ထွန်းတောက်သမီးသို့ပေးစာများ(၁၁ မှ ၁၅ အထိ)
" ထွန်းတောက်သမီးသို့ - ပေးစာ " ( ၁၁ )
မိုးအချိန်အခါရာသီရဲ့ ဖေးမ မှုကြောင့်
ရွက်သစ်လည်းဝေ ပန်းလည်းဝေခဲ့ပေါ့
ကျေးငှက်သာရကာတို့ အသံတစ်စာစာနဲ့လည်း
သာယာခဲ့ဖူးတယ်လေ -
" အဲဒီသစ်ခြောက်ပင်ကြီးကိုကြည့်စမ်းပါမိကြယ်စင် "
ဒီနွေအခါ မျက်နှာစာမပေးလေတော့
ချည့်လျော့တဲ့ကိုင်းခက်မှ သစ်ရွက်တွေကြွေလွင့်ကုန်တာ
သူလေ သူ နာကျင်နေမှာပဲနှော် -
အဖူးအပွင့်မဆိုလေနှင့် အရွက်သော်မျှမရှိလေတော့
ပင်အိုတစ်ထောက် နားရုံလောက်လွဲလို့
ဘယ်ငှက်အမြဲ နေပါ့မလဲ -
ရေစက်ကံကြမ္မာရဲ့ ဖန်လာမှုကြောင့်
အချစ်လည်းဝေ မေတ္တာလည်းဝေခဲ့ပေါ့
ချစ်တေးသံသာ အကြင်နာတွေနဲ့လည်း
ပျော်ရွှင်ဖူးတယ်လေ -
သံယောဇဉ်နှောင်ကြိုးနဲ့ ဇွတ်တိုးနေမိတဲ့
ကိုယ့်ဘဝကိုလည်း မြင်လှည့်စမ်းပါမိကြယ်စင်
ဘဝဇာတ်ခုံ ကကြိုးစုံခဲ့လေတော့
ကိုယ်နဲ့မိကြယ်စင် မခွဲချင်ဘဲဝေးခဲ့ရပြီလေ
" အနေဝေးလို့သွေးအေးတယ် " ဆိုတာကြောင့်
ဒီလောကဓံလှိုင်းမြင့် နောက်တစ်ဆင့်ပုတ်ခတ်ကာ
မိကြယ်စင်သွေဖီစိမ်းလို့ ကိုယ့်ကိုတိမ်းပြေးရင်ဖြင့်
ရွက်သစ်လည်းပျောက် ငှက်လည်းပျောက်တဲ့
သစ်ခြောက်ပင်ကြီးလို ကိုယ့်ဘဝဟာလည်းပဲ
ဝေးလို့လည်းလွမ်း ပြေးလည်းလွမ်းနဲ့
နှစ်ထပ်ကွမ်းအလွမ်းသမားတော့
ကိုယ်မဖြစ်ပါရစေနဲ့ မိကြယ်စင် ------
ရိုစင်နောင်
" ထွန်းတောက်သမီးသို့ - ပေးစာ " ( ၁၂ )
ရင်ထဲမှာတေးမှတ်ထားရတဲ့
ဝေးကွာမှုလမ်းထိပ်က နေ့ရက်တွေ -
အဆင်မပြေမှုများစွာကို သက်ရောက်စေတဲ့
လောကရဲ့ အယောင်ဆောင်အပြုအမူတွေ -
ယုံကြည်မှုတွေအံလွဲလို့ ဆန့်ကျင်သွားတဲ့
သဘောထားတွေ -
ဒါတွေအားလုံး အရာအားလုံးကိုပေါ့
ကိုယ်သာ ဆွဲဖြဲစွန့်ပစ်ခွင့်ရှိမယ်ဆိုရင်
ငြိုငြင်စရာအဖြစ်တွေ ကုန်ဆုံးတဲ့အထိ
ကိုယ့်ဘဝထဲကနေ တစ်လွှာချင်းစီ
