်။ ​တော်​ လိုက်ခဲ့​တော့"

ဖွားစွာက ​ရှေ့မှ​ လျှောက်သွားသည်။ ဘသည် မိုး​ရေထဲမှာ ရပ်ကျန်ရင်း ​ကျေ​ကျေနပ်နပ် ပြုံးလိုက်၏။

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 62382.95
ETH 2427.50
USDT 1.00
SBD 2.58