ညှီစို့စို့အနံ့တို့နောက်ကွယ် (၁ဝ)
"ညှီစို့စို့အနံ့တို့နောက်ကွယ်(၁ဝ)"
[NSFW Content: Age Restricted Under 13]
====================
"ညီမလေ . . ညီမလက်ကို လက်ဖျံကနေ ဖြတ်ပစ်ချင်တာ . . အဲဒါလေ ညီမလက်ကို လက်ဖျံအရင်းကနေဖြတ်ပေးလို့ရလားရှင့်"
ကောင်မလေးရဲ့စကားကြောင့် လင်းထက်ယံတစ်ကိုယ်လုံး ကြက်သီးများထသွားပြီးနောက် ဓားကို ကြောင်ကြည့်နေရင်းကမှ ကမ်းထားသောဓားကို ကိုင်လိုက်မိသည်။
ကောင်မလေးက သူ့လက်ကို ဖြတ်ပေးရန် ညာဘက်လက်ကို ဆန့်တန်းပေးလိုက်သည်။
"ဒါတကယ်မဟုတ်ဘူး . . . ဒါတကယ်မဟုတ်ဘူး . . ဒါတကယ်မဟုတ်ဘူး . ."
ဟုပင် တဖွဖွရေရွတ်ပြီးနောက်မှာတော့ ကောင်မလေးရဲ့ လက်ဖျံအရင်းပေါ်ကို ဓားနဲ့တင်ပြီးချိန်ကာ ခုတ်ထစ်ပစ်ရန် ပြင်လိုက်ပါတော့သည်။
ကောင်မလေးကတော့ လင်းထက်ယံကို ပြုံးပြုံးကြီးကြည့်လိုက်ပြီးနောက် -
"ခုတ်ပါတော့လေ . . .ဘာကြည့်နေတာလဲ"
ဟုပြောလိုက်သည်။ လင်းထက်ယံက ကောင်မလေးကို အံ့သြစွာနှင့်ပင်ကြည့်လိုက်ပြီး -
"မင်း . . မင်းမနာဘူးလား . . . မင်းလက်တစ်ခုလုံးကို ငါ ဖြတ်ပစ်ရမှာလေ . . မင်းနာမှာမကြောက်ဘူးလား . ."
ဟုပြောလိုက်သည်။ ထိုကောင်မလေးကတော့ -
"ဟင့်အင်း. . . အမှောင်လောကမှာ နာကျင်တယ်ဆိုတာမရှိဘူး . . . ပြတ်သွားတာပဲမြင်ချင်တာ . . .နာကျင်တယ် . . ငိုတယ်ဆိုတာ အမှောင်စိတ်နဲ့ အလင်းစိတ် ထိခတ်ပြီး ဖြစ်လာတဲ့ ခံစားချက်တွေ"ဟု
ပြောရင်း ပြန်ပြုံးပြလိုက်ပြန်သည်။ လင်းထက်ယံကတော့ ကောင်မလေး၏ လက်ကို ဓားနှင့် ချိန်ပြီးနောက် "ဒုတ်" ခနဲပြတ်အောင် ခုတ်ချလိုက်ပါတော့သည်။
"ဒုတ်" ခနဲခုတ်လိုက်သည့်အသံနှင့်အတူ ပြတ်နေသော လက်ဖျံအရင်းမှတစ်ဆင့် သွေးတို့က ပန်းခနဲပန်းခနဲထွက်လာကာ ကြမ်းပြင်ထက်မှာ သွေးအနီကွက်များ ရဲခနဲဆိုသလို ပင် ဟို တစ်ကွက် သည်တစ်ကွက်နှင့် ပြန့်ကျဲကုန်ကြသည်။ ပြတ်ကျသွားသည့် လက်တစ်ဖက်ကလည်း အကြောတို့က တုန့်ဆိုင်းတုန့်ဆိုင်းပင် ဖြစ်နေလျက်ရှိပြီး တုန်ခါနေမှုသည် အချိန် အတန်ကြာတော့မှ ငြိမ်သွားသည်။
ထိုကာလတစ်လျောက်လုံးမှာ လင်းထက်ယံက ထို လက်ပြတ်ကို အံ့သြစွာကြောင်အမ်းပြီး ကြည့်နေမိသလို ထိုကောင်မလေးကလည်း သူ့ထံမှ မလိုသည့် အစိတ်အပိုင်းတစ်ခု ပြတ်ကျသွားသည့်နှယ် ပြုံးပြုံးကြီးကြည့်နေမိသည်။
ကျန်ခဲ့သည့် လက်တစ်ပိုင်းမှလည်း သွေးစများက စီးဆင်းကာ တံတောင်ဆစ်အရင်းသို့ စီးကျလာနေကာ ထိုကောင်မလေးက ထိုသွေးစများကို ပါးနှင့်ပွတ်လိုက်ပြီးနောက် -
"ဟူး . . .လွတ်လပ်မှုရဲ့အရသာဆိုတာ ဒါပဲထင်တယ် . . ဒီလက်က ညီမကို ဒုက္ခပေးနေတာ အချိန်အတော်ကြာခဲ့ပါပြီ . . ."