ဆွဲခွါနေမိမှာ အမှန်ပဲမိကြယ်စင် -
စိတ်မချမ်းမြေ့စရာ နာကျင်မှုက
လူတစ်ယောက်ကို ခြေစုံရိုက်ခံရသလိုပါပဲ
အသနားခံရလောက်အောင် အပြစ်မရှိသည့်တိုင်
ကိုယ်ဒူးထောက်နေတုန်းလေ
အလွဲဆုံးပုံပြင်တစ်ပုဒ်သာဖြစ်ခဲ့လည်း
ဒီပုံပြင်ရဲ့မလွဲခင်အချိန်ထိတော့
မင်းတစ်ယောက် တန်ဖိုးထားပေးပါ။
လမိုက်ညရဲ့သန်းခေါင်ယံအချိန်မှာ
နာကျင်စွာထိုးခဲ့တဲ့ ငှက်ဆိုးရဲ့အသံ
ကိုယ့်အတွက် အထီးကျန်မှုတွေပိုခံစားရသလို
တစ်ဖြေးဖြေးဝေးကွာခြင်းနဲ့အဆုံးသတ်ခဲ့ရင်ဖြင့်
ကိုယ့်အသက်ဆက်ဖို့တောင်မှ
မရေရာတော့ဘူး မိကြယ်စင်ရယ် -------
ရိုစင်နောင်
" ထွန်းတောက်သမီးသို့ - ပေးစာ " ( ၁၃ )
" လင်းရောင်ဖြာဆင်း
လမင်းလာသော်
လှိုင်းကွက်ကွန့်ဖော်
ပင်လယ် အော်သတဲ့ "
ကြယ်ရောင်မလင်း လမင်းမသာတဲ့ညတွေမှာ
တိတ်တဆိတ်ကြေကွဲသံတွေနဲ့အတူ
ပင်လယ်ကြီးခံစားရပေမယ့် -
ငွေလမင်းရဲ့ခြေသံသဲ့သဲ့လေးကိုကြားရချိန်
ဝမ်းသာအာလဲနဲ့ ပင်လည်ကြီးဆီးကြိုနေတာကို
ငွေလမင်း သိနိုင်ပါ့မလား ?
လမင်းသာလည်း ဒီအလွမ်းတွေမဖြေသာခဲ့လေတော့
လ ဝင်ညဥ့်နက်လို့ လွမ်းရည်တွေရှည်ခဲ့တဲ့
ကိုယ့်ဘဝရဲ့ ဝဋ်ကြွေးတစ်ပိုင်းနဲ့နေ့ညတွေဟာ
ကြယ်ပျောက်ရှာတဲ့ တိမ်ဇာတ်လမ်းလိုပဲမိကြယ်စင်
ဒီအလွမ်းသံသရာတကျောကနေ
ထွက်လျှောက်ရာတံခါးပေါက် ကမ်းမမြောက်ချင်နေပါ
မင်းမရှိတဲ့အချိန်ကာလကို အားခဲကာကုန်စေရင်းနဲ့
မင်းလာမယ့်လာလမ်းမှာ ကိုယ်မျှော်နေပါတယ်။
လမင်းကိုပင်လယ်ကြိုသလို
ဆူညံပေါက်ကွဲသံတွေနဲ့အတူ
ပင်လယ်ကြီးလောက်အသံမကျယ်ခဲ့ရင်တောင်မှ
" မင်းကိုအရမ်းချစ်တယ် " ဆိုတာလောက်တော့
ကိုယ်အော်နိုင်မှာပါ မိကြယ်စင်ရယ် -----
ရိုစင်နောင်
" ထွန်းတောက်သမီးသို့ - ပေးစာ " ( ၁၄ )
တစ်ယောက်တည်း
ကြိတ်မှိတ် မျိုသိပ်လာခဲ့ပေမယ့် -
မအောင့်နိုင်တော့တဲ့ အဆုံး
ကိုယ့်ရင်ထဲက ဒဏ်ရာတွေကို
ကိုယ် ထွေးအန်ပစ်ချင်တယ်။
တကယ် အလွမ်းကြောင့်ဖြစ်လာတဲ့
ဆွေးမြေ့မှုတွေကို
အသွင်တူ ဝေဒနာသည်ကလွဲရင်
ဘယ်သူမှ နားမလည်ဘူးလေ။
" မပိုင်ဆိုင်ရသူအတွက်
အချစ်နဲ့ အခွင့်အရေးဟာ
နာကျင်မှုတွေပဲ ပေးတတ်တာ
ကိုယ် သိထားတယ် "
အဆုံးသတ်ကို အသေအချာ
ဝေခွဲလို့မရသေးပေမယ့် -
ဒဏ်ရာတွေ ဗလပွနဲ့
ကျန်ခဲ့ရမှာလည်း ကိုယ်မဝံ့ရဲဘူး။
မင်းဘဝ သာယာဖြောင့်ဖြူးဖို့
ကိုယ်ပေးဆပ်နိုင်တဲ့ အရာတွေထဲမှာ
" ကိုယ့်ကို ထားခဲ့ပါ " ဆိုတဲ့
အားနွဲ့သူခေါင်းစဉ်ကြီးတော့
ကိုယ် မထည့်ချင်ဘူးကွာ
သေချာတဲ့ ကတိတစ်ခုတော့
ကိုယ်ပေးနိုင်တယ် မိကြယ်စင်
" မင်းနဲ့ခွဲရမှာကလွဲရင် ကိုယ်ဘာမဆိုလုပ်မယ် "
ရိုစင်နောင်
" ထွန်းတောက်သမီးသို့ - ပေးစာ " ( ၁၅ )
ပြောပြမယ်နှော် မိကြယ်စင်
ရာသက်ပန် မကုန်ဆုံးတဲ့အလွမ်းတွေကြားမှာ
" ဘဝက မပြည့်စုံ
အရာရာ နုံချာလွန်းတဲ့
အိမ်ခြေရာမဲ့ တစ်ယောက်ရဲ့
ခံစားချက်မျိုးနဲ့လည်း ကိုယ်လွမ်းခဲ့ဖူးတယ် "
" ဓနအလွှာ ဂုဏ်တင့်ပေမယ့် -
အချစ်မေတ္တာဘုံ ပျက်လေတော့
ယမကာအစုံ ယစ်ကာဖြင့်
အနေခက်တဲ့ သူဌေးသားလိုလည်း
ကိုယ် လွမ်းခဲ့ဖူးတယ် "
" မီးရောင်စုံတွေ ထိန်ထိန်ညီးလို့
တစ်ကိုယ်တည်းရှိသည့်ပမာနှယ်
' ဘယ်သို့ဘယ်ဝယ်မြန်းလေတယ် ' လို့
မခို့တရို့ ချပ်သွင်းစကားနဲ့
ဇာတ်မင်းသားလိုလည်း
ကိုယ် လွမ်းခဲ့ဖူးတယ် "
" ထီးတော်မိုးကျွန်မျိုးများစွာ ပိုင်ဆိုင်ပါလည်း
တိုင်းခန်းပြည်ရွာ လှည့်လည်ပါလို့
ဥမ္မာဒန္တီကို ခဏတာတွေ့
မေ့လို့မရတဲ့ သိဝီလိုလည်း
ကိုယ် လွမ်းခဲ့ဖူးတယ် "
" အသံချီ အနိမ့်အမြင့်
အလိမ့်အဆင့်နဲ့ ဟစ်ကာ
အချက်အချာနဲ့ ဆိုနိပ်တဲ့
ဘိက်သိတ်မင်းသားလိုလည်း
ကိုယ် လွမ်းခဲ့ဖူးတယ် "
ဘယ်လိုပဲလွမ်းလွမ်း
ဒီအလွမ်းများစွာ မစွန့်ခွါနိုင်သရွေ့တော့
ကိုယ် လွမ်းနေရဦးမှာပဲ မိကြယ်စင်ရယ် ----
ရိုစင်နောင်