အချစ်ဆူး
နှစ်တစ်ရာကြာ မမေ့သာလို့
ဆိုခဲ့လေဖူး ငယ်ချစ်ဦးကို..
ပြန်လည်တွေ့မြင် ဆုံခဲ့စဉ်က
မျှော်ရှာလွမ်းသမျှ အတိုးချ၍..
စကားနှောင်ကြိုး ရစ်ဖွဲ့တိုးလျက်
ကုန်ဟောင်းပြက္ခဒိန် မှေးမိန်မိန်လည်း...
ဆေးသားတောက်ပြောင် အသစ်ဆောင်ခဲ့။
နာရီလည်ပတ် တချက်ချက်နှင့်
မရပ်မနား လွန်လှုပ်ရှားလည်း
နှလုံးသားထက် ကျော်မတက်ခဲ့။
စည်းချက်မှန်မှန် တီးခတ်သံတို့
သံစုံတေးလှ ပေါ်လွင်စမှာ
တောင်စွယ်နေလုံး မေးတင်ဆုံးပြီ
အိုကွဲ့ မျက်ရည် ဖြေမဆည်။
မြို့ပြရဲ့ ငှက်တွေက
စကားဝှက်သုံးပြီးအိပ်တန်းပျံ။
ရင်ခုန်သံမနက်စာဟာ
ဗီတာမင်အရိုးတွေနဲ့ ထုဆစ်ရင်း
ဆားငန်ဓာတ်တွေနဲ့ 
ပျက်စီးခဲ့ရတဲ့
နာဂစ်ရဲ့ မျိုးဆက်သစ်ဟာ
ဒီတစ်သက်တိုးတက်ရစ်ပါဦးမလား။
ဝေဝေဝါးဝါးတွေနဲ့ 
ထွေခင်းပြီးမကစားတတ်တဲ့အရွယ်
ကြယ်စင်တွေလဲလမ်းမပြနိုင်ခဲ့ဘူး။
ချမ်းချမ်းအေးအေးဆိုတာ
အလွမ်းအဆွေးတစ်ခုလိုရုပ်ရှင်ထဲမှာပာဘဲ
ဘာကိုမှစွဲစွဲမြဲမြဲထားလို့ မှမရတာ
ဖွင့်ပြီးရင်ပြန်ပိတ်ရတဲ့ပြတင်းပေါက်တောင်
အိပ်လို့ မရအောင်မိုးခြိမ်းသံကဟောက်တော့
အထိတ်တလန့် အက်ကြောင်းတွေနဲ့ 
နံရံတွေရဲ့တစ်ဘက်မှာ
တိုးတိတ်စွာကြေကွဲလျက်ပေါ့။
အမှောင်ထဲ ကသစ်ရွက်တွေ
တဖြုတ်ဖြုတ်ကြွေနေတာ
ဘယ်သူများကိုယ်ချင်းစာနာတတ်လို့ ။
အနေကစုတ်ပေမယ့်
ရွှေထုတ်တဲ့မြပုဝါတော့လိုချင်မိသေး။
ပြောရင်းဆိုရင်း
မိုးမင်းကအကြွေးတောင်းဖို့လာချေပြီ
ဒီညအသေသတ်မယ့်အနောက်တောင်လေက
ဆောင်ကြာမြိုင်တစ်ခုလုံးကို
တပြုံးပြုံးနဲ့ ထစ်ချုန်းမိုးရွာဖို့ 
မြို့ ပြငှက်တွေရဲ့ နှလုံးသားကို
သိမ်းကျုံးလို့ ယူသွားပြီ။