ဟု သက်သာစွာပင်ပြောလိုက်သည်။
"မင်း . . .မင်း သွေးထွက်လွန်ပြီးသေသွားမယ်နော် . . ဘယ်လိုလုပ်မှာလဲ . . ."
လင်းထက်ယံ၏ အပြောကို ကောင်မလေးက "အဟက်" ခနဲအသံမြည်အောင် ဟားတိုက်လိုက်ပြီးနော် -
"အစ်ကိုကလည်း အစ်ကို ဘယ်သိမှာလဲ . . . ညီမက မြင့်မြတ်တဲ့အမျိုးနွယ်လေ . . ညီမမသေဘူး . . . "
ဟုပြောလိုက်ရာ လင်းထက်ယံရဲ့စိတ်ထဲမှာတော့ ဆိုက်ကိုဝင်နေတဲ့ ကလေးမပဲ ဟုသာ မှတ်ချက်ချမိလိုက်ပြီး -
"ကဲ . . ပြောစမ်းပါဦး . . မင်းက မြင့်မြတ်တဲ့ မျိုးနွယ်ဆို ဘာလို့ အခုလို အမှောင်ကမ္ဘာထဲကို ရောက်နေရတာလဲ . . ."
ဟုခနဲ့တဲ့တဲ့ ပြန်မေးလိုက်သည်။
"အမှောင်ကမ္ဘာ . . . မြင့်မြတ်တဲ့အနွယ် . . ."
ထိုသို့ အေးစက်ခြောက်ကပ်စွာပြောလိုက်ရင်း ကောင်မလေးကတော့ သွေးအေးစွာပင် စောင်းရွဲ့ကာ ရွဲ့ပြုံးလေး ပြုံးလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
"ညီမက မြင့်မြတ်တဲ့ အနွယ်ကပါ . . . . ဒါပေမယ့် . . ဒါပေမယ့် ညီမတို့ရဲ့ မြင့်မြတ်မှုဟာ ဘုရားအလိုနဲ့ ဆန့်ကျင်နေတဲ့အတွက် မြင့်မြတ်တဲ့ အပြစ်နဲ့ အမှောင်ထုထဲ ပစ်သွင်းခြင်းခံထားရတာပါ . ."
ကောင်မလေးရဲ့ စကားကြောင့် လင်းထက်ယံမှာ ဒီကောင်မလေး လက်ပြတ်နေတာပါလားဆိုတာကိုတောင် မေ့ချင်ချင်ဖြစ်ကာ ရယ်ချင်မိသွားပြီး -
"အဟား . .မင်းဟာက အဆန်းပါလားကွ . . . ဘယ့်နှယ် . . . ဘုရားအလိုနဲ့ဆန့်ကျင်ရတဲ့ မြင့်မြတ်မှု ဟုတ်လား . . . ဘုရားအလိုနဲ့ ဆန့်ကျင်တယ်ဆိုကတည်းက မင်းဟာက မကောင်းဆိုဝါး ဗီလိန်ဖြစ်နေပြီလေ. . ."
ဟု ပြောလိုက်သည်။ ကောင်မလေးကတော့ နည်းနည်းဒေါသ ထွက်သွားသယောင်နှင့် သူ့အောက်နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီးနောက် -
"အဟင်း . . .ခစ်ခစ်ခစ်ခစ် . .ရှင်ကရယ်ရတယ်နော် . . . ဒီလောကကြီးမှာ ဘုရားအလိုကို ဆန့်ကျင်တယ်လို့ဆိုတိုင်း ဗီလိန်ဖြစ်သွားတယ်လို့ ဘယ်သူကပြောလဲ . . . . အဟား . .
လူတွေက ဒီလိုပါပဲလေ . . . ရှင့်ကောင်မလေးကိုယ်တိုင်က ဘာလဲဆိုတာ ရှင်မသိခင်ထိ ကျွန်မကို ဒီလိုလှောင်ပြုံးပြုံးထားပေါ့ . . ဟားဟားဟားဟား . . . ဟားဟားဟားဟား"
ဟုသာပြောရင်းနှင့် ရယ်လျက်ပင်ထွက်သွားပါတော့သည်။ ကောင်မလေးရဲ့ ပုံရိပ်မှာလည်း နောက်ဆုံးမှာတော့ မီးခိုးငွေ့များကြားထဲမှာ ဝိုးတဝါးပင်ပျောက်ကွယ်သွားပြီးနောက် ကြမ်းပြင်မှာတော့ လက်ပြတ်တစ်ချောင်းနှင့် သွေးကွက်များသာ ကျန်ခဲ့ပါတော့သည်။
ပြီးတော့ -
"ရှင့်ကောင်မလေးကိုယ်တိုင်က ဘာလဲဆိုတာ ရှင်မသိခင်ထိ ကျွန်မကို ဒီလိုလှောင်ပြုံးပြုံးထားပေါ့"
ဆိုသော ကောင်မလေး၏ စကားသံကြီးက လင်းထက်ယံရဲ့ ရင်ထဲမှာ လေးပင်စွာပင် ကျန်ခဲ့ပါတော့သည်။
သီရိကဘာလဲ . . . သီရိသတ်သေမှုရဲ့နောက်ကွယ်မှာ ဘာတွေများရှိနေနိုငိမလဲ . . . .
နောက်တစ်ခုက သူအမှောင်ကမ္ဘာထဲကနေ ဘယ်လိုဆက်ပြီးရုန်းထွက်နိုင်မှာလဲ . . .။
အတွေးပေါင်းသောင်းခြောက်ထောင်နှင့် မွန်းကြပ်နေရင်း ဆက်လျှောက်လာမိတော့ သူလျှောက်လာတဲ့ လမ်းလေးတစ်လျှောက်မှာ ပန်းရောင်လိုလို ဆေးပြားသေးသေးလေးတွေ ပြန့်ကျဲလျက်ရှိနေလေသည်။ သေချာကြည့်မိလိုက်တော့ စိတ်ကို တက်ကြွစေသည့် . . . မြန်မာနိုင်ငံတွင် တားမြစ်ဆေးအဖြစ်သတ်မှတ်ထားသည့် WY ဆေးပြားလေးများပင်ဖြစ်နေပါတော့သည်။
လင်းထက်ယံက ဆေးပြားလေးများနောက်ကို ဆက်ပြီးလျှောက်လာတော့ ရေသန့်ဘူး ပဲနို့ဘူးတွင်ပါသည့် ပိုက်နှင့်အတူ WY ပါသည့် ဆေးအိတ်အသေးလေးကိုတွေ့လိုက်ရပါတော့သည်။ ထို့နောက်တွင်တော့ လူကြီးတစ်ယောက်ထပ်ရောက်လာပြီးနောက် -
"ကျွတ် . . . ခဲပတ်ဘယ်ရောက်သွားလဲမသိဘူးကွာ . . . အမှောင်ကမ္ဘာ စီးကရက်တွေပေါနေတာကို စီးကရက် ခဲပတ်အပြားဒီလောက်ရှားရလား . . "
ဟု ညည်းတွားလာသည်။ လင်းထက်ယံက ထိုလူကြီးကို လှမ်းကြည့်လိုက်ပြီးနောက် -
"ဦးလေးရေ . . . စီးကရက်ဘူးကပါတဲ့ ခဲပတ်ပြားရှာမရရင် အိုးဖာတိတ်ကို စမ်းသုံးကြည့်ပါလားဗျ . . ."
ဟုသာပြောလိုက်သည်။ ထိုလူကြီးမှာ လင်းထက်ယံကို ကြည့်လိုက်ပြီး နောက် အထိတ်တလန့်နှင့် -
"ဟာ . . . မင်း . . .မင်း . မင်း လင်းထက်ယံ မဟုတ်လား . . "
ဟုပြောလိုက်သည်။
လင်းထက်ယံက ထိုဦးလေးကြီးကိုကြည့်ကာ -
"ဟာ ခင်ဗျား . . . ခင်ဗျား ကျုပ်ကို ဘယ်လိုသိတာလဲ . . . "
ဟု အလန့်တကြားပြောလိုက်သည်။ ထိုလူကြီး၏ သိကျွမ်းမှုက သူ့ကို အမှောင်ကမ္ဘာအပြင်ဘက်သို့လည်း ခေါ်ထုတ်သွားနိုင်သည်လေ။
အမှောင်ကမ္ဘာက ထွက်သွားနိုင်အောင် ကူညီနိုင်သည့် တစ်ခုတည်းသော အားကိုးရာမြက်ပင်ဆိုသည်မှာ ထိုဦးလေးကြီးပင် ရှိနိုင်မလားမသိတာကြောင့် ထိုဦးလေးကြီးအား လင်းထက်ယံ အားကိုးတကြီးနှင့်ပင် အားကိုးလိုက်မိပါတော့သည်။
အပိုင်း (၁၁) ဆက်ရန်
Own Feeling @ 2018 by
@AuroKarshine
ဓားပြတ် မပြတ် စမ်းကြည့်တာထင်တယ် ပုံက 😂
You do not want to face the wrath of my bunghole!!
that's funny